တိုင်စာတွေပေါ် အဖွဲ့ဖွဲ့ စုံစမ်း အရေးယူဖို့ သမ္မတ ဦးဝင်းမြင့် ဆုံးဖြတ်ခဲ့

ရေးသားခဲ့သည်။

ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှား ခဲ့တဲ့ အတွက် စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်တယ်လို့ သမ္မတ ရုံးက ပြောပါတယ်။

ပြည်ထောင်စု အဆင့် အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး နုတ်ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၂ ရက် ၊ သောကြာနေ့မှာ ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးဇော်ဌေးက ပြောခဲ့တာပါ။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ဦးခင်မောင်ချိုနဲ့ ပတ်သက်တဲ့ တိုင်စာတစ်စောင် ရောက်ရှိခဲ့တဲ့နောက် ဝန်ကြီး အဆင့် ၃ ဦးပါ အဖွဲ့ဖွဲ့ပြီး အချိန်ယူ စုံစမ်းခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဦးခင်မောင်ချို အနေနဲ့ ရုံးပိုင်း လုပ်ထုံးလုပ်နည်း လွဲမှား ဆောင်ရွက် ခဲ့တယ် ဆိုပြီး အဲဒီ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက် ထွက်လာခဲ့ပြီး၊ နုတ်ထွက်စာတင်ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

ဘယ်အကြောင်း တိုင်တဲ့ တိုင်စာလဲ

ဘယ်လို ကိစ္စ ဆောင်ရွက်ရာမှာ ဦးခင်မောင်ချို အနေနဲ့ ရုံးလုပ်လုပ်နည်း လွဲမှားခဲ့တယ် ဆိုပြီး ကောက်ချက်ချ ခံရတာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဦးဇော်ဌေးက ထုတ်ဖော် မပြောပါဘူး။

ဒါပေမယ့် နေပြည်တော် သတင်းရစ်မြစ်တွေရဲ့ အဆိုအရ BPI ဆေးဝါးစက်ရုံနဲ့မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ချို တိုင်ကြား ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက် ပြည်ထောင်စု အဆင့် ဝန်ကြီး ဒုတိယ မြောက် တစ်ဦး နုတ်ထွက် ခဲ့ရတာ ဖြစ်ပါတယ်။

ဦးခင်မောင်ချို အရှေ့မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက် ခဲ့ရပါတယ်။

ဦးကျော်ဝင်း ကိစ္စမှာတော့ အဂတိ ကော်မရှင်ထံ အတိုင်ကြား ခံခဲ့ရတာ ဖြစ်ပြီး၊ ကော်မရှင်က အမှု စစ်ဆေးပြီးတဲ့အခါ ဦးကျော်ဝင်း နုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်ပါတယ်။

ဦးခင်မောင်ချိုကို တိုင်ကြားစာကတော့ သမ္မတဆီ တိုက်ရိုက် ရောက်လာတာ ဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်နဲ့ စစ်ဆေး အရေးယူခဲ့တာမျိုး မဟုတ်ပဲ၊ သမ္မတ အမိန့်နဲ့ အဖွဲ့ဖွဲ့ စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဦးဇော်ဌေးရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဒါပေမယ့် ပြည်ထောင်စု အဆင့် ဝန်ကြီး နောက်တစ်ယောက်ကတော့ အဂတိ ကော်မရှင်ရဲ့ စစ်ဆေးမှု ခံနေရပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင် အပေါ် အဂတိ ကော်မရှင်က စုံစမ်းနေတယ်လို့ ဦးဇော်ဌေးက အတည်ပြုပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင် တင်မက ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ပါ စုံစမ်း ခံနေရတာ ဖြစ်ပါတယ်။

သတိပေးခံထားရတဲ့ ပြည်ထောင်စု အဆင့် အကြီးအကဲ နောက်တစ်ဦး

ဦးခင်မောင်ချို ပြည်ထောင်စု ဝန်ကြီး အဖြစ်က နုတ်ထွက်ချိန်မှာ၊ ပြည်ထောင်စု ရာထူးအဖွဲ့ ဥက္ကဌလည်းပဲ သမ္မတ ဦးဝင်းမြင့်ရဲ့ သတိပေးမှု ပြင်းထန်စွာ ခံထားရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထောင်စု ရာထူးဝန် ဦးဝင်းသိန်း အဲဒီလို ပြစ်ဒဏ်ချမှတ် ခံရတာလည်း ၃ ဦးပါ အဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုအပြီး ထွက်ပေါ်လာတဲ့ တွေ့ရှိချက်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကျောင်း ဖွင့်လှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးဝင်းသိန်းဟာ လွန်ခဲ့တဲ့ ၆ လ ဝန်းကျင်က တိုင်ကြား ခံခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

သမ္မတရဲ့ အုပ်ချုပ်ရေး အာဏာ လုပ်ပိုင်ခွင့်နဲ့ စုံစမ်းရေး အဖွဲ့ထူထောင်ပြီး အခုလို ပြည်ထောင်စု အဆင့် ထိပ်တန်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ် နှစ်ယောက် အပေါ် စုံစမ်းမှုတွေ ပြလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ နုတ်ထွက်စာ တင်စေတာမျိုး၊ ပြင်းထန်စွာ သတိပေးတာမျိုး ဆိုတဲ့ အရေးယူမှု အသီးသီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက် - ဝက်ဘ် စာမျက်နာ မျက်နှာစာ သတင်းခေါင်းစဉ်တွင် မူလ လျှပ်စစ်ဝန်ကြီး ဟု မှားယွင်းဖော်ပြထားသည်ကို ပြန်လည် ပြင်ဆင်ထားပါသည်။ သတင်းစာကိုယ်မှာ မူလ အတိုင်း ဖြစ်ပါသည်။ သတင်းခေါင်းစဉ်တွင် မှားယွင်းဖော်ပြခဲ့သည့် အတွက် စာဖတ် ပရိသတ်နှင့် သက်ဆိုင်သူများကို တောင်းပန် အပ်ပါသည်။