ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း ရေးမယ့် အဆင့်ကို ရောက်လာပြီ

ရေးသားခဲ့သည်။

ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ထဲ ဩဂုတ်လ ၉ရက်၊ သောကြာနေ့မှာ မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဘယ်အချက်တွေကို ပြင်သင့်တယ်၊ ဖြည့်စွက်သင့်တယ် ဒါမှမဟုတ် လုံးဝ ပယ်ဖျက် သင့်တယ် ဆိုပြီး အကြံပြုချက်ပေါင်း သုံးထောင့်ခုနစ်ရာကျော်ကို ၄၅ ဦးပါ ကော်မတီက တင်သွင်းထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

အစီရင်ခံစာအပေါ် ပြည်ထောင်စု လွှတ်တော်ထဲ ထောက်ခံမဲ အသာနဲ့ အခုလို အတည်ပြု လိုက်တဲ့နောက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ရေးဆွဲရမယ့် အဆင့်ကို ဆက်လုပ်ရမှာ ဖြစ်တယ်လို့ ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး၊ NLD ပါတီက အမတ် ဒေါက်တာ မြတ်ဉာဏစိုးက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ အဆင့်မှာတော့ ပူးပေါင်းကော်မတီဟာ အစုအဖွဲ့ပေါင်း ၉ ဖွဲ့ရဲ့ အကြံဉာဏ်တွေကို တောင်းခံပြီး ဥပဒေကြမ်းကို ရေးဆွဲမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ မြတ်ဉာဏစိုးက ဆိုပါတယ်။

ကဏ္ဍကြီး ၉ ခုက ကိုယ်စားလှယ်တွေလို့ ဆိုတဲ့ နေရာမှာ အုပ်ချုပ်ရေးနဲ့ တရားရေး မဏ္ဍိုင်တွေက ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တွေ၊ ဒေသန္တရ အစိုးရနဲ့ လွှတ်တော်တွေရဲ့ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေက ကိုယ်စားလှယ်တွေရဲ့ အကြံဉာဏ်တွေကိုသာမက တိုင်းရင်းသားလူမျိုးစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဥပဒေ ပညာရှင်တွေပါ ပါဝင်မှာ ဖြစ်တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောထားပါတယ်။

အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ကွဲပြားနေတာကို ဘယ်လို ညှိယူကြမှာလဲ

အခု ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့ အကြံပြုချက် သုံးထောင့်ခုနစ်ရာကျော် ဆိုတာဟာ ၄၅ ဦး ပူးပေါင်းကော်မတီထဲ ပါဝင်တဲ့ နိုင်ငံရေးပါတီ ၁၄ ခုက လွှတ်တော်အမတ်တွေနဲ့ တသီးပုဂ္ဂလအမတ်တို့က အကြံပြုထားကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

အခြေခံ ဥပဒေမှာပါဝင်တဲ့ အခန်း ၁၅ ခန်းစလုံးနဲ့ နောက်ဆက်တွဲဇယား ၅ ခုလုံးမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တစ်ခုမဟုတ် တစ်ခုလုပ်ဆောင်ရမယ် ဆိုတဲ့ အကြံပြုချက်တွေ ရရှိထားတာ ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ သူတို့ရဲ့ သဘောထားတွေ မပါဝင်ဘူးလို့ ပြောဆိုထားနှင့်ပြီး ဖြစ်ပါတယ်။

ဒီလို သဘောထား အသီးသီးရှိနေတဲ့ အဆိုပြုချက်ပေါင်း သုံးထောင့်ခုနစ်ရာကျော် ရှိနေတယ် ဆိုတာဟာ ဥပမာ လွှတ်တော်ထဲ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်နေတာကို NLD ပါတီက တဆင့်ခြင်း ရာခိုင်နှုန်း အလိုက်လျှော့သွားမယ်၊ ရှမ်း SNLD ကတော့ တပ်ကိုယ်စားလှယ်တွေ ထွက်မယ်ဆို ၂၅ ရာခိုင်နှုန်းလုံး ထွက်ဖို့သင့်တယ် စသဖြင့် အကြောင်းရာ တစ်ခုတည်း အပေါ်မှာပဲ မတူတဲ့ အမြင်တွေ ကိုယ်စီ ရှိနေကြတာ ဖြစ်ပါတယ်။

အဲဒီလို အချက်တိုင်း အချက်တိုင်း ကိုယ်စီရှိနေတဲ့ မတူတဲ့ သဘောထား အမြင်တွေထဲကနေ ဘယ်အချက်ကတော့ အဖြစ်သင့်ဆုံးလဲ ဆိုတာကို အခု ဥပဒေကြမ်း ပြင်ဆင်တဲ့ အဆင့်မှာ ဆွေးနွေးညှိနှိုင်းကြရတော့မှာ ဖြစ်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲလည်း တဖြေးဖြေး နီးကပ်လာချိန် NLD ပါတီ လွှမ်းမိုးတဲ့ လက်ရှိ အစိုးရနဲ့ လွှတ်တော်တို့ရဲ့ သက်တမ်းလည်းပဲ တစ်နှစ်ခွဲ ဝန်းကျင်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒီ လက်ကျန် အချိန်အတွင်းမှာ ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပြင်ချင်၊ ဖျက်ချင်၊ ဖြည့်စွက်ချင် သဘောထားတွေ တညီတည်း ရလာဖို့ ဖြစ်နိုင်ပါ့မလား၊ တကယ်ရော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်တဲ့ ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက် နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ် လာစေပါတယ်။

ဥပဒေကြမ်းပေါ်လာဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို ဒေါက်တာ မြတ်ဉာဏစိုးက ….

"ဥပဒေကြမ်းရေးဆွဲတဲ့ နေရာမှာ အချိန်အကန့်အသတ်ကိုတော့ ပြောဖို့ ခဲယဉ်းပါတယ်။ ဥပဒေကြမ်း ရေးဆွဲတဲ့ လုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်သွားမှာ ဖြစ်ပါတယ်" ဆိုပြီး ဖြေဆို ခဲ့ပါတယ်။

တကယ်တမ်း လက်တွေ့ အကောင်အထည်ပေါ်လာနိုင်လား၊ ဘယ်လောက်ထိ မျှော်လင့်ထားလဲ ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုလည်း …

"အကောင်းဆုံးကို မျှော်လင့်ထားပါတယ်။ လွှတ်တော်အမတ်တွေအားလုံးဟာ မတူတဲ့ နိုင်ငံရေးပါတီအသီးသီးက လာကြသူတွေ ဖြစ်ပေမယ့် အားလုံးဟာ ပြည်သူကို ကိုယ်စားပြုထားကြသူတွေ ဖြစ်တယ်။ တပ်မတော် ကိုယ်စားလှယ်တွေ ဆိုတာလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ပြည်သူတွေ ဘာကိုလိုလားလဲ ဆိုတာ တော်တော်များများ သိနေပါတယ်။ ဒါ့ကြောင့် ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတဲ့ အခါမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေပါဝင်တဲ့ ဥပဒေကြမ်း တင်လာနိုင်မှာ ဖြစ်တယ်" ဆိုပြီး ဖြေဆိုသွားပါတယ်။

တပ်မတော်ရဲ့ သဘောထား ဘယ်လို ရှိနေလဲ

အစီရင်ခံစာကို အတည်ပြုလိုက်တဲ့နောက် ဆက်သွားကြမယ့် လုပ်ငန်းစဉ်ထဲမှာ ပါဝင်မှာလား ဆိုတာကို လောလောဆယ် မပြောနိုင်သေးဘူး ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

"သူတို့ပြောထားကတော့ အဖွဲ့အစု ၉ ဖွဲ့နဲ့ ဥပဒေကြမ်း ရေးမယ်လို့ ပြောထားတယ်။ အမျိုးသား ညီလာခံလုပ်ခဲ့သလို တကယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်မှာလား၊ ဘယ်လိုလုပ်မလဲ ဆိုတာ မသိရသေးဘူး။ သူတို့လုပ်တာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ။ အစုအဖွဲ့ ၉ ဖွဲ့ ဆီက အကြံဉာဏ်ယူမယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ မသိသေးတာက ဘယ်လောက် အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ယူမှာလဲ၊ သာမန်ပဲ အကြံဉာဏ်လေး ပေးပါ ဆိုတာလောက်နဲ့ သွားမလား၊ ကျနော် မသိသေးဘူး " လို့ ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ လွှတ်တော်ထဲ မဲအသာနဲ့ပဲ မဲခွဲ ဆုံးဖြတ်နေကြတာ ဖြစ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောရ၊ လုပ်ရတာတွေက ထိရောက်မှု မရှိ ဖြစ်နေတယ်လို့လည်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

ဒါပေမယ့် တပ်မတော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ လက်ရှိမှာ သီးခြား လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်လာဖို့ မရှိသေးဘူးလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောသွားပါတယ်။