ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးကိုနီကို သတ်ဖြတ်မှုနဲ့ လူ ၄ ဦးကို တရားစွဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန်လေဆိပ်မှာ ပစ်သတ်ခံရပြီး တစ်လအကြာမှာ ပစ်သတ်သူ ကြည်လင်းနဲ့အပေါင်းပါ ၃ ဦးကို မတ်လ ၃ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။
ကြည်လင်းနဲ့အတူ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်တို့ကို တရားစွဲလိုက်တာပါ။
ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ပုဒ်မ ၁၉ လက်နက်အမှု တွေ ပါဝင်ကြောင်း သိရပြီး ဘယ်လို အမှုမျိုးနဲ့ တရားစွဲသင့်တယ်ဆိုတာ စုံစမ်းဖော်ထုတ်တဲ့ အထောက်အထားအပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်မှာ ဖြစ်ကြောင်း NLD ဥပဒေအထောက်အကူပြုအဖွဲ့က ဦးကျော်ဟိုးက ပြောပါတယ်။
ဦးကိုနီအမှုမှာ လိုက်ပါဆောင်ရွက်ဖို့အတွက် NLD ဥပဒေအထောက်အကူပြုအဖွဲ့ဘက်ကလည်း မိသားစုဆီကနေ ရှေ့နေလွှဲစာရဖို့ ဆောင်ရွက်နေကြောင်း ဦးကျော်ဟိုးက ပြောပါတယ်။
ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ်ကအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပစ်သတ်ခံရပြီး ပစ်သတ်သူကို ကူညီပြီး ဖမ်းပေးသူ အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေဆုံးခဲ့ပါတယ်။