IACA အဖွဲ့ဝင် ဖြစ်လာရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်လဲ

ရေးသားခဲ့သည်။

နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ IACA ထဲမှာ မြန်မာ နိုင်ငံလည်း အဖွဲ့ဝင် နိုင်ငံ ဖြစ်လာဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တဆင့် အမြန်ဆုံး ဆောင်ရွက်နေပြီလို့ မြန်မာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောပါတယ်။

IACA ကို နိုင်ငံတကာ အဖွဲ့အစည်း အဖြစ် ထူထောင်ခြင်း သဘောတူ စာချုပ်ထဲမှာ မြန်မာပါဝင်ရေး ကို သမ္မတ ဦးဝင်းမြင့် အကြံပြုလာခဲ့တဲ့ အပေါ် ပြည်ထောင်စု လွှတ်တော်ကနေ ဩဂုတ်လ ၅ ရက်နေ့၊ တနင်္လာနေ့က ကန့်ကွက်သူ မရှိ အတည်ပြု ခဲ့ပါတယ်။

ဒီနောက်မှာတော့ သဘောတူ စာချုပ်ထဲ မြန်မာလည်း ပါဝင် လက်မှတ်ရေးထိုးမယ် ဆိုတာကို လုပ်ထုံးလုပ်နည်းအရ နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် IACA ရုံးကို အကြောင်းကြား မှာ ဖြစ်တယ်လို့ မြန်မာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပြောခွင့်ရ၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဘီဘီစီကို ပြောပါတယ်။

ဘယ်လောက် အချိန်ကာလ အတိုင်းအတာ အတွင်း လက်မှတ်ရေးထိုး ဖြစ်မှာလဲ ဆိုတာ ကာလ အပိုင်းအခြားကိုတော့ အခုအချိန်မှာ အတိအကျပြောဖို့ ခက်သေးပြီး၊ ဖြစ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ဦးကျော်စိုးက ဆိုပါတယ်။

ဘယ်လို အကျိုးကျေးဇူး ရမလဲ

နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ ဆိုတာ ဩစတြီးယားနိုင်ငံ၊ လက်ဇင်းဘာ့ဂ် မြို့မှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ၊ လုပ်ပုံလုပ်နည်းတွေကို နိုင်ငံတကာမှာ အသိပညာပေး ဖြန့်ဝေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂ဝ၁ဝ ကစပြီး ကုလသမဂ္ဂ ကျောထောက် နောက်ခံနဲ့ စတင် ထူထောင် ထားရှိလာတာ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံ လက်ရှိ ၅၃ နိုင်ငံနဲ့ တချို့အချက်တွေကိုတော့ သဘောမတူ နိုင်ဘူးလို့ ပြောပြီး ချွင်းချက်နဲ့ လိုက်နာပါ့မယ်လို့ ပြောထားတဲ့ တရုတ်နဲ့ အစ္စရေးတို့လို နိုင်ငံတွေလည်း ရှိပါတယ်။

ဒါ့အပြင် နိုင်ငံ မဟုတ်ပဲ အဖွဲ့အစည်း အနေနဲ့ ဝင်ပြီး သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ အုပ်စုတွေလည်း ၇၈ ခု ရှိတယ်လို့ IACA ရဲ့ ၂ဝ၁၉ ဇွန်လက နောက်ဆုံး စာရင်းဇယားတွေက ဆိုပါတယ်။

IACA အဓိက လုပ်ဆောင်တာကတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လုပ်သင့် လုပ်ထိုက်၊ လိုက်နာသင့် လိုက်နာထိုက်တဲ့ စံညွှန်းစံထားတွေ သတ်မှတ်ပြီး သင်တန်းတွေ ပို့ချ ပေးတာ ဖြစ်ပါတယ်။

ပညာရပ်ပိုင်း ဆိုင်ရာ ဘွဲ့ဒီဂရီ အထိ ပေးပြီး၊ ဒီလုပ်ငန်းစဉ် ဆောင်ရွက် နေသူတွေကြားထဲ နိုင်ငံတကာ အတိုင်းအတာထိ ချိက်ဆက်မှုတွေ၊ ဆွေးနွေးဖလှယ်မှုတွေ၊ အကြံဉာဏ်တွေ ရရှိနိုင်တယ်လို့ IACA က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလည်း အဖွဲ့ဝင် နိုင်ငံဖြစ်လာပြီ ဆိုရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဝန်ထမ်းတွေကို အဲဒီ သင်တန်းတွေကို စေလွှတ်သွားမှာ ဖြစ်တယ်လို့ ကော်မရှင် ပြောခွင့်ရ ဦးကျော်စိုးက ပြောပါတယ်။

အဲဒီလိုမျိုး နည်းပညာနဲ့ အတွေ့အကြုံတွေ ရယူနိုင်တယ် ဆိုရင် ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုပြီး ထိရောက်အောင် ဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်တယ်လို့လည်း ဦးကျော်စိုးက ပြောပါတယ်။

တရုတ်နဲ့ အစ္စရေးတို့ စိုးရိမ်တဲ့ သဘောတူမှုပါ အခန်း (၁၉)

IACA သဘောတူမှုပါ အခန်း ၁၉ ဟာ သူတို့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ တရုတ် နိုင်ငံက ပြောထားပြီး၊ အစ္စရေးကလည်း အဲဒီ အခန်း ၁၉ မှာ တချို့အချက်တွေကို လက်မခံဘူးလို့ ကြေညာထားပါတယ်။

အခန်း ၁၉ ဟာ IACA အဖွဲ့ဝင် အချင်းချင်းကြား သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုပုံ ကွဲလွဲတဲ့အခါ ဒါမှမဟုတ် ဘယ်လို အကောင်အထည်ဖော်ပုံ ဖော်နည်းနဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့အခါ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ရေးသားထားတဲ့ အခန်းဖြစ်ပါတယ်။

အငြင်းအခုံ ဖြစ်တဲ့ နိုင်ငံ သို့မဟုတ် အဖွဲ့ နှစ်ခုက ရွေးတဲ့ ခုံသမာဓိ လူကြီး တစ်ဦးစီနဲ့ တတိယ မြောက် ခုံသမာဓိ တစ်ဦး ပါဝင်တဲ့ ၃ ဦးပါ ခုံရုံး ဖွဲ့ပြီး အငြင်းအခုန် ဖြစ်မှုကို ဖြေရှင်းမယ်လို့ IACA သဘောတူမှု စာချုပ်ထဲ ရေးသားထားပါတယ်။

တတိယမြောက် ခုံသမာဓိ လူကြီးက ကျန် နှစ်ဦး ရဲ့ သဘောတူမှုနဲ့ ခုံရုံးကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ၆ လ အတွင်းမှ မရွေးနိုင်ဘူးဆိုရင် ရွေးပေးမယ့် တာဝန်ကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ အကြီးအကဲက ဆုံးဖြတ်ပေးသွားမယ်လို့ ဆိုထားပါတယ်။

တရုတ်ကတော့ အဲဒီ တစ်ခန်းလုံးကို လိုက်နာဖို့ အာမမခံကြောင်း ပြောပြီး၊ အစ္စရေးကလည်း အဆုံးအဖြတ် ဝင်ပေးမယ့်သူဟာ အငြင်းအခုံ ဖြစ်နေတဲ့ နိုင်ငံသား မဖြစ်စေရဘူး ဆိုတဲ့ သူတို့ရဲ့ လိုလားချက်ကို ကြေညာထားပါတယ်။

မြန်မာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်

သမ္မတ ဦးသိန်းစိန်လက်ထက် အတည်ပြုခဲ့တဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေ နဲ့ အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လည်း ဖွဲ့စည်း ထားရှိလာတာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက် ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အရှိန်ရလာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အခု နှစ်ပိုင်းထဲမှာပဲ အစိုးရ ဝန်ကြီးဌာန အစုံက အဆင့်မြင့် အရာရှိကြီးတွေ အဂတိလိုက်စားမှုနဲ့ အရေးယူခံခဲ့ရပါတယ်။

ပြည်ထောင်စု အဆင့် အစိုးရ ကက်ဘိနက် အဖွဲ့ဝင်ထဲမှာကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း ကော်မရှင်ရဲ့ စုံစမ်းတာ ခံခဲ့ရတဲ့နောက် နုတ်ထွက်စာ တင်ခဲ့ရပါတယ်။

ဒေသန္တရ အစိုးရ အဆင့်မှာလည်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဆိုရင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသလို၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ အစားအသောက် ဆေးဝါး ကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် စသဖြင့် ထိပ်တန်း တာဝန်ရှိသူတွေကိုလည်း အရေးယူခဲ့ပါတယ်။

"အဂတိလိုက်စားမှုဆိုတာ တတိုင်းပြည်လုံးမှာ ဖြစ်ပေါ်နေတဲ့ ကင်ဆာသဖွယ် ပြန့်နှံ့နေတဲ့ ရောဂါဆိုးကြီးလိုပဲ" ဆိုပြီး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ဧပြီလဆန်း ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

အဲဒီလို အရပ်ဘက် ဌာနတွေတင်မက၊ စစ်တပ် ပြည်ထဲရေး စတာတွေနဲ့ ပတ်သက်နေတဲ့ အရာတွေ အပေါ်မှာရော စုံစမ်း စစ်ဆေးတာမျိုး လုပ်နိုင်လား၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဦးအောင်ကြည်က "ကော်မရှင် အနေနဲ့ ဥပဒေအရ ပြဌာန်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာထဲမှာ ဆောင်ရွက်နေတယ်၊ ကန့်သတ်ချက်တွေ ရှိနေတာတော့ အားလုံး အသိပါပဲ၊ ဒါပေမယ့် ကျန်တဲ့ အစိတ်အပိုင်းတွေမှာ မအားမလပ်ကို လုပ်နေရတယ်" ဆိုပြီး တုံ့ပြန် ဖြေဆိုခဲ့ပါတယ်။

အရေးယူမယ့်အထဲ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ထပ်ပြီး တွေ့လာရဖို့ ရှိလား

ကော်မရှင် အနေနဲ့ ဘယ်သူတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ လက်ခံရရှိထားတယ်၊ ဘယ်သူတွေအပေါ် စုံစမ်းနေတယ်ဆိုတဲ့ အချက်ကို လျှို့ဝှက်ထားရမယ့် ဝတ္တရား ရှိတယ်လို့ ကော်မရှင် ပြောခွင့်ရ ဦးကျော်စိုးက ပြောပါတယ်။

ဒါပေမယ့် သမ္မတရဲ့ ခုံရုံး ဖွဲ့စစ်တာ ခံခဲ့ရအပြီး စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်စာ တင်ခဲ့ရသလို၊ အခု လတ်တလော ကာလမှာလည်း ပြည်ထောင်စု ဝန်ကြီးတွေထဲမှာလည်း လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့နဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းတာတွေ လုပ်နေတယ် ဆိုတဲ့ အချက် ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

"ဦးဝင်းခိုင်နဲ့ ဒေါက်တာထွန်းနိုင်တို့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေ မပြီးဆုံးသေးဘူး" လို့ ပြောခွင့်ရ ဦးကျော်စိုးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ အမြဲတမ်း ဝန်ထမ်း ဦးရေ ၂ဝဝ ကျော် ရှိပြီး၊ နေပြည်တော် ရုံးချုပ်သာမက အောက်မြန်မာပြည် အတွက် တိုင်စာတွေ လက်ခံဖို့ ရန်ကုန်မှာ ရုံးခွဲနဲ့ အထက်မြန်မာပြည်အတွက် မန္တလေးမှာ ရုံးခွဲ ဖွင့်လှစ် ထားပါတယ်။