ဧပြီ ၉ရက် နောက်ဆုံးရသတင်းများ- ကျောက်ထုနဲ့ မင်းတပ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်

ကျောက်ထုနယ်ကောင်းကင်မှာတွေ့ရတဲ့စစ်ကောင်စီတပ် ရဟတ်ယာဥ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း

ဓာတ်ပုံ ပုံစာ, ကျောက်ထုနယ်ကောင်းကင်မှာတွေ့ရတဲ့စစ်ကောင်စီတပ် ရဟတ်ယာဥ်တစ်စီး
ရေးသားခဲ့သည်။

မကွေးတိုင်း၊ ဆောမြို့နယ်ထဲက ကျောက်ထုတိုက်နယ်နဲ့ ကပ်လျက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အစပ်ကို စစ်ကောင်စီတပ်က ဧပြီလ ၈ ရက်မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ထုနဲ့ မင်းတပ်မြို့နယ်အစပ်မှာ ဧပြီလ ၇ ရက်တုန်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်အပြီးမှာ စစ်ကောင်စီတပ်ဘက်က အခုလိုလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

‘‘ဧပြီလ ၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပြီး‌တော့ အဲဒီည ၁၁ နာရီကျော်ကျော်မှာ တစ်ကြိမ်လာ ပစ်တယ်။ နောက် ၈ ရက်နေ့ မနက်အစောပိုင်းည တစ်နာရီလောက်မှာ ၂ ကြိမ်လာပစ်တယ်။ နေ့ခင်းဘက် တိုက်ပွဲက တအားကြီး ပြင်းပြင်းထန်ထန်တော့မဟုတ်ပေမယ့် သူတို့ဘက်က အထိအခိုက်ရှိလို့ အခုလို လာပစ်သွားတာ’’ လို့ ကျောက်ထု PDF ဘက်က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျောက်ထုနဲ့မင်းတပ်အစပ်က ကျေးရွာတစ်ရွာအနောက်ဘက် တောထဲဖြစ်တာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့တော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အခုတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဧပြီလ ၉ ရက်မှာ ကျောက်ထုနယ်ထဲက မိအယ်ရွာ၊ အဲဒီနောက် ပန်းဆန်ရွာကို ဖြတ်ပြီး ကျောက်ထုအမြောက်တပ်ထဲကို ပြန်ဝင်ရောက်သွားတယ်လို့လည်းသိရပါတယ်။

တာချီလိတ်မှာ လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်ဆက်ရှိနေ

မီးခိုးမြူတွေကြားက တာချီလိတ်မြို့

ဓာတ်ပုံ ရင်းမြစ်, စီဂျေ

ဓာတ်ပုံ ပုံစာ, မီးခိုးမြူတွေကြားက တာချီလိတ်မြို့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီနေ့ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ နီညိုရောင်အဆင့်မှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ ၂ ရက်ဆက်တိုက် လေထုညစ်ညမ်းမှု အမြင့်ဆုံးကိုရောက်နေတာဖြစ်ပြီး လေထုထဲက မျက်စိနဲ့ မမြင်နိုင်တဲ့ PM 2.5 အမှုန်တွေပါဝင်မှုဟာ အမှတ် ၃၀ဝ ကျော်ရောက်နေတယ်လို့ တာချီလိတ်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပြောပါတယ်။

တောမီးနဲ့ တောင်ယာမီးရှို့ရာကနေ ထွက်တဲ့ မီးခိုးတွေကြောင့် မြန်မာဘက်ခြမ်းက တာချီလိတ်မြို့၊ ကပ်လျက် ထိုင်းနိုင်ငံဘက်ခြမ်းက မယ်ဆိုင်မြို့အပြင် နှစ်နိုင်ငံ နယ်စပ်ချင်းထိစပ်နေတဲ့ လာအိုနိုင်ငံတို့မှာပါ မီးခိုးမြူတွေ မြင့်တက်နေတာပါ။

နိုင်ငံနယ်စပ်ဖြတ်ကျော်နေတဲ့ မီးခိုးမြူပြဿနာကို ဖြေရှင်းဖို့ ဆိုပြီး မြန်မာစစ်ခေါင်းဆောင်၊ ထိုင်းဝန်ကြီးချုပ်နဲ့ လာအိုဝန်ကြီးချုပ်တို့ဟာ ပြီးခဲ့တဲ့သောကြာနေ့ကပဲ အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးထားပါတယ်။

ဖလမ်းနဲ့ ဟားခါးကြားမှာ စစ်ကောင်စီတပ် ကား ၂ စီးကို ချင်းပူးပေါင်းအဖွဲ့တွေ သိမ်းဆည်း

အဲဒီယာဥ်တွေဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, The Chin Journal

ဓာတ်ပုံ ပုံစာ, အဲဒီယာဥ်တွေဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းပြည်နယ်၊ ဖလမ်းနဲ့ ဟားခါးကြား လမ်းမမှာ စစ်ကောင်စီတပ် ချန်ထားခဲ့တဲ့ ၁၂ ဘီးကား အပါအဝင် ကား ၂ စီးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မတ်လ ၉ ရက်မှာ သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီကားတွေဟာ စစ်ကောင်စီတပ်က ချောဆွဲလာတဲ့ကားတွေဖြစ်ပြီး မိုင်းထိခဲ့တာကြောင့် ၁၂ ဘီးကားနဲ့ ၆ ဘီးကားကို ချန်ထားခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ချင်းသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။

အဲဒီကားတွေဟာ မတ်လ ၉ ရက်မှာ ကလေးမြို့က‌နေ ထွက်လာပြီး ချင်းပြည်နယ်ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ထောက်ပို့ပေးတဲ့ ယာဥ်တန်းမှာ ပါဝင်တဲ့ ကားတွေဖြစ်တယ်ပါတယ်။

ကလေးမြို့ကနေ တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဖလမ်းနဲ့ဟားခါးလမ်းတစ်လျှောက်မှာ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖလမ်းမြို့နယ်ထဲရောက်ခဲ့တဲ့ အဲဒီစစ်ကောင်စီယာဥ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချိန် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဖလမ်း-ဟားခါးလမ်းပေါ်က တလန်ဖာရ်ရွာနဲ့ ရမ်ထလိုကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ မီးပါး မီးလောင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောထားပါတယ်။

သာကေတမှာ ရပ်ထားတဲ့တွဲကားကို YBS ကား ဝင်တိုက်မှုဖြစ်

တွဲကားနဲ့ YBS တိုက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, ပေးဆပ်သူတို့နှလုံးသားပရဟိတအဖွဲ့

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ရပ်ထားတဲ့တွဲကားကို မြို့တွင်းပြေး YBS ဘတ်စ်ကား တစ်စီးက ဒီနေ့ ဧပြီလ ၉ ရက် မနက်ပိုင်းမှာ ဝင်တိုက်မှုဖြစ်ခဲ့ပါတယ်။

သာကေတမြို့နယ်၊ ရတနာလမ်းမကြီးမှာဖြစ်ပွားတဲ့ ဒီဖြစ်စဥ်မှာ ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

‘’စိုးရိမ်ရတဲ့အထိ ဒဏ်ရာရတဲ့သူတော့ မရှိခဲ့ဘူး။ လက်ကျိုးတဲ့သူနဲ့ အများစုက မှန်ကွဲစထိမှန်တဲ့သူတွေပါ။ ဒဏ်ရာရသူတွေကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်’’ လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

မိုးကုတ်က လယ်ကြီးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

လယ်ကြီး စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ချိန်

ဓာတ်ပုံ ရင်းမြစ်, screengrab

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်ကြီး စစ်ဆေးရေးဂိတ်ကို KIA/PDF၊ ကျောင်းသားတပ်(ABSDF) ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၇ ရက်တုန်းက တိုက်ခိုက်ခဲ့တယ်ဆိုပြီး မိုးမိတ်ခရိုင် KPDF အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

မိုးကုတ်-ပြင်ဦးလွင်-ကျောက်မဲဆက်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ စခန်းနဲ့ ရဲဂိတ်ကို မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းစစ်ဆင်ရာမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးတယ်လို့လည်း ဆိုပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ လယ်ကြီးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ မိုးမိတ်ခရိုင် KPDF က သီးခြား ထုတ်ပြန်ပြောဆိုပါတယ်။

လယ်ကြီးစခန်းကို တိုက်ခိုက်ချိန် လမ်းပေါ်ဖြတ်သန်းဖို့ ကြိုးစားတဲ့ အရပ်သား အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ လယ်ကြီးစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရန်ကုန်-မော်လမြိုင်ရထား လမ်းချော်ပြီး ခရီးသည်တင်တွဲ ၃ တွဲ ပြတ်ကျန်ခဲ့

 ရန်ကုန်-မော်လမြိုင်ရထား လမ်းချော်ပြီး ခရီးသည်တင်တွဲ ၃ တွဲ ပြတ်ကျန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်ကနေ မော်လမြိုင်မြို့ကို ပြေးဆွဲတဲ့ အမြန်ရထားဟာ ကျိုက်ကဘာ ဘူတာအကျော်မှာ မနေ့ ဧပြီလ ၈ ရက်နေ့လယ်ပိုင်းတုန်းက လမ်းချော်မှုဖြစ်ပြီး ခရီးသည်တွဲ ၃ ပြတ်ကျန်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရထားလမ်းချော်မှုကြောင့် လူစီးရထားတွဲ ၃ တွဲပြတ်ကျန်ခဲ့ပြီး အဲဒီရထားတွဲမှာ လိုက်ပါလာအချို့ကို အနီးနားက ဒေသခံတွေက ကျိုက်ထိုကားဂိတ်ကို ကားတွေနဲ့လိုက်ပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်-မော်လမြိုင်၊ အမှတ် ၈၉ အဆန်စာပို့ရထားဟာ ကျိုက်ကဘာ ဘူတာအကျော် မလော့ချောင် စေတီ တစ်ထောင်ကုန်းဘေး တောင်ကြားမှာ အရှိန်လွန်ပြီး ဘီးချောထွက်ခဲ့တာလို့ ခရီးသည်တွေက ပြောပါတယ်။

ရထားလမ်းချော်မှုကြောင့် လူစီးရထားတွဲ ၃ တွဲပြတ်ကျန်ခဲ့ပြီး အဲဒီရထားတွဲမှာ လိုက်ပါလာအချို့ကို အနီးနားက ဒေသခံတွေက ကျိုက်ထိုကားဂိတ်ကို ကားတွေနဲ့လိုက်ပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီရထားရဲ့ စက်ခေါင်း၊ အထက်တန်းတွဲ ၃ တွဲနဲ့ ရိုးရိုးတန်းတွဲ ၃ တွဲတို့ကတော့ ည ၈ နာရီကျော်ကျော်မှာ မော်လမြိုင်ကနေ ရန်ကုန်ကို ဆက်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ပတ္တရားအဝင် အဝေးပြေးလမ်းမှာကားတိုက်မှုကြောင့် သေဆုံးမှုထဲမြန်မာလုပ်သားအချို့ပါဝင်

ပတ္တရားအဝင် အဝေးပြေးလမ်းမှာကားတိုက်မှု

ဓာတ်ပုံ ရင်းမြစ်, หน่วยกู้ภัยสว่างประทีปศรีราชา

ဓာတ်ပုံ ပုံစာ, ပတ္တရားအဝင် အဝေးပြေးလမ်းမှာကားတိုက်မှု

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၊ ပတ္တရားအဝင် အဝေးပြေးလမ်းမှာ မနေ့ ဧပြီ၈ရက်က မြန်မာ‌နဲ့ ကမ္ဘောဒီးယားလုပ်သား အများစုတင်ဆောင်လာတဲ့ ကား က ရှေ့ကမောင်းနေတဲ့ ကွန်တိန်နာကုန်တင်ကားကြီးကို

ဝင်တိုက်ခဲ့လို့ သေဆုံးရသူတွေထဲ မြန်မာတွေပါဝင်တယ်လို့ ချွန်ဘူရီအခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေထံကသိရပါတယ်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အပြောအရ ကားထဲမှာ အလုပ်သမား ၁၆ ယောက်ပါပြီး ဆေးရုံနဲ့ ကယ်ဆယ်ရေးသမားတွေဘက်က ရတဲ့အချက်အလက်တွေအရ ဒီကနေ့အထိ သတင်းအရ စုစုပေါင်းသေဆုံးသူ ၈ဦးရှိသွားပြီလို့ ချွန်ဘူရီအခြေစိုက် Foundation For Aids Rights – FAR အလုပ်သမားအဖွဲ့က အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တာဝန်ခံမနန်းသန္တာထွန်းကပြောပါတယ်။

အလုပ်သမားလက်မှတ်သက်တမ်းတိုးဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ဘက်ကို သွားကြတာဖြစ်ပြီး ချွန်ဘူရီ- ပတ္တရား အဝေးပြေးလမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာလို့သိရပါတယ်။

ကားတိုက်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသူ ၅ဦးရှိသလို ကျန်တဲ့ ၁၁ယောက်ကတော့ ချွန်ဘူရီက ဆေးရုံတွေမှာနေရာခွဲပြီး ကုသမှုတွေခံယူနေကြရာကနေ ဆေးရုံမှာနောက်ထပ် ၃ဦးသေဆုံးတာလို့ သိရကြောင်း Foundation For Aids Rights – FAR အလုပ်သမားအဖွဲ့က အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တာဝန်ခံမနန်းသန္တာထွန်းကပြောပါတယ်။

“တိုက်မိတဲ့လူတွေကို ချွန်ဘူရီ က ဆေးရုံတွေမှာဖြန့်ပြီးကုသပေးနေတော့လိုက်ကြည့်ပြီးစုံစမ်းဖို့ခက်နေတယ်။ သူတို့နာမည်တွေလည်းမသိရဘူးလေ။ကယ်ဆယ်ရေးသမားတွေပြောတာကတော့ ထိုင်းစကားမရဘူး။ ခမာနဲ့ မြန်မာတွေကတော့သေချာတယ်လို့ပြောတယ်။သေတဲ့အထဲမှာ ကိုယ်ဝန်အောင်အမျိုးသမီးတဦးပါတယ်။ ဒီနေ့တော့သူတို့ အခြေအနေသိရဖို့ဆေးရုံတွေကိုလိုက်စုံစမ်းပါမယ်။ မနက်အစောကြီး ဘန်ကောက်နေ ထွက်လာတော့ ကားသမားကအိပ်ငိုက်တာမျိုးကနေတိုက်မိတာလို့သိရတယ်'' လို့ မနန်းသန္တာထွန်းကပြောပြပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ KNDFထုတ်ပြန်

ဧပြီ ၄ရက်နဲ့၅ ရက်တို့မှာ  ဖြစ်ခဲ့တဲ့တိုက်ပွဲကနေ ‌လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ဧပြီ ၄ရက်နဲ့၅ ရက်တို့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကနေ ‌လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ

ကရင်နီ- ကယားပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက် တောင်ပေါ် တစ်ကြော မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဧပြီ ၄ရက်နဲ့၅ ရက်တို့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကနေ ‌လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ KNDFကထုတ်ပြန်ပါတယ်။

KNDF ထုတ်ပြန်ချက်အရ နှစ်ရက်တာတိုက်ပွဲက ပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာတပ်ရင်းနဲ့ တပ်ခွဲတွေအပြင် KNDF ဗဟိုဒရုန်းတပ်ဖွဲ့ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းတွေဘက်က လက်နက်ကြီးပစ်ကူပေးတာ၊တိုက်လေယာဥ်နဲ့တိုက်ခိုက်တာတွေရှိတယ်လို့ လည်း ဖော်ပြထားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုဆယ်ချီရှိသလို KNDF B/06 တပ်ရင်းက ရဲဘော်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA၊KNDF တို့ မတ်လကစပြီး ဧပြီလအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင် သုံးသောင်းဝန်းကျင်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။