Eleven Media သတင်းသမားတွေကိစ္စ မီဒီယာကောင်စီကို အရင်တိုင်ကြားဖို့ ဆောင်ရွက်မယ်

ရေးသားခဲ့သည်။

အင်းစိန်ထောင်မှာ လက်ရှိ ထိန်းသိမ်း ခံထားရတဲ့ Eleven Media သတင်းသမားတွေ ကိစ္စကို သတင်းမီဒီယာ ကောင်စီကို တိုင်ကြား ညှိနှိုင်းပြီးမှ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ သမ္မတရုံးရဲ့ အမြဲတမ်း အတွင်းဝန်က ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြားထားတဲ့ လျှို့ဝှက်စာတခု အင်တာနက် စာမျက်နှာတွေပေါ် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီစာထဲကအတိုင်း သတင်းမီဒီယာ ကောင်စီကို တိုင်ကြားပြီးမှ အဆင့်ဆင့် ဆောင်ရွက်ရေးအတွက် Eleven Media သတင်းသမား သုံးယောက်ကို တရားစွဲထားတဲ့ တရားလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က သတင်းမီဒီယာ ကောင်စီကို ကိုယ်တိုင် လာရောက် တိုင်ကြားခဲ့တယ်လို့ သတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပြပါတယ်။

Eleven Media သတင်းသမားတွေ ကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာ ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့အပြီးမှာ အဲဒီ ကြေညာချက်အတိုင်း ဆောင်ရွက်ဖို့ နိုင်ငံတော် အစိုးရက ညွှန်ကြားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာ ကောင်စီအနေနဲ့ တရားရုံးမှာ ရောက်နေတဲ့ အမှုကို ဝင်ရောက် စွက်ဖက်ခွင့် မရှိတာကြောင့် တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) ကို ရုတ်သိမ်းပေးမှ မီဒီယာ ကောင်စီက ဆောင်ရွက်လို့ ရမယ်ဆိုတာကို ရှင်းပြခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် မနက် ၁၁ နာရီမှာ Eleven Mediaက တာဝန်ရှိသူတွေရော၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားလို ပါ၊ သတင်း မီဒီယာ ကောင်စီမှာ လာရောက် ညှိနှိုင်းကြမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

Eleven Media သတင်းသမားတွေရဲ့ အမှုကို ရှေ့နေ လိုက်ပေးတဲ့ ပြည်ထောင်စု ရှေ့နေများ ဥပဒေ အထောက်ကူပြု အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကလည်း တကယ်လို့ သမ္မတရုံးရဲ့ စာအရ အမှန်တကယ်ပဲ ဒီအမှုကို ပြန်ရုပ်သိမ်းပြီး သတင်းမီဒီယာ ကောင်စီကို တိုင်တဲ့ အဆင့်ကနေ ပြန်စမယ် ဆိုရင် စီရင်ထုံး ဖြစ်သွားပြီ ဖြစ်ကြောင်း၊ ဒီ စီရင်ထုံးကို လေးစား လိုက်နာရမှာ ဖြစ်ပြီး စီရင်ထုံးကို ကျော်လုပ်ရင် တရားစွဲဆိုပိုင်ခွင့် ရှိကြောင်း ပြောပါတယ်။

သမ္မတရုံး ညွှန်ကြားစာအရ သူ့အမှုသည် ဖြစ်တဲ့ Eleven Media သတင်းသမားတွေကို နောက်ရုံးချိန်း မတိုင်ခင် လွှတ်ဝရမ်းနဲ့ လွှတ်ပေးရင် ရနိုင်တာမို့ လွတ်လာဖို့ မျှော်လင့်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်မှာပါတဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ ရှယ်ယာ" ဆောင်းပါးကြောင့် အောက်တိုဘာလ ၉ ရက်မှာ ရုံးကို ရဲတွေ လာရောက် စီးနင်း ရှာဖွေခဲ့ပြီး Eleven Media သတင်းသမားတွေ ဖြစ်တဲ့ ကိုကျော်ဇောလင်း၊ ကိုနရီမင်းနဲ့ ကိုဖြိုးဝေတို့ကို အောက်တိုဘာလ ၁၀ ရက်ကတည်းက ထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။