ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှစ်လေးလုံး အရေးတော်ပုံ ကမ္ဘာ့သမိုင်းဝင်ဖြစ်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆို
ရှစ်လေးလုံးအရေးတော်ပုံကို ကမ္ဘာ့သမိုင်းဝင်အဖြစ် အသိအမှတ်ပြုလာ အောင် ယူနက်စကိုမှာရှိတဲ့ Memory of the World Register ကို တင်သွင်းဖို့ အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၁ နှစ်ပြည့် အခမ်းအနားကျင်းပရေး ကော်မတီဝင် ဦးတိုးကျော်လှိုင် က ပြောပါတယ်။
ယူနက်စကိုမှာ တင်ပြမယ်ဆိုရင် အဖွဲ့အစည်းတခုခုက တင်ပြခွင့်မရှိဘဲ အစိုးရဌာနတစ်ခုခုက ကိုယ်စားပြု တင်ပြရတဲ့ အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးတိုးကျော်လှိုင် က ပြောတာ ဖြစ်ပါတယ်။
ရှစ်လေးလုံးက သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်းတွေကို ကော်မတီဖွဲ့ပြီး ထိန်းသိမ်းထားပေမဲ့ စနစ်တကျ ရေရှည် ထိန်းသိမ်းထားနိုင်ဖို့က နည်းပညာတွေ၊ အဆောက်အအုံတွေ လိုအပ်လာတဲ့အတွက် အခုလို ယူနက်စကို တင်ပြမယ့် အစီအစဉ်ကို လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ဦးတိုးကျော်လှိုင် က ပြောပါတယ်။
မြန်မာတပြည်လုံးက ကျောင်းသား၊ ရဟန်းသံဃာ၊ အတိုက်အခံ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စတဲ့ အလွှာအသီးသီးက လူတန်းစားတွေ ပါဝင် လှုပ်ရှားခဲ့တဲ့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကို မြန်မာ့သမိုင်းသာမက ကမ္ဘာမှာပါ အရေးကြီး သမိုင်းဝင် ဖြစ်ရပ်တခုအဖြစ် အသိအမှတ် ပြုလာအောင် ယူနက်စကိုရဲ့ Memory of the World Register မှာ လာမယ့် ၂၀၂၀ မတ်လထဲမှာ တင်ပြသွားဖို့ ဆောင်ရွက် နေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့အခါ ယူနက်စကိုက အသိအမှတ်ပြုလောက်တဲ့ သတ်မှတ်ချက်တွေကို အသေးစိတ် ပြောပြလို့ မရပေမဲ့ သမိုင်းမှာ ဘယ်လို အရေးကြီးလဲ ဆိုတာ အဓိကထားပြီး ရေးသား တင်ပြရမယ်လို့ သူက ပြောပါတယ်။
ဒီလို ပြင်ဆင်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး " မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ကျွန်တော်တို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဟာ နောက်သမိုင်းအတွက် ဘယ်လောက် အရေးပါသလဲဆိုတာကို ပထမဆုံး အဲဒါကို ပြင်ရတယ်။ အဲဒါကို ပြင်တဲ့အခါကျတော့ ကန့်သတ်ချက် ရှိတယ်၊ ပုံမှန်အားဖြင့် ဆိုရင် သူတို့ သတ်မှတ်ပေးတာက စာမျက်နှာ A4 တစ်မျက်နှာခွဲလောက် မှာ ပေါ်လွင်အောင် ဖော်ပြရတယ်" လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး "လက်ရှိ မျက်မှောက်ခေတ် နိုင်ငံရေး ဖြစ်စဉ်တွေ ကိုယ်နှိုက်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံရဲ့ အကျိုးဆက်တွေ ဖြစ်တယ်ဆိုတာရယ် နောက်တစ်ခါ အဲဒီ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဆိုတာ တစ်နိုင်ငံလုံး မြို့အသီးသီး၊ နယ်အသီးသီးက ပါဝင်ဆင်နွှဲခဲ့တဲ့ အရေးတော်ပုံ ဖြစ်တယ် ဆိုတာရယ်၊ နောက် ဒီမိုကရေစီရေး၊ တစ်ပါတီ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ လူ့အခွင့်အရေးတွေကို တောင်းဆိုခဲ့တယ်ဆိုတာကို သမိုင်းမှာ အရေးကြီးတယ်ဆိုတာကို ပေါ်လွင်အောင် ဖော်ပြဖို့ ကြိုးစားတာပါ" လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ယူနက်စကိုကို စာပေးဖို့ တင်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့ အချိန် အတိုင်းအတာကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။
'မှတ်တမ်း အမွေအနှစ်ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများ ဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက် စာတမ်း အထောက်အထားများ စသည်တို့ဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်း အမွေအနှစ် သတ်မှတ်ချက်သည် ကမ္ဘာ့အမွေအနှစ်(World Heritage) အဆင့်မျိုး မဟုတ်ဘဲ မှတ်တမ်းများကိုသာ အဓိက သတ်မှတ်ခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော မှတ်တမ်းအမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း အဖြစ် သတ်မှတ်နိုင်ရန် UNESCO Memory Of the World ( ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်) အစီအစဉ်ကို ၁၉၉၇ခုနှစ်မှ စတင်ကာ (၂)နှစ် တစ်ကြိမ် ကျင်းပပြုလုပ်၍ အဆိုပြု တင်သွင်းထားသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းများကို သတ်မှတ် စာရင်းပြုစုခဲ့ကြသည်' လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကမ္ဘာ့မှတ်တမ်း အမွေအနှစ်နဲ့ ပတ်သက်ပြီး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ပိဋကတ်သုံးပုံကျောက်စာတွေ၊ မြစေတီကျောက်စာနဲ့ ဘုရင့်နောင်မင်းရွှေပေလွှာ စတာတွေဟာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် ထည့်သွင်းခံထားရပါတယ်။