ဦးဝီရသူ မြိတ်တရားပွဲ ဗီဒီယို အစိုးရက သက်သေတင်သွင်း

ရေးသားခဲ့သည်။

ဦးဝီရသူကို စွပ်စွဲထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က) အမှုကို မျက်ကွယ် စစ်ဆေးနေရာ မှာ တရားလိုပြ သက်သေ ၃ဦးကို ဇူလိုင်လ ၂ ရက်နေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဦးဝီရသူရဲ့ မြိတ်မြို့ တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးကို သက်သေတင်သွင်းခဲ့တယ်လို့ အဲဒီတရားခွင်ကို သတင်းသွားယူခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။

မြိတ်တရားပွဲ ဗီဒီယိုကတော့ ဧပြီလ ၂၉ ရက်က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့ မှာ ပြောကြားခဲ့တဲ့ ဦးဝီရသူရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အရေးယူဖို့ အစိုးရက အမှုတည်ဆောက်နေတယ်ဆိုတာကို သာဿနာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဇာနည်မင်းက ဘီဘီစီကို ပြောထားပါတယ် ။

အခု ရန်ကုန်အမှုကတော့ တရားလိုပြသက်သေ ၉ ဦးထဲမှာ ဇူလိုင်၂ ရက်က ၃ဦးထပ်စစ်တာဖြစ်ပြီးတော့ ဇူလိုင်လ ၉ ရက်နေ့မှာ ကျန်တဲ့ ၃ ယောက် ကိုထပ်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။

ယနေ့ ရုံးချိန်းမှာတော့ ရဟန်းသံဃာတွေ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်တယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။

ဓမ္မစက်နဲ့ အာဏာစက်

ဦးဝီရသူ ဟာ မေလ ၅ ရက် ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည် နဲ့ အစိုးရ တာဝန်ရှိသူတွေကို ပုတ်ခတ် ဟောပြောခဲ့တယ်ဆိုပြီး အစိုးရက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) အရ တရားစွဲဆိုခံရတာဖြစ်ပါတယ်။

တရားစွဲမှုအပြီး ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်ထားပေမဲ့လည်း ဦးဝီရသူက ထွက်ပြေး တိမ်းရှောင်နေတဲ့ အတွက် အနောက်ပိုင်းခရိုင် တရားရုံးက အမှုကို မျက်ကွယ်မှာ ဆက်လက် စစ်ဆေးနေပါတယ်။

ဦးဝီရသူက သူ့ကို ဖမ်းဝရမ်း ထုတ်ထားစဉ် ဆရာတော်ကြီးတွေရဲ့ ဓမ္မစက်နဲ့ အရေးယူ ခြင်းကိုသာ အရင်ခံယူမယ်လို့ မေလ ၃၁ ရက်မှာ ပြော ထားပါတယ်။

တကယ်လို့ ဦးဝီရသူရဲ့ စကားတွေဟာ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်း ခဲ့တယ် ဆိုရင်လည်း သံဃာ့အဖွဲ့အစည်းကသာ ဓမ္မစက်နဲ့ ရှေးဦးစွာ အရေးယူသင့်ပြီး၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတပ် တရားစွဲတာဟာ ဥပဒေမဲ့ ဆောင်ရွက်တာပဲလို့ အဲဒီ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဆရာတော် ဦးသောပါကက ဘီဘီစီကို မိန့်ပါတယ်။

ဦးဝီရသူကို တရားစွဲဆို ဝရမ်းထုတ်ခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ် တချို့မှာ စုဝေးချီတက် ဆု တောင်းပွဲတွေ ပြုလုပ်ခဲ့ရာမှာ ပါဝင်သူ သံဃာတော်နှင့် လူပုဂ္ဂိုလ်တချို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဇွန်၁၉ ရက်နောက်ပိုင်းမှာတော့ စုဝေးချီတက် ဆု တောင်းပွဲတွေ နည်းသွားတာတွေ့ရပါတယ်။

ဦးဝီရသူ တရားခံပြေးလား

ယနေ့အထိတော့ ဦးဝီရသူဟာ တရားခံပြေး မဟုတ်သေးပါဘူး။ လာမယ့် ဇူလိုင် ၉ ရက် နေ့ မှာ တော့ မျက်ကွယ်စစ်ဆေးမှုတွေပြီးရင် တော့ တရားခံပြေး အဖြစ်ကြေညာဖို့ ရှိလာနိုင်ပါတယ်။

ဦးဝီရသူက သူ့ကို အခုထိဖမ်းလို့မမိတာ ရဲတပ်ဖွဲ့ ကို အပြစ် မတင်သင့်ကြောင်းနဲ့ လွှတ်တော်က ဧည့်စာရင်းစစ်တဲ့ ဥပဒေကို ဖျက်ခဲ့သူတွေကိုသာ အပြစ်တင်ဖို့ လိုတယ်လို့လည်း ပြောထားပါတယ်။

ဦးဝီရသူ အမှုကို တရားလို အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ တရားလိုပြ သက်သေတွေဖြစ်တဲ့ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးဌာန အရာရှိစတဲ့ ပုဂ္ဂိုလ် ၆ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးပြီး ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဟောပြောတာဟာ အမုန်းတရားပွားစေရန် လှုံ့ဆော် ဟောပြောတာဖြစ်ပြီး အစိုးရကို အကြည်ညိုပျက်စေခဲ့တယ် ဆိုကာ ဦးဝီရသူရဲ့ မြိတ်မြို့ တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးကို သက်သေတင်သွင်းခဲ့တာဖြစ်ပြီးတရားရုံးက လက်ခံခဲ့ပါတယ်။