ယာဉ်အန္တရာယ် ကင်းဖို့ ဘယ်မောင်းပဲ သွင်းခွင့်ပြုမယ်

ဓာတ်ပုံ ရင်းမြစ်, UNKNOWN
မြန်မာနိုင်ငံမှာ ဘယ်မောင်းတွေသာ တင်သွင်းခွင့်ပြုမယ့် ၂၀၁၈ အတွက် မူဝါဒသစ်ကို မော်တော်ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများကြီးကြပ်မှု ကော်မတီက ကနေ့တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကားစိတ်ဝင်စားသူ အများစု စောင့်မျှော်နေကြတဲ့ မော်တော်ယဉ် တင်သွင်းခွင့် မူဝါဒသစ်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ မော်တော်ယာဉ် တင်သွင်းခြင်းနဲ့ သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
မူဝါဒသစ်မှာ လူတဦးချင်း ကားတင်သွင်းခွင့် အတွက် ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အထိမော်ဒယ်၊ စလစ်ကပ်ကား၊ ကုန်တင်ကား လုပ်ငန်းသုံးယဉ်နဲ့ ဘစ်ကားတွေကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဘယ်မောင်း အမျိုးအစားတွေ တင်သွင်းခွင့် ပြုထားပါတယ်။
မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ် တွေကိုတော့ ၂၀၁၇ခုနှစ်နဲ့ ၂၀၁၈ခုနှစ်ထုတ်မော်ဒယ် ဘယ်မောင်းယာဉ်တွေကို တင်သွင်းခွင့်ပေးထားပါတယ်။
ဘယ်မော်ဒယ် အတွင်းမှာ ဖြစ်ရမယ်၊ ဘယ်မောင်းတွေဖြစ်ရမယ်၊ ဒီနှစ်ခုတော့ ကန့်သတ်ချက် ရှိတာပေါ့။ ကားလမ်းပေါ်မှာ အန္တရာယ် ကင်းရှင်းစေရေး အတွက် ကားဟောင်းတွေကို လျှော့ချမယ်။ ဒီလို လက်ဝဲကပ်မောင်း လုပ်ခြင်း အားဖြင့် ပိုပြီး အန္တရာယ် ကင်းမယ်။ ဘာစီးပွားရေး ဂိုဏ်းဂဏနဲ့မှ ချိတ်ဆက် ထားတာ မရှိပါဘူး
လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ဘီဘီစီကို ပြောပါတယ်။
လမ်းတွေကလည်း သိပ်မကောင်းတာကြောင့် လမ်းတွေ ကြံ့ခိုင်မှုပြန်လုပ်နိုင်အောင် ကားအဟောင်းတွေ လျှော့ချဖို့ ရည်ရွယ်တာလည်းဖြစ်သလို ပြည်တွင်း ထုတ်လုပ်မှုကို အားပေးချင်တာကြောင့်လည်း ဖြစ်တယ်လို့ ဝန်ကြီး က ဆက်ပြောပါတယ်။
လူအများစုက ဂျပန်တပတ်ရစ်ကား တွေကိုသာ ကြိုက်နှစ်သက် နေကြပြီး လတ်တလော အခြေအနေအရ ကားဈေးကွက်ကို ဒီထုတ်ပြန်ချက်က လှုပ်ခတ်မှု ရှိနေတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်သူများ အသင်းက ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဘီဘီစီကို ပြောပါတယ်။
ကားဟောင်းတွေက သူတို့ကမရှိစေချင်တဲ့ သဘော၊ အခု မြန်မာမှာ သုံးနေတဲ့ ကားတွေက ဂျပန်က တပတ်ရစ် ဆိုပေမယ့် သူတို့ ပြည်တွင်းသုံး အတွက် သီးသန့် ထုတ်ထားတဲ့ ကားတွေ ဆိုတော့ သူတို့နဲ့ ယှဉ်မယ့် ကားတွေကို ယှဉ်ပြိုင်ရဲတဲ့ အခြေအနေတော့ ရှိတယ်။ ဒါဟာ သူတို့ အကြောင်းပြတဲ့ ကိစ္စ သက်သက်ပါ။ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးမယ်ဆိုရင် အခုအထိ သူတို့ဘာတွေ ထုတ်နိုင်သလဲဆိုတာ မေးခွန်း မေးစရာ ဖြစ်နေတယ်။ ဘယ်မောင်းက ရောင်းမှမထွက်ဘဲ၊ ညာမောင်းတွေသာ လိုက်ဝယ်နေကြတာ ၊ အခုက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်နေတာ
လို့ ဦးအောင်သန်းဝင်းက ပြောပါတယ်။
ဘယ်မောင်းဆိုတဲ့ အတွက် ဘယ်မောင်းကားတွေအတွက် အဆင်ပြေပြီး မြန်မာပြည် လမ်းတွေ အတွက် လုံခြုံစိတ်ချ သွားနိုင်သလို ကားသစ်တွေ စီးနိုင်ကြမယ်လို့ မြန်မာနိုင်ငံ ကားထုတ်လုပ် တင်သွင်း ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ပြောပါတယ်။ အခုမူဝါဒသစ်မှာ ကျေးလက်ဒေသက ကားစီးသူတွေအတွက်လည်း အကျိုးရှိမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကားအသစ်ဈေးကွက်ပေါ်လာတာပေါ့၊ ရန်ကုန်မှာပဲ များနေပြီး နယ်တွေမှာနည်းနေတာလေ။ အခွန်စည်းကြပ်တဲ့ အခါ တပြေးညီ ကောက်တော့ နယ်မှာ လိုင်စင်မဲ့များနေတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက် မတူတဲ့ နှုန်းထားနဲ့ အခွန်ကောက် လိုက်မယ် ဆိုရင် နယ်တွေမှာလည်း ကားတွေ များလာလိမ့်မယ်
လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
လက်ရှိ အခြေအနေ မှာတော့ ညာမောင်းအများစုကိုပဲ အားသန်တဲ့ မြန်မာနိုင်ငံသားတွေ အတွက် အဆင်မပြေမှုနေရှိတယ်လို့ ကားမောင်းသူတွေကပြောပါတယ်။ တခြားနိုင်ငံကထုတ်တဲ့ ကားတွေကလည်း ဂျပန်နိုင်ငံက တင်သွင်းတဲ့ တပတ်ရစ်ကားတွေလို ဈေးမသက်သာဘဲ ကြံ့ခိုင်မှုမှာလည်း ဂျပန်ကားလောက် ရေရှည်ခံမယ်မဟုတ်ဘူးလို့ ကားအကြောင်းနားလည်သူအများစုက ထင်မြင်နေကြပါတယ်။








