ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၁၈ စည်ပင်ဥပဒေအရ ပလက်ဖောင်းပေါ် စျေးဆိုင် မတည်ရလို့ ပြဋ္ဌာန်းထား
ရန်ကုန်မြို့လယ်က လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ ငါးပေပတ်လည် စျေးဆိုင်ခန်းတွေကို စည်ပင်က တည်ဆောက် ငှားရမ်းသွားမယ်လို့ သြဂုတ်လ ၁၉ရက်နေ့ က ကျင်းပတဲ့ ရန်ကုန် စည်ပင် သတင်းစာ ရှင်းလင်းပွဲမှာ မြို့တော်၀န် ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။
ပလက်ဖောင်းပေါ် ဆိုင်ခန်းဆောက်မယ့် ကိစ္စ စည်ပင် ဘာပြောလဲ
ဘတ်စ်ကားစီး ခရီးသွားတွေ အနေနဲ့ Electronic Card တွေနဲ့ စီးနိုင်အောင် လုပ်ပေးဖို့ စီစဉ်ထားချက် အရ ခရီးသွားတွေ ဒါမျိုးကတ်တွေ အလွယ်တကူ ၀ယ်ယူလို့ ရနိုင်အောင် နဲ့ ဆိုင်ခန်း ဖွင့်ပြီးရင် ဒီဆိုင်ခန်းတွေ တဝိုက် ကြက်ခြေနီလို ၊ ကင်းထောက်လို လူငယ်တွေကို သန့်ရှင်းရေး ဝန်ဆောင်မှု လုပ်ခိုင်းဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၀င် ဒေါ်မေမေသွယ်က ပြောပါတယ်။
ကင်းထောက် နဲ့ ကြက်ခြေနီ လူငယ်တွေ အနေနဲ့ လူမှုရေး လုပ်ချင် ကိုင်ချင်စိတ် ရှိအောင် လုပ်ခိုင်းမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
တခန်းကို သိန်း၂၀လောက် ကျမယ့် ဒီဆိုင်ခန်းတွေကို လုပ်ချင်တဲ့ လူက အရင်းအနှီး စိုက်ထုတ် လုပ်ကိုင်တာသော်လည်းကောင်း ၊ သူတို့ဘာသာ သတ်မှတ် ပုံစံ အတိုင်း ဆောက်လုပ်တာမျိုး သော်လည်းကောင်း ၊ YCDC ကဆောက်ပြီးသားကို ပုဂ္ဂလိက က ပြန်ယူတာမျိုးသော် လည်းကောင်း ၊ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဲဒီဆိုင်တွေမှာတော့ ဆေးလိပ်နဲ့ ကွမ်း ရောင်းခွင့် ပေးမှာ မဟုတ်ဘဲ မုန့်အချိုအချဉ် လိုမျိုး ၊ ဂျာနယ်တွေ ရောင်းချင်လည်း ရောင်းလို့ ရတယ် ဆိုတဲ့ စိတ်ကူးနဲ့ စလုပ်ခဲ့တာလို့ ဒေါ်မေမေသွယ်က ရှင်းပြပါတယ်။
ဒီအစီအစဉ်ကို ဘယ်သူများ စိတ်၀င်စားမလဲ ဆိုပြီး လွန်ခဲ့တဲ့ ၃လလောက်တုန်းက တင်ဒါခေါ်ခဲ့ဖူးပေမယ့် ဘယ်သူကမှ စိတ်၀င်စားမှု မပြတော့ ၊ ကိုယ့်ဘာသာကိုယ် ဖြစ်အောင်လည်း လုပ်ချင်တဲ့ အတွက် ၊ ဒါမျိုး ပြန်စီစဉ် နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လူထု ဆန္ဒ ခံယူတဲ့ အနေနဲ့ သဘောထား စစ်တမ်း ကောက်ယူမှုမျိုး မလုပ်ခဲ့ဖူး ပေမယ့် ဘတ်စ်ကားစီး ခရီးသည်တွေ အဆင်ပြေဖို့နဲ့ လူငယ်တွေ အလုပ်အကိုင် ရဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တဲ့ အတွက် စမ်းသပ် လုပ်ဆောင်ကြည့်ရမှာပဲ လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၀င် ဒေါ်မေမေသွယ်က ပြောပါတယ်။
အရင် အစိုးရ လက်ထက် တုန်းကလည်း ပြန်ကြားရေး ၀န်ကြီး ဌာန အစီအစဉ်နဲ့ Book Corner လိုမျိုး မြို့လယ်မှာ အပြာရောင် ဆေးသုတ် ဆိုင်ခန်းလေးတွေ တည်ဆောက် ခဲ့ဖူးပေမယ့် အခုတော့ ဒီဆိုင်တွေကို ဖယ်ရှားသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။
ရှေ့က လုပ်ခဲ့ဖူးသူတွေ မအောင်မြင်ပေမယ့် အခုတော့ ပြည်သူအတွက် ရည်ရွယ် လုပ်တာမို့ အောင်မြင်မယ်ထင်ကြောင်း နဲ့ ဒါကို စမ်းသပ် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် တကယ် လက်တွေ့ လုပ်ဆောင် ကြည့်တဲ့ အခါမှာ ဖြစ်လာတဲ့ ပြဿနာပေါ် အခြေခံပြီး ဖြေရှင်း သွားမှာ ဖြစ်တယ် ၊ ကိုယ်တိုင် တာ၀န်ယူထားတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး အောင်မြင်အောင် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ် လို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၀င် ဒေါ်မေမေသွယ်က ပြောပါတယ်။
ရန်ကုန်တိုင်း လွှတ်တော် အမတ်တွေရဲ့ တုန့်ပြန်ချက်
၂၀၁၈ စည်ပင် ဥပဒေ အရ 'မည်သူမျှ ဒီမြို့တော် နယ်နိမိတ်ရဲ့ အင်္ဂါရပ် ပလက်ဖောင်းတွေမှာ စျေးဆိုင်တွေ မရှိရဘူး လို့ ပြဋ္ဌာန်း ထားပြီးသားပါ ၊ စည်ပင် သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက် မရဘဲ စျေးဆိုင် ဆောက်လုပ်ခွင့် စျေးရောင်းခွင့် ကျူးကျော်ခွင့် မရှိရလို့ ဖော်ပြထားတယ်'လို့ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
တကယ်တော့ ရန်ကုန်က ပလက်ဖောင်းတွေဟာ ငါးပေတောင် မကျယ်ဘဲ ဘတ်စ်ကား စီးသူတွေက တိုးဝှေ့ ပြွတ်သိတ်ပြီး ဘတ်စကား စောင့်နေရတာ၊ သက်တောင့် သက်သာ မရှိဘဲ ဖြစ်နေတာ၊ အဲဒီလို နေရာမှာ ဒီလို ဆိုင်ခန်းတွေက ထပ်မံ နေရာယူလာရင် လူထု အတွက် အဆင်မပြေဘူးလို့ ဒေါ်စန္ဒာမင်းက ရှင်းပြပါတယ်။
ရန်ကုန်တိုင်း စည်ပင် အနေနဲ့ တခြားနိုင်ငံတွေမှာ ဒီလို လုပ်သလား ဆိုတာမျိုး ကြည့်သင့်ကြောင်း၊ လူထု သက်တောင့် သက်သာ ရှိအောင် ၊ ဘတ်စ်ကား ပေါ် အဆင်ပြေ ချောမောစွာ တက်နိုင်အောင် လုပ်ပေး ပါလို့ ရန်ကုန်တိုင်း လွှတ်တော်မှာ ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ဖူးကြောင်း ၊ သူများ တိုင်းပြည်တွေမှာ စည်းကမ်းတကျ ဘယ်လို ဘတ်စ်ကားပေါ် တက်သလဲ ၊ လူတွေက အဆင်ပြေပြေနဲ့ ဘတ်စ်ကားဂိတ် တွေမှာ ဘတ်စ်ကား ဘယ်လိုမျိုး စောင့်လို့ ရသလဲ ဆိုတာမျိုးကို လုပ်ပေးစေချင်ကြောင်း ၊ ဒီလို မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းတွေ ဘတ်စ်ကားဂိတ်နားမှာ လာလုပ်တယ် ဆိုတာမျိုးက မလိုအပ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် အမတ်က ထောက်ပြထားပါတယ်။
လက်ရှိ ပလက်ဖောင်းတွေက နေရာ အကျယ်ကြီးလည်း မဟုတ်ဘဲ အခုတောင် တရားမ၀င် ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေ ၊ အချဉ်ပေါင်းသည်တွေနဲ့ ပလက်ဖောင်းပေါ် ရပ်မရလို့ ဘတ်စ်ကားစီး ခရီးသွားတွေဟာ လမ်းမပေါ် ရပ်ပြီး ဘတ်စ်ကား စောင့်နေရတဲ့ အခြေအနေမှာ ဆိုင်တွေ လာဆောက်မှာကို လက်မခံနိုင်ဘူးလို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ဒါ့အပြင် ဘတ်စ်ကားဂိတ်တွေ ဆောက်ပေးထားပေမယ့် ဘတ်စ်ကားဂိတ် အလယ်တည့်တည့်မှာ ကြော်ငြာ ဆိုင်းဘုတ်တွေကို လာထောင်ထားတာကို ကန့်ကွက်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်မှာ အမတ် တယောက်က တင်ပြခဲ့ပေမယ့် ဒါကို ရန်ကုန် စည်ပင်က လက်မခံဘဲ စီးပွားရေး လုပ်ငန်းရှင်ဖက်က လိုက်ပြီး ကြော်ငြာ ဆိုင်းဘုတ်တွေကို ကပ်ထားတယ်လို့ သူက ဆိုပါတယ်။
အခုလည်း ပလက်ဖောင်းပေါ်မှာ စျေးဆိုင် ဆောက်တယ် ဆိုရင် ၂၀၁၈ စည်ပင် ဥပဒေမှာ မလုပ်ရဘူးလို့ ပြဋ္ဌာန်း ထားတာ ဖြစ်တဲ့ အတွက် စည်ပင်ကိုယ်တိုင်က ကိုယ်ပြဋ္ဌာန်း ထားတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင်က ချိုးဖောက် သလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
တကယ်လို့ ဘတ်စ်ကားစီး ခရီးသွားတွေ အတွက် အဆင်ပြေ လွယ်ကူမယ် ဆိုရင် လက်ခံပေးနိုင်ပေမယ့် အခု ကိစ္စက လူထု အနေနဲ့ သက်တောင့်သက်သာ မဖြစ်တဲ့ အတွက် ဒါမျိုးကို လွှတ်တော် အမတ်တွေ အနေနဲ့ ခွင့်ပြုစရာ အကြောင်းမရှိဘူးလို့ သူက ဆိုပါတယ်။
မြို့တော်၀န်ရဲ့ လုပ်ရပ်ကို သဘောမကျဘူး ဆိုရင် လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ဒုမြို့တော်ဝန် အနေနဲ့ လူထုဖက်က လိုက်ပါ ဆောင်ရွယ်ဖို့ လိုတယ်လို့ သူက ထောက်ပြထားပါတယ်။
ဘတ်စ်ကားခ ကြိုတင် ငွေဖြည့်ကတ်တွေ ၊ ငွေ အကြွေ လဲဖို့ ဆိုတဲ့ ကိစ္စတွေဟာ ကွမ်းယာဆိုင် တခုခု ဒါမှမဟုတ် 7/11 လို ဆိုင်တွေမှာ လဲလှယ် ၀ယ်ယူ နိုင်အောင် လုပ်ပေးသင့်တယ်လို့ သူက ဆိုပါတယ်။
အရင် အတွေ့အကြုံတွေ အရ ကျောင်းတွေနားက ဆိုင်ခန်း တခန်း ကျပ်သိန်း၂၀ ကျတဲ့ သက်သာဆိုင်တွေ လုပ်ခဲ့ဖူးပေမယ့် သိန်းချီ ရင်းထားတဲ့ ဆိုင်ခန်းရှင်တွေက သူတို့ကို ဖယ်ခိုင်းတဲ့ အခါကျရင် အရမ်း ပြဿနာ တက်လေ့ရှိကြောင်း ၊ သူတို့ အများကြီး ရင်းထားရတဲ့ အတွက် ဒါမျိုးတွေက နောင်တချိန်မှာ အများကြီး ပြဿနာ တက်နိုင်ကြောင်း ၊ ရှေ့ဆက် အုပ်ချုပ်ရမယ့် သက်တမ်းက တနှစ်ခွဲဘဲ ကျန်တော့တဲ့ အချိန်မှာ ဘာဖြစ်လို့ နောင် ပြဿနာ တက်နိုင်တဲ့ ကိစ္စမျိုးကို ဖန်တီးချင်ရတာလဲလို့ ရန်ကုန်တိုင်း လွှတ်တော်အမတ် က မေးခွန်း ထုတ်လိုက်ပါတယ်။
ဒါမျိုးကို ဆက်လုပ်မယ် ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကတော့ ပြည်သူဖက်က စဉ်းစား ထောက်ပြပေးမှာသာ ဖြစ်တယ် ၊ ဒါက ကျွန်မတို့ တာဝန်ဖြစ်ပြီး လိုက်လုပ်ခြင်း မလုပ်ခြင်း ကတော့ ရန်ကုန် စည်ပင် ရဲ့ တာ၀န်သာ ဖြစ်တယ် ၊ ပြည်သူ လူထု မျက်နှာကို မကြည့်ဘဲ လူထု လက်မခံနိုင်တဲ့ အရာ ကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ပေမယ့် လိုက်မလုပ်ရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ၊ ကိုယ့်သမိုင်း ကိုယ်ရေးသွားလိမ့််လို့ ဒေါ်စန္ဒာမင်းက သတိပေးထားပါတယ်။
ဆင်းရဲသားတွေ လုပ်ကိုင်နေနဲ့ လမ်းဘေး စျေးဆိုင်တွေကိုတော့ လိုက်ဖျက် ၊ အမိုးအဖီတွေ လိုက်ဖျက်နေချိန်မှာ ဘာကြောင့် ဒီလို ဥပဒေနဲ့ မညီတဲ့ ပလက်ဖောင်း စျေးဆိုင်တည်တဲ့ လုပ်ငန်းကို စည်ပင် ကိုယ်တိုင်က လုပ်တာဟာ အဓိပ္ပါယ်ကို မရှိဘူးလို့ သူက ထောက်ပြထားပါတယ်။