ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေကြီးလို့ စိုက်ပျိုးဧက ၄ သောင်း ပျက်စီးကြောင်း အတည်ပြု
မြန်မာနိုင်ငံအနှံ့ ဒီနှစ် ၂ဝ၁၉ မုတ်သုံရာသီမှာ ဖြစ်လာတဲ့ မိုးကြီး ရေလျှံ မှုတွေကြောင့် စိုက်ပျိုး မြေဧက တစ်သိန်းရှစ်သောင်း ဝန်းကျင် ရေနစ်မြုပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနက ဘီဘီစီကို ပြောပါတယ်။
အဲဒီထဲကမှ ဧက ၄ သောင်း မှာ သီးနှံတွေ ပျက်စီး ဆုံးရှုံးသွားပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆိုပါတယ်။
သီးနှံတွေလို့ ဆိုရာမှာ စပါးအပါအဝင် နွေနှမ်းနဲ့ ပြောင်း၊ ပဲတီစိမ်းတို့လို မိုးသီးနှံ အစုံ ဖြစ်ပါတယ်။
မကွေး၊ ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ အဆိုးဆုံး ထိခိုက်ကြောင်း အစိုးရ ဝန်ကြီးဌာနရဲ့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းဇယားတွေက ပြသနေပါတယ်။
နွေနှမ်းနဲ့ မိုးစပါးတွေ အဓိက ပျက်စီးသွားတာ ဖြစ်တယ် ဆိုပြီး ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
စိုက်ပျိုးမြေတွေ ရေလွှမ်းပျက်စီးရတဲ့ အခြေခံအကြောင်း
ချောင်းတွေ၊ မြောင်းတွေ တိမ်ကောလာတဲ့ ပြဿနာ၊ သစ်ပင်သစ်တော ပြုန်းတီးတဲ့ ပြဿနာ စတာတွေဟာ စိုက်ပျိုးမြေတွေ ရေလွှမ်းခံရတာရဲ့ အရင်းခံ အကြောင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ ဦးမျိုးတင့်ထွန်းက ဆိုပါတယ်။
အချိန်နဲ့အမျှ နုန်းပို့မှု များလာတဲ့ ခေျာင်းတွေ၊ မြောင်းတွေဟာ တိမ်လာတဲ့ အတွက် မိုးရာသီ ရေများများ အရှိန်အဟုန်နဲ့ လာချိန်မှာ ရေတွေလျှံပြီး မြေပြန့်မှာ ရေတွေ လွှမ်းတာ ဖြစ်ပါတယ်။
စိုက်ပျိုးမြေတွေထဲ ရေဝင်တာ သက်သာဖို့ ဆိုရင် ရေစီးရေလာ ကောင်းဖို့ လိုတဲ့ အတွက် သဘာဝ ချောင်းတွေ ဆယ်တာမျိုး၊ ရေနုတ်မြောင်းတွေ ပြန်လည်တူးဖော် တာမျိုး သက်ဆိုင်ရာဘက်က စီမံနေတယ်လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
အခုလို ချောင်း၊ မြောင်း တိမ်ကောတဲ့ ပြဿနာကို ကိုင်တွယ်နိုင်ရင် မိုးစဲသွားချိန်မှာ ရေကြီး၊ ရေလျှံမှုတွေ အချိန်တိုအတွင်းမှာ ပြန်လည်ကျသွားနိုင်တယ်လို့လည်း ဦးမျိုးတင့်ထွန်းက ဆိုပါတယ်။
စိုက်ပျိုးမြေ ဆုံးရှုံးတဲ့ အခက်အခဲကို ဘယ်လို ကိုင်တွယ်မလဲ
မိုးကြီး ရေလျှံမှုကြောင့် စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးတယ် ဆိုတဲ့ နေရာမှာ အပိုင်း နှစ်ပိုင်း ရှိပါတယ်။
ပထမတစ်မျိုးကတော့ တချို့ ဒေသတွေဆိုရင် မုတ်သုံ ဝင်ချိန် မိုးကောင်းပြီး ဆိုတာနဲ့ နှစ်စဉ် ရေဝင် ရေကြီးလေ့ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။
ဒုတိယ အနေနဲ့ကတော့ အချိန်အခါ မဟုတ် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာ ရေကြီးတာမျိုး ဖြစ်ပါတယ်။
ပုံမှန်ရေဝင်တတ်မြဲ ဒေသက တောင်သူတွေ အနေနဲ့ ကိုယ်စိုက်တဲ့ သီးနှံတွေကို ရာသီဥတု အပေါ်မူတည် တွက်ချက်ပြီး ဘယ်အချိန်မှာ စိုက်မလဲ ဆိုပြီး တွက်ချက် စိုက်ပျိုး နိုင်ဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ဒီလို လိုအပ်တဲ့ နည်းပညာပိုင်းကို အစိုးရဘက်က ပံ့ပိုး ပေးတယ်လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
တခါ၊ ရေမြုပ်လေ့ မရှိတဲ့ နေရာမျိုးတွေမှာ ထူးခြား ဖြစ်စဉ် အနေနဲ့ ရေဝင်ခံရပြီ၊ ရေလွှမ်းပြီ ဆိုရင် တောင်သူတွေ စိုက်ထားလက်စ သီးနှံတွေ ပျက်စီးတဲ့ အန္တရာယ်မျိုး ကြုံရလေ့ရှိပါတယ်။
အဲဒီအခါမျိုးမှာ ရေကျချိန် တောင်သူတွေ အနေနဲ့ ပြန်စိုက်ဖို့ပျိုးဖို့ လိုအပ်တာကြောင့် လိုအပ်တဲ့ "မျိုးစပါး"၊ "မျိုးသီးနှံ" တွေကို အစိုးရ စိုက်ပျိုးရေး ဌာနက ပံ့ပိုးတာမျိုးနဲ့ ရိတ်သိမ်းချိန်အမီ ပြန်စိုက်နိုင်ဖို့လည်း လိုအပ်တာတွေ ကူညီရပါတယ်။
ရေလွှမ်း၊ ပျက်စီး စာရင်းထပ်တိုးလာနိုင်သေးလား
မနှစ်ကဆိုရင်တော့ ရေမြုပ် ဧကပေါင်း ၁၁ သိန်းလောက်ထိ ရှိခဲ့ပြီး၊ သီးနှံပျက်စီးတဲ့ ဧကလည်း ၃ သိန်းကျော် ၄ သိန်းလောက်ထိ ရှိခဲ့တယ်လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
ဒီနှစ် ရေလွှမ်း ပျက်စီး ကိန်းဂဏန်းတွေကတော့ အခု ဩဂုတ်လ ပထမပတ်ထဲမှာ ကောက်ခံထားတဲ့ စာရင်းတွေဖြစ်ပါတယ်။
အခု ရက်ပိုင်းတွေမှာပဲ မြန်မာပြည် အောက်ပိုင်း အထူးသဖြင့် မွန်၊ ကရင်နဲ့ တနင်္သာရီထဲ မိုးသည်းထန် နေခဲ့ပြီး မြို့ရွာတချို့နဲ့ စိုက်ပျိုးမြေတွေ ရေလွှမ်းသွားပါတယ်။
စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးတဲ့ ပမာဏ မနှစ်ကလောက် မများဘူးလို့ ဆိုပေမယ့်၊ ပေါင်မြို့နယ် မလတ်တောင် မြေပြိုမှုကြောင့် မကြုံစဖူး လူအသေအပျောက် များခဲ့ပြီး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရဲ့ အတည်ပြုထားချက်အရ ဩဂုတ် ၁၃ ရက် ညနေပိုင်းအထိ အလောင်း ၆၅ လောင်း ပြန်တွေ့ထားပါတယ်။
ရေလွှမ်း ဧရိယာလည်း မိုးရွာသွန်းမှုနဲ့ မုန်တိုင်း အခြေအနေပေါ် မူတည်ပြီး တိုးလာဖွယ် ရှိတယ်လို့ ဦးမျိုးတင့်ထွန်းက ဆိုပါတယ်။
အစိုးရ ဝန်ကြီးဌာန အနေနဲ့ သီတင်းတစ်ပတ်ကို တစ်ကြိမ်နှုန်းနဲ့ ရေလွှမ်း ဧရိယာနဲ့ ပျက်စီးမြေဧက စာရင်း ကောက်ခံ နေတာဖြစ်ပါတယ်။