ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
H1 N1 ရောဂါဖြစ်ပွားလို့ စောင့်ကြည့်ကုသမှုခံယူရသူ ၁၉ဦးအနက် ၄ဦးသာဆေးရုံမှာကျန်တော့၊ပုဒ်မ ၆၆ဃနဲ့တရားစွဲဆိုထားတဲ့အမှုပေါင်း ၂၀၀ပြည့်ပြီ ရှိနေအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ
H1 N1 ရောဂါဖြစ်ပွားလို့ စောင့်ကြည့်ကုသမှုခံယူရသူ ၁၉ဦးအနက် ၄ဦးသာဆေးရုံမှာကျန်တော့
H1 N1 ရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးလူနာ ၁၉ဦးရှိတဲ့ထဲမှာ ၇ ဦးသေဆုံးပြီး ကျန် ၁၂ ဦးအနက် ၄ဦးသာဆေးရုံတွေမှာဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနကနေသိ ရပါတယ်။
တစ်နိုင်ငံလုံး သေဆုံးသူ ခုနစ် ဦး ရှိခဲ့တဲ့အနက် ခြောက်ဦးဟာ ရန်ကုန်တိုင်းကဖြစ်ပါတယ်။ ကျန်တစ်ဦး ကတော့ စစ်ကိုင်းတိုင်း မုံရွာက ခြောက်လအရွယ် ကလေးတစ်ဦး ဖြစ်ပါတယ်။
' ' ရန်ကုန်ဆေးရုံကြီးမှာ တစ်ယောက် ရှိတယ်။ အတွင်းလူနာပေါ့။ ပြီးတော့ မြောက်ဥက္ကလာဆေးရုံကြီးမှာ တစ်ယောက်၊ ရန်ကင်းကလေးဆေးရုံမှာ ၂ယောက်ပဲကျန်တော့တယ်။ အခြေအနေကတော့ စောင့်ကြည့် ကုသနေဆဲပါ။''လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှကပြောပါတယ်။
ကျန်တဲ့လူနာ ၈ဦးကတော့ သက်သာပျောက်ကင်းသွားလို့ ဆေးရုံကနေဆင်းသွားကြပြီဖြစ်တယ်လို့လည်း သူမကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ H1 N1 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့နဲ့ ချိတ်ဆက်ပြီးလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ဖို့ နဲ့ ပြင်းထန်ရောဂါလက္ခဏာရှိသူတွေကို အချိန်မီစောင့်ကြည့်ကုသနိုင်ဖို့တွေကိုလည်း ချိတ်ဆက်စီစဉ်နေပြီလို့သိရပါတယ်။
ပုဒ်မ ၆၆ဃနဲ့တရားစွဲဆိုထားတဲ့အမှုပေါင်း ၂၀၀ပြည့်ပြီ၊ အစိုးရနဲ့တပ်ကစွဲဆိုတဲ့အမှုက သုံးပုံတစ်ပုံ ဝန်းကျင်ရှိနေ
ဆက်သွယ်ရေးဥပဒေ ၆၆ ဃကိုစတင်အတည်ပြုခဲ့တဲ့ ၂၀၁၃ အောက်တိုဘာလကနေ ဇွန်လ ၂၀ ရက်နေ့ထိကို ဒီပုဒ်မ ကိုအသုံးပြုပြီး စွဲဆိုထားတာဟာ အမှုပေါင်း ၂၀၀ အထိရှိလာပြီလို့ အသံ အဖွဲ့က ထုတ်ပြန်ထားတဲ့ စစ်တမ်းအရ သိရပါတယ်။
' ' အစိုးရအဖွဲ့ကို ဝေဖန်လို့ စွဲဆိုထားတာက ၄၇မှုနဲ့ တပ်ကစွဲဆိုထားတာက ၂၁မှုရှိတယ်။ ဒါက အမှု အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်နေတယ်။ အာဏာရှိသူတွေက အဓိက သုံးစွဲနေကြ တာတွေ့ရတယ်။ ဒီလိုသာဆို အကျင့်ပျက်ခြစားမှုတွေ ပိုဆိုးလာမှာဖြစ်တယ်။ ဝေဖန်ထောက်ပြတာနဲ့ကို အရေးယူ ခံနေရတော့။ ဒါကြောင့်လည်း ဒီဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ တောင်းဆိုနေရတာဖြစ်ပါတယ်။'' လို့ အသံအဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုဆောင်းခက ဘီဘီစီကိုပြောပါတယ်။
အမှုပေါင်း ၂၀၀ ထဲမှာ တရားစွဲဆိုသူအများစုဟာ အစိုးရ၊တပ်မတော်၊လွှတ်တော်ကိုယ်စားလှယ်နဲ့ စီးပွားရေး သမားတွေကအများဆုံးဖြစ်တယ်လို့လည်း စစ်တမ်းအရသိရပါတယ်။
ဆက်သွယ်ရေးဥပဒေနဲ့တရားစွဲဆိုထားတဲ့အမှုပေါင်း ၂၀၀ကြောင့်တရားဆိုင်ရသူတွေ၂၄၆ ဦးအထိရှိလာပြီး ဒီထဲမှာ သာမန်ပြည်သူတွေပါသလို သတင်းမီဒီယာ သမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေလည်းပါဝင်နေပါတယ်။
တူရကီ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဘက်က အနိုင်ရသွား
တူရကီနိုင်ငံမှာတော့ အစ္စတန်ဘူမြို့ မြို့တော်ဝန်ရွေးကောက်ပွဲ ပြန်ကျင်းပရမှာပါ။သမ္မတအာဒိုဂမ် ရဲ့ အာဏာရ AK ပါတီဟာ မဲရှုံးနိမ့်သွားပါတယ်။
အတိုက်အခံ မြို့တော်ဝန်လောင်း Ekrm Imamoglu ကတော့ ဒီရွေးကောက်ပွဲမှာ သူအ နိုင်ရရှိတာဟာ နိုင်ငံ့အကြီးဆုံးမြို့ အစ္စတန်ဘူအတွက် ပြောင်းလဲမှုအစဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတွေပြော ထားသလို ဒီမိုကရေစီစနစ်ကို ထောက်ခံကြတဲ့အတွက်လည်း ချီးကျူးစကားပြောထားပါတယ်။
မစ္စတာ Imamoglu မတ်လ ရွေးကောက်ပွဲတုန်းက မဲအနည်းငယ်အသာနဲ့အနိုင်ရခဲပေမဲ့ မဲမသာမှု တွေရှိခဲ့တယ်လို့ဆိုပြီး သမ္မတ အာဒိုဂမ်ရဲ့ AK ပါတီက တိုင်တန်းခဲ့လို့ အဲဒီမဲရလာဒ်ကို ရွေးကောက်ပွဲ အာဏာပိုင်တွေက ပယ်ဖျက်ခဲ့ပါတယ်။
အခုရွေး ကောက်ပွဲဟာ အစ္စတန်ဘူလ်မှာ မဲနိုင်သူမှန်သမျှ တူရကီတစ်နိုင်ငံလုံးမှာ မဲနိုင်တာလို့ ပြောထား သူလည်းဖြစ်၊ မြို့တော်ဝန်ဟောင်းလည်း ဖြစ်တဲ့ သမ္မတ အာဒိုဝမ် အတွက် ထိုးနှက်မှု တစ်ခုလည်း ဖြစ်လာပါတယ်။