ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုန်တိုင်းကြား ဆင်းရင်း ဖလော်ရီဒါက မြစ်ထဲချော်ကျခဲ့တဲ့ လေယာဉ်
မိုးကြိုးမုန်တိုင်းကြား ဆင်းသက်ခဲ့ရတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြေးလမ်းချော်ပြီး မြစ်ထဲကိုရောက်သွားခဲ့ပါတယ်။
လေယာဉ်ပေါ်ပါလာသူ ၁၄၃ ယောက်စလုံး ဆိုးဆိုးရွားရွား ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
မိုင်ယာမီ လေကြောင်းက စင်းလုံးငှား လေယာဉ်ဟာ ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်အော်ကနေ အမေရိကန်နိုင်ငံ ဂျက်ဆန်ဗေးလ်က စစ်အခြေစိုက် စခန်းတစ်ခုကို သောကြာနေ့ ညပိုင်းမှာ ပျံသန်းလာတုန်းမှာ အခုလို မြစ်ထဲ ကျသွားခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းကြားမှာ ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ဟာ အနီးအနားက စိန့်ဂျွန်းမြစ်ထဲကို လမ်းချော် ရောက်ရှိသွားခဲ့တာလို့ ခရီးသည်တွေက ပြောပါတယ်။
ဒဏ်ရာ အနည်းအကျဉ်းရခဲ့တဲ့ ခရီးသည် ၂၀ လောက်ကိုတော့ ဆေးရုံပို့ပြီး ကုသထားရပါတယ်။
လေယာဉ်လမ်းချော်သွားတာက အရမ်း ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့ အခိုက်အတန့်ပါလို့ ခရီးသည်တစ်ယောက်က ပြောပါတယ်။
"လေယာဉ်က မြေကြီးကို ထိပြီးတော့ ပြန်မြောက်တက်သွားတယ်။ အဲလို ဖြစ်နေတာက လေယာဉ်မှူးက လေယာဉ်ကို လုံးဝထိန်းလို့ မရတော့လို့ ဆိုတာ ရှင်းနေတာပါပဲ။ ပြီးတော့ ထပ်မြောက်တက်သွားပြန်တယ်"လို့ အဲဒီခရီးသည် အမျိုးသမီးက ဆက်ပြောပါတယ်။
"ကျွန်မတို့ ရေထဲရောက်သွားတယ်။ အဲဒါ ဘယ်နေရာမှန်းလည်း ဘယ်သူမှ မသိကြဘူး။ မြစ်ထဲကျသွားတာလား သမုဒ္ဒရာထဲကျသွားတာလားလည်း မသိကြဘူး၊ လေယာဉ်ဆီနံ့လည်း ရတယ်"လို့ သူက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။