ကားအသစ်ထပ်မံဝယ်ယူဖို့နဲ့ ကားပြင်ဆင်စရိတ်ကို ကျပ်ငွေ ဘီလျံနဲ့ချီ တောင်းခံ

မော်တော်ယာဉ် ပြုပြင်စရိတ်နဲ့ အသစ်ထပ်မံ ဝယ်ဖို့ တောင်းခံလာတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဗဟိုစာရင်းအင်းနဲ့ စစ်ဆေးရေး ဦးစီးဌာနအနေနဲ့ လာမဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကားအသစ်ထပ်မံဝယ်ယူဖို့နဲ့ ကားပြင်ဆင်စရိတ်ကို ကျပ်ငွေ ဘီလျံနဲ့ ချီပြီး တောင်းခံထားပါတယ်။
ဝန်ကြီးဌာန ကတောင်းခံထားတဲ့ ငွေပမာဏဟာ များနေတာရယ် အမှန်တကယ် ဒီကားတွေရှိမရှိ သိရှိ နိုင်ဖို့ ကားတွေထားရှိတဲ့ ဂိုဒေါင်တွေကို သွားရောက် စစ်ဆေးခဲ့ရတယ်လို့ လွှတ်တော်ရငွေသုံးငွေ ပူးပေါင်းစီစစ်မှု ကော်မတီ ၆ က သွားရောက်စစ်ဆေးရာမှာ ပါဝင်တဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလွန်စံခန့် က ပြောပါတယ်။
ဝန်ကြီးဌာနက တင်ပြလာတဲ့ ပြုပြင်ထိန်းသိမ်းစရိတ်အတွက် တင်ပြတောင်းခံလာတဲ့ ကားအစီးအရေမှာ စုစုပေါင်း ၁ ထောင်ကျော်ရှိပြီး အဲဒီကားတွေအတွက် ပြုပြင်စရိတ် တောင်းခံခြင်းဖြစ်ပါတယ်။
ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ ကားအများစုဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက် လာတဲ့ နိုင်ငံ တကာခေါင်းဆောင်တွေ စီးနင်းဖို့ ဝယ်ယူထားတဲ့ အမျိုးအစား ကောင်းမွန်တဲ့ ကားတွေပါဝင်သလို ပဲခူးနဲ့ ရှမ်း ပြည်နယ် ဖက်က ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေလဲ ပါဝင်ပါတယ်။
အဲဒီကားတွေထဲကမှာ မာစီဒီးကားတွေကို မကြာသေးခင်ကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ စီးနင်းဖို့ အတွက် နိုင်ငံတော်သမ္မတက ပေးအပ်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကားတွေထဲမှာ လပ်ဇပ်ကားလို စျေးကြီးကားတွေလည်း ပါဝင်နေပါတယ်။
အဲဒီလို ကားအကောင်းစားတွေ အများကြီးရှိရဲ့သားနဲ့ ကားထပ်ဝယ်ဖို့ တောင်းခံလာတဲ့ အပေါ်မှာတော့ အံသြမိတယ်လို့ သွားရောက်စစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ်တွေ ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PHILIP HEIJMANS
ဒါ့အပြင် ဝန်ကြီးဌာနက အဲဒီကားတွေ ပြင်ဆင်ဖို့ အတွက် လာမဲ့ဘတ်ဂျက်မှာ အသုံးစရိတ်တောင်းခံထားတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်ကလည်း ဒီကားတွေနဲ့ ပတ်သက်လို့ ပြုပြင် ထိန်းသိမ်းတဲ့ စရိတ် တောင်းခံတဲ့အပေါ် သံသယရှိခဲ့ပေမဲ့ ဘဂျက် စစ်ဆေးဖို့ အချိန် ၃ ရက်သာ ပေးထားတဲ့အတွက် မစစ်ဆေးပဲ တောင်းသလောက်ပေးခဲ့ရပေမဲ့ ဒီနှစ်မှာတော့ ၂ ပတ်ကျော်အချိန်ရတဲ့အတွက် အခုလို စစ်ဆေးရတာဖြစ်တယ်လို့ ဦးစိုင်းလွန်စံခန့် က ပြောပါတယ်။
ဒီစစ်ဆေးတွေ့ရှိချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး မကြာမီ ပြည်ထောင်စု လွှတ်တော်ကနေ ကော်မတီရဲ့ တွေ့ရှိ ချက်ကိုဖတ်ကြားပြီး ဖြတ်တောက်သင့်တာတွေကို ဖြတ်တောက်ဖို့ အဆုံးအဖြစ် ရယူမှာ ဖြစ်ပါတယ်။








