ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု ဒီကနေ့ စစစ်မယ်၊H1N1 ကြောင့် သေဆုံးသူ ၄၈ဦးအထိရှိလာ အပါအဝင် မနက်ခင်းသတင်းများ
ဗစ်တိုးရီးယားအမှု သံသယရှိတရားခံကို ဒီနေ့ စတင်စစ်ဆေးမယ်
နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေး တဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးထား တဲ့သံသယတရားခံ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးကို ဒီကနေ့ဇူလိုင် ၁၅ရက်နေ့မှာ ပထမဆုံး အနေနဲ့ စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဇူလိုင်လ ၄ ရက်မှာ အဲဒီမူကြိုကျောင်းရဲ့ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို ခဲ့တယ်လို့ ခရိုင်တရားရုံးက သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးညိုဌေးကမီဒီယာတွေကို ပြောဆိုထားပါတယ်။
သံသယရှိသူကို နေပြည်တော် အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ဒီကနေ့ ရုံးချိန်းမှာ စတင်စစ်ဆေး သွား တော့မှာဖြစ်ပါတယ်။
ဗစ်တိုးရီးယားလို့ အများကခေါ်ဝေါ်ကြတဲ့ နေပြည်တော် မူကြိုကျောင်းသူအမှုနဲ့ပတ်သတ်ပြီး အမှုမှန် ပေါ်ပေါက် ရေး တရားမျှတမှုရရှိရေးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးအများအပြားမှာ ဆန္ဒပြပွဲတွေကိုလည်း အများပြည်သူက ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြပါတယ်။
H1N1 ကြောင့် သေဆုံးသူ ၄၈ဦးအထိရှိလာ
ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် ဇူလိုင်လ ၁၄ရက်နေ့ထိ တရားဝင်စာရင်းတွေအရ သေဆုံးသူ ၄၈ ဦးထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
သေဆုံးသူ၄၈ဦးထဲမှာ ရန်ကုန်တိုင်းက ၃၈ ဦး၊ ဧရာဝတီတိုင်းမှာ ၄ဦး ပဲခူးတိုင်း ၂ဦး၊ စစ်ကိုင်းတိုင်း ၂ဦးနဲ့ မွန်ပြည်နယ်က ၂ဦးတို့ဖြစ်ပါတယ်။
လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာဖြူဖြူအေးက ဘီဘီစီကိုပြောခဲ့ပါတယ် ။
ရောဂါပိုးကူးစက်ခံရမှုကြောင့် ဇွန်လ ၁၄ ရက်မှာ အခုနှစ်အတွင်း ပထမဆုံးသေဆုံးသူလူနာရှိခဲ့ပြီး ၂ ပတ်ကျော်ကာလအတွင်း သေဆုံးသူဦးရေ မြင့်တက်လာခဲ့တာပါ။
လက်ရှိ H1N1 ဖြစ်ပွားလို့ လူသေဆုံးမှုနှုန်းဟာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားသူ ၄၀၀ ကျော်အနက် အယောက် ၃၀ဆယ်ကျော် သေဆုံးခဲ့တဲ့ တစ်နှစ်လုံး စာရင်းထက် ပိုမိုမြင့်တက်နေပြီ လည်း ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ် ၇ခုမှာ ရေဘေးသင့်ပြည်သူတွေ ထပ်တိုးလာနေ
မိုးဆက်တိုက်ရွာပြီး မြစ်ရေတွေကြီးလာတာကြောင့် ကချင်၊မွန်၊ချင်း၊မကွေး၊ ပဲခူး၊စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည် နယ်တို့မှာ ရေဘေးကြောင့် နေအိမ်တွေကနေရွှေ့ပြောင်းပေးထားရသူဦးရေဟာ သောင်းနဲ့ချီရှိလာပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ကာကွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။
ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ ရေဘေးပြည်သူ သောင်းနဲ့ချီရှိနေပြီး ရေဘေးဒဏ်ကို အများဆုံးခံ နေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာတော့ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ တွေမှာတော့ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းပေါင်း ၁၆ ခုခန့်ဟာ ရေနစ်မြုပ်နေတဲ့ အတွက် အဲဒီက လူဦးရေ ၁၆,၀၀၀ လောက်ဟာ ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရပြီး အကူအညီ ပေးမှုတွေမရှိသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။
အလားတူ ဗန်းမော်၊ ကသာ၊ ရွှေကူနဲ့ ခန္တီးမြို့တွေမှာ လည်း ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေဟာ စိုးရိမ် ရေ မှတ်အထက်ကို ရောက်ရှိနေတဲ့အတွက် အဲဒီမြို့တွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ သတိပြုနေ ထိုင်ကြ ဖို့ကို လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သတိပေးထုတ်ပြန်ထားပါတယ်။
ကွန်ဂရက်လွှတ်တော်က လူနည်းစုအမျိုးသမီးတွေကို ကိုယ့်နေရာကိုယ်ပြန်သွားဖို့ ကောင်းတယ်လို့ ဒေါ်နယ်လ်ထရမ့်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကွန်ဂရက်လွှတ်တော်က လူနည်းစုအမျိုးသမီးတွေကို ကိုယ့်နေရာကိုယ်ပြန်သွားဖို့ ကောင်းတယ်လို့ ပြောခဲ့ပြီး အမေရိကန်အစိုးရကို ဝေဖန်နေမယ့် အစား သူတို့အဆင့်မြင့်နိုင်ငံတွေဆီ ပြန်သွားပြီး အဲဒီမှာကပ်ဆိုက်နေတဲ့ အစိုးရတွေကို ပြုပြင်သင့်တယ်လို့ တွစ်တာပေါ်ကနေ ရေးသားခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီကိုတော့ မစ္စတာထရမ့် ရဲ့ စကားတွေဟာ နိုင်ငံခြားသားမုန်းတီးရေးနဲ့ လူမျိုးရေးခွဲခြားရေးဆန်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။