မြန်မာရေတပ်ကို ပစ္စည်းရောင်းခဲ့တဲ့ ဗြိတိန်ကုမ္ပဏီက ဘယ်လိုဖြေရှင်းလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
မြန်မာ့တပ်မတော် အတွက် နည်းပညာမြင့် လမ်းပြစနစ် navigation system ရရှိ လာအောင် လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ ဗြိတိန် အခြေစိုက် ဗယ်ရီပေါ့စ် Veripos ဆိုတဲ့ ကုမ္ပဏီလည်း ပါဝင်တယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ အစီရင်ခံစာထဲ ဖော်ထုတ် ထားပါတယ်။
အဲဒီ သဘောတူမှုဟာ ပေါင်ငွေ ခုနစ်သောင်းလေးထောင်ကျော် ကျပ်ငွေအားဖြင့် တစ်ရာ သုံးဆယ့် ခြောက်သန်း တန်ဖိုး ရှိတယ်လို့ တပ်မတော်ရဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာငွေ လျာထား တောင်းခံချက် အရ သိရပါတယ်။
ဗယ်ရီပေါ့စ် ကုမ္ပဏီဟာ စကော့တလန် အဘာဒင်းမြို့ အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး၊ အထူးသဖြင့် ကမ်းလွန်ရေပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော်တဲ့ လုပ်ငန်းတွေ အတွက် လမ်းပြစနစ်၊ တည်နေရာပြ စနစ်တွေ ပံ့ပိုးပေးရာမှာ နာမည်ရ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
မြန်မာ့ တပ်မတော်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ ပြည်တွင်းပြည်ပ စီးပွားရေး ကွန်ရက်အကြောင်း FFM အဖွဲ့က ၆ လ ကြာ အချိန်ယူပြီး စုံစမ်း ဖော်ထုတ်ခဲ့တာမှာ၊ တပ်မတော်ကို ပစ္စည်းကိရိယာ ရောင်းချခဲ့တဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲ ဗယ်ရီပေါ့စ်လည်း ပါဝင်နေကြောင်း သိလာရတာ ဖြစ်ပါတယ်။
ဘယ်လိုစာချုပ်ချုပ်ပြီး ဘာပစ္စည်းရောင်းခဲ့တာလဲ
မြန်မာ တပ်မတော် (ရေ) ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အဏ္ဏဝါပြင် ရေလမ်းကြောင်း အနေအထား လေ့လာ တိုင်းထွာရေးဌာန Myanmar Naval Hydrographic Center MNHC နဲ့ စီးပွားရေး အဆက်အဆံ ရှိခဲ့တယ် ဆိုပြီး ဗယ်ရီပေါ့စ် ကုမ္ပဏီက ဗြိတိန်ရဲ့ ဩဇာညောင်း သတင်းစာတစ်စောင် ဖြစ်တဲ့ ဂါဒီးယန်းကို အတည်ပြုပါတယ်။
ဂြိုဟ်တုကိုသုံးပြီး တည်နေရာနဲ့ လမ်းကြောင်းကိုပြတဲ့ GPS စနစ် ဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေကို MNHC ထံ ၂ဝ၁၄ ကနေ ၂ဝ၁၇ အတွင်း ရောင်းချခဲ့တာ ဖြစ်တယ်လို့ ဗယ်ရီပေါ့စ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, India Navy
MNHC ကို သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းတဲ့အခါ ကြားထဲက ဆက်သွယ်ပေးသူတွေဟာ စင်္ကာပူ အခြေစိုက်တွေ ဖြစ်တယ်လို့ ဗယ်ရီပေါ့စ်က ထုတ်ပြောပါတယ်။
ဒီလို စီးပွားရေးအရ ကုန်သွယ်တဲ့ အခါမှာ လိုက်နာရမယ့် ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ အညီသာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဗယ်ရီပေါ့စ်က ပြောဆိုပါတယ်။
"ဗယ်ရီပေါ့စ် ကုမ္ပဏီထုတ်တွေဟာ စစ်ရေးအသုံးချ ပစ္စည်းတွေ မဟုတ်ပဲ၊ အဏ္ဏဝါ ရေကြောင်း တိုင်းထွာ လေ့လာတဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေသာ ဖြစ်တယ်။ ကုမ္ပဏီ အနေနဲ့ အမြင့်ဆုံး ကျင့်ဝတ် စံနှုန်းတွေကို အမြဲလိုက်နာ ကျင့်သုံးပါတယ်။ အခု ဒီအစီရင်ခံစာ ထွက်လာတဲ့ အခါမှာလည်း ကုလသမဂ္ဂက ချမှတ်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ အသင့်ပါပဲ" ဆိုပြီး ဗယ်ရီပေါ့စ်က ဂါးဒီးယန်းသတင်းစာကို စာနဲ့ရေးသား ပေးပို့ ခဲ့ပါတယ်။
ဗယ်ရီပေါ့စ်က ဘာ့ကြောင့် ဖြေရှင်းရတာလဲ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် FFM က အခု ဩဂုတ်လဆန်းမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ စာမျက်နှာ တစ်ရာကျော်ရှိပြီး အချက်အလက် အသေးစိတ်တွေ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဓိကကတော့ မြန်မာ့ စီးပွားရေးကို စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေက လွှမ်းမိုး ချုပ်ကိုင်ထားတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာ ဖြစ်ပြီး၊ တပ်ပိုင် ကုမ္ပဏီတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ အတူ တပ်မတော်ရဲ့ ပြည်တွင်းပြည်ပ စီးပွားဖက်တွေကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Veripos
ကုန်သွယ်ရေးအရ တပ်နဲ့ အဆက်အသွယ်ရှိတဲ့၊ ပတ်သက်နေတယ်လို့ ဆိုတဲ့ နိုင်ငံခြား ကုမ္ပဏီ ၅၉ ခုကို ဖော်ပြထားတဲ့ FFM ရဲ့ အစီရင်ခံစာထဲမှာ ဗယ်ရီပေါ့စ်ရဲ့ နာမည် ပါဝင်နေတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ သိန်းပေါင်းများစွာ ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဆင်ရေးတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသုံးချတဲ့ ဘဏ္ဍာငွေကြေးတွေဟာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ သူတို့နဲ့ အကျိုးတူ စီးပွားဖက် ကုမ္ပဏီတွေကနေ ရနေတာ ဖြစ်တယ်ဆိုပြီး FFM က စွပ်စွဲ ဝေဖန်တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ စီးပွားရေး ကွန်ရက်ကြီးကို တတ်နိုင်သလောက် ထိန်းချုပ်ကြဖို့၊ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ စစ်တပ်နဲ့ ပတ်သက်စပ်ယှက်ပြီး စီးပွားမရှာကြဖို့ FFM က ဆော်ဩ နေပါတယ်။
ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ အပြုအမူဟာ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်ဆိုတဲ့ အထိ ကုလသမဂ္ဂ စုံစမ်းရေးသမားတွေက ပြောနေပြီး၊ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ အီးယူကလည်း တပ်မတော်ကို လက်နက်မရောင်းရေး ကန့်သတ်ထားပါတယ်။ တပ်အကြီးအကဲ အပါအဝင် ထိပ်ပိုင်း တာဝန်ရှိသူ တချို့အပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့လည်း အမေရိကန်က ချမှတ်ထားပါတယ်။
ဒီလို အခြေအနေတွေကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေထဲ နာမည်စာရင်း ဝင်သွားမှာကို ဗယ်ရီပေါ့စ်က စိုးရိမ်ပုံ ရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
FFM ရဲ့ အစီရင်ခံစာထဲမှာတော့ ဗယ်ရီပေါ့စ်လို ဗြိတိသျှ ကုမ္ပဏီ အပြင်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ နော်ဝေတို့လို ဥရောပနိုင်ငံတွေက ကုမ္ပဏီတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်လက်နက်တွေကိုရော ဘယ်သူတွေက ရောင်းလဲ
မြန်မာ့ တပ်မတော်ကို စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေကို ပမာဏအများဆုံး ရောင်းချသူတွေဟာ တရုတ်၊ ရုရှား၊ ယူကရိန်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ အစ္စရေးတို့က နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ ဖြစ်တယ်လို့ FFM က သူတို့ အစီရင်ခံစာထဲ ရေးထားပါတယ်။
ရောင်းချခဲ့တဲ့စစ်လက်နက်တွေကို ကြည့်မယ်ဆိုရင် ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရေယာဉ်တွေ၊ ဒုံးကျည်စနစ်တွေ၊ သေနတ်တွေနဲ့ တိုက်ခိုက်ရေး မော်တော်ယာဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တန်ဖိုးအားဖြင့်ဆို ဒေါ်လာ သန်းထောင်ချီ ရှိတယ်လို့ FFM က ပြောပါတယ်။
တပ်မတော်က ကိုယ့်လက်ကိုယ့်ခြေ ကိုင်တွယ်စီမံနေတဲ့ စီးပွားရေး ကွန်ရက်ကြီး တစ်ခုလုံးရဲ့ ဝင်ငွေဆိုရင်လည်း ၂ဝ၁၇ ထဲမှာ ဒေါ်လာ ၁၂ဝ ဘီလီယံ ကျော်နိုင်တယ်လို့ FFM က ခန့်မှန်းထားပါတယ်။
ကျောက်စိမ်း၊ ပတ္တမြားလို ကျောက်မျက် တူးဖော်ရေးတွေ၊ ရွှေတွင်းတွေက ရတဲ့ ဝင်ငွေတွေက စလို့ ဘဏ်၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်၊ စိုက်ပျိုးရေးနဲ့ အာမခံတို့လို လုပ်ငန်းပေါင်းစုံကနေ တပ်မတော် ဝင်ငွေ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
"လှေကြီးပေါ်လှေငယ်ဆင့်တဲ့ပုံစံမျိုး၊ နိုင်ငံတစ်ခု အတွင်းမှာကို သီးသန့် နိုင်ငံတစ်ရပ် ထူထောင်ထားတဲ့ပုံစံ စစ်တပ်က ပြုမူနေတာပါ။ နိုင်ငံရေးရော စီးပွားရေးထဲမှာပါ စစ်တပ်က အလွှမ်းမိုးဆုံး ချုပ်ကိုင်အထားနိုင်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဒါဟာ အနာဂတ် မြန်မာပြည်အတွက် အခက်ခဲဆုံး ကျော်လွှားရမယ့် ရင်းမြစ်ပြဿနာပဲ ဖြစ်ပါတယ်" လို့ FFM အဖွဲ့ဝင် ခရစ္စတိုဖာ ဆီဒိုတီက သုံးသပ်ပါတယ်။
တပ်မတော်ရဲ့ ဓနအင်အားကို ထိန်းချုပ်နိုင်ပြီ ဆိုရင်တော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ပြဿနာတွေပါ တပါတည်း လျှော့ချနိုင်လိမ့်မယ် ဆိုပြီးတော့လည်း မစ္စတာ ဆီဒိုတီက ပြောထားပါတယ်။








