မတ် ၂၃ ရက် ဘီဘီစီနောက်ဆုံးရသတင်းများ - မြန်မာ့လူဦးရေရဲ့ထက်ဝက်ခန့် က ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်အောက်ရောက်နေ

ရေးသားခဲ့သည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ ပြင်နေ

စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နဲ့ မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, STATE MEDIA

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နဲ့ မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံ

စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဟာ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ နဲ့ နေပြည်တော်မှာ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မတ်လ ၂၂ ရက် ဆွေးနွေးပွဲအပြီးထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲမှာ အခြေခံဥပဒေ ဇယား(၂)ရဲ့နောက်ဆက်တွဲတွေ ဆက်လက်ဆောင်ရွက်မယ်ဆိုတာပါပါတယ်။ ဒါတွေကိုလည်းတွေ့ဆုံဆွေးနွေးရပါဦးမယ်။ ယခင်ကလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလိုမျိုးဆောင်ရွက်ဖို့ ထည့်သွင်းဆွေးနွေးတာဖြစ်ပါတယ်’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ NCA အပစ်ရပ်စာချုပ် တို့ကို အခြေခံထားပြီး ငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အဖွဲ့အသီးသီးရဲ့ လိုလားချက်တွေ၊ ဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေး နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ က အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးတွေကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်နယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တွေတောင်းထားတဲ့ ဒီအဖွဲ့တွေနဲ့ ဘယ်အချက်တွေလက်မှတ်ထိုးခဲ့လဲဆိုတာကိုတော့ တိတိကျကျထုတ်ပြောထားတာမရှိပါဘူး။

NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) လည်း လာမယ့်ရက်ပိုင်းအတွင်း လာမယ့်ရက်ပိုင်းအတွင်း နေပြည်တော်မှာ စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

မုံရွာမြို့ က လူငယ် ၁၀ဦး နဲ့ ဒေသခံအချို့ဖမ်းဆီးခံရ

 လူငယ်တွေကိုဖမ်းမိတယ်ဆိုတဲ့ မုံရွာမြို့ တောင်ကျွန်းပေါ်မြစ်ဆိပ်ဘက် မှာ ‌ဖမ်းမိတဲ့နေရာကတဲအိမ်တွေမီးလောင်နေပုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လူငယ်တွေကိုဖမ်းမိတယ်ဆိုတဲ့ မုံရွာမြို့ တောင်ကျွန်းပေါ်မြစ်ဆိပ်ဘက် မှာ ‌ဖမ်းမိတဲ့နေရာကတဲအိမ်တွေမီးလောင်နေပုံ

စစ်ကိုင်းတိုင်းမုံရွာမြို့ ချင်းတွင်းမြစ်ကမ်း အနီးမှာ Anonymous အဖွဲ့အမည်နဲ့ လှုပ်ရှားနေတဲ့ လူငယ် ၁၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူဖမ်းမိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ဖမ်းဆီးမိသူတွေနဲ့အတူ ဓါးစားခံ ခေါ်ဆောင်ခံထားရတဲ့ က​လေး ၁ဦးအပါ အဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး၁ဦး စုစုပေါင်း ၄​ယောက်ကိုကယ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအပြောအရ အဲဒီလူငယ်တွေဟာ ဖောက်ခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုပေါင်း ၇ ကြိမ်ကျူးလွန်ခဲ့တယ် လို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အသက် ၁၇နှစ်ကနေ အသက် ၃၇နှစ် အကြားလူငယ် ၁၀ဦး ပါဝင်ပြီး အသက် ၄၀ကျော်နဲ့ ၅၀ကျော်ကြား လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၄ ဦးကတော့ ကူညီထောက်ပံ့နေသူတွေလို့ စွပ်စွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။

'' လူငယ်တွေကိုမဖမ်းခင်က အချဥ်ပေါင်းသည် ဦးလေးကြီးကို အရင်ဖမ်းတာပြီးမှ အဲဒီလူငယ်တွေကိုနောက်နေ့မနက်အစောမှာဖမ်းလိုက်တာ။ တဖွဲ့တည်းလို့ထင်ပြီးဖမ်းတဲ့ပုံပဲ''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မုံရွာမြို့ခံအချို့ရဲ့ အပြောအရ ဖမ်းမိသွားတဲ့လူငယ်တွေကို ချင်းတွင်းမြစ် တောင်ကျွန်းမှာ မနက်အစောပိုင်းဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီလူငယ်တွေကတကယ်ဖောက်ခွဲမှုတွေလုပ်မလုပ်ကိုတော့ ဘယ်သူမှတိတိကျကျမသိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေက ဖမ်းမိသူတွေနေထိုင်တဲ့တဲအိမ် ၃လုံး ကိုလည်းမီးရှို့သွားတယ်လို့ ဆိုပါတယ်။

မြကန်ကျေးရွာ မီးရှို့ ခံရ၊ စစ်ကြောင်းဝင်ရောက်ပြီးနောက် ဒေသခံတစ်ဦးသေဆုံး‌နေ

မြကန်ကျေးရွာ မီးရှို့ ခံရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, မြကန်ကျေးရွာ မီးရှို့ ခံရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ထဲက မြကန်ကျေးရွာကို ဒီကနေ့မတ်လ ၂၃ရက် မနက်အစောပိုင်းက ခင်ဦးအနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်အခေါ် ပျုစောထီးအဖွဲ့တွေပူးပေါင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ‌ခင်ဦးသတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

စစ်ကြောင်းပြန်ထွက်သွားချိန်မှာ အသက် ၆၀ ကျော် အရွယ်အမျိုးသားတစ်ဦး သေဆုံးနေတာ တွေ့ရတယ်လို့ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း တာဝန်ခံထံက သိရပါတယ်။

မြကန်ကျေးရွာကို မဝင်ခင် အဲဒီတပ်ဖွဲ့ဟာ အင်းပတ်ဘူတာအနီး ကင်းဝပ်ပြီးလမ်းသွားလမ်းလာ ဒေသခံတွေကို ပစ်ခတ်တာတွေလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

" သူတို့ စစ်ကြောင်းထွက်သွားတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး မျက်နှာမှာ ရိုက်နှက်ခံထားရပြီး သေဆုံးနေတာ တွေ့ရတယ်။ နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားပါတယ်။ ရွာသားတွေကတော့ ပြေးကြပြီ" လို့ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတာဝန်ခံက ပြောပါတယ်။

ရေဦးမြို့ တိုင်းရင်းဆေးရုံ ဘက်ကနေ ခင်ဦးနယ်အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မြကန်ကျေးရွာ၊ အင်းပတ်ကျေးရွာနဲ့ ကုန်းသာကျေးရွာတို့က ဒေသခံထောင်ချီထွက်ပြေးနေရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်က ခင်ဦးမြို့နယ် ချမ်းသာကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ခဲ့ပြီး‌တဲ့နောက် အဲဒီဒေသထဲ စစ်ကြောင်းထိုးတာတွေရှိနေတာလို့ ဒေသခံတွေကပြောကြပါတယ်။

စစ်ကောင်စီဘက်ကတော့ခင်ဦးနယ်ထဲက စစ်ရေး အခြေအနေကိုသတင်းထုတ်ပြန်ပြောဆိုတာမရှိ‌သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေကိုပြန်ခေါ်ဖို့ ပြင်နေ

၂၀၂၂ ဇွန်လ က နေရပ်ပြန်ခွင့်ရဖို့တောင်းဆိုနေတဲ့ ရိုဟင်ဂျာတွေ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ဇွန်လ က နေရပ်ပြန်ခွင့်ရဖို့တောင်းဆိုနေတဲ့ ရိုဟင်ဂျာတွေ ( ပုံဟောင်း)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက လူဦးရေ ၁၀၀၀ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ခေါ်ရေး စမ်းသပ်အစီအစဉ် အဖြစ် ကြိုးစားနေတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတချို့ကပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေထဲက လူဦးရေ ၁၅၀၀ ကို ကနဦးစမ်းသပ်အစီအစဥ်အနေနဲ့ ပြန်ခေါ်မယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာက‌နေဖော်ပြပါတယ်။

စစ်ကောင်စီက နေရပ်ပြန်‌ခေါ်မယ့် အစီအစဥ်ကို ဧပြီလ‌မှာစတင်ဖို့ရှိတယ်လို့သတင်းတွေထွက်နေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူညီချက် အပါအဝင် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူညီပေးအပ်ရေး စင်တာ AHA Canterတို့ ရဲ့ ပူးပေါင်းကူညီပေးမှုအရ ဒီအစီအစဥ်ဖြစ်လာတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။

စစ်ကောင်စီမြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ကိုမနေ့မတ်လ ၂၂ရက်က အဆုံးသတ်ချိန်မှာပဲ ရိုဟင်ဂျာတွေ ပြန်ခေါ်မယ့် သတင်းထွက်လာတာပါ။ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၅၀၀နီးပါးနဲ့တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မှာရှိနေသူအချို့ကပြောပါတယ်။

စစ်ကောင်စီရဲ့ အပြောအရ ပြန်ခေါ်ရေးအစီအစဥ်အတွက် ကျပ် ၅ဘီလီယံ အကုန်ကျခံစီစဥ်ထားတယ်လို့ ဆိုပါတယ်။ ပထမဆုံး ပြန်ခေါ်လာမယ့်သူတွေကို လှဖိုးခေါင်ကြားစခန်းမှာယာယီထားရှိမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ‌ရေရှည်နေထိုင်ဖို့ ကျေးရွာ ၁၅ရွာ ပြင်ဆင်ထားပြီး အဲဒီမှာ နေအိမ်တွေဆောက်လုပ်ပေးထားမှာဖြစ်တယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အချို့ကတေ့ မြန်မာနိုင်ငံတွင်းလက်ရှိမတည်ငြိမ်မှုတွေနဲ့ အခြေခံအခွင့်အရေးရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်ပြန်ဖို့ စိုးရိမ်တာတွေရှိနေတယ်လို့ပြော‌ကြပါတယ်။

မဲဆောက်က မြန်မာတွေနေတဲ့တိုက်တန်း စိစစ်ခံရပြီးနောက် လူငယ်၂ဦးဖမ်းဆီးခံထားရ

မဲဆောက်က မြန်မာတွေနေတဲ့တိုက်တန်း စိစစ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မဲဆောက်က မြန်မာတွေနေတဲ့တိုက်တန်း စိစစ်ခံရ

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်ပရပ်ကွက်ထဲမှာ မနေ့ မတ် ၂၂ရက်က မြန်မာတွေ ခိုလှုံနေတဲ့ လေးထပ် တိုက်တန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် လူငယ် အမျိုးသား ၂ဦး ဖမ်းဆီး ခေါ်ဆောင်ခံထားရပြီးစစ်ဘက်ဆိုင်ရာပစ္စည်းအချို့ သိမ်းဆည်းခံရတယ်လို့ ‌မြေပြင်အခြေအနေသိရှိသူ‌အချို့ကပြောပါတယ်။

အဲဒီတိုက်ခန်းထဲ မြန်မာ ၁၀၀ကျော်ကို စိစစ်တာတွေလုပ်ခဲ့ပေမဲ့ ဖမ်းဆီးတာမရှိခဲ့ဘဲ လူငယ်အချို့ကိုတော့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ အတူခေါ်ဆောင်သွားတာလို့ အဲဒီမှာရှိသူအချို့ကပြောပါတယ်။

မြေပြင် အခြေအနေသိရှိသူတွေရဲ့ အပြောအရ မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ ဆက်စပ်သံသယတရားခံကို လိုက်လံစစ်ဆေးရှာဖွေရာကနေ မြန်မာတွေအများစုနေတဲ့ ဒီတိုက်ခန်းကို ဝင်ရောက်ရှာဖွေတဲ့အချိန် ဒီလို စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

'' လက်ရှိတော့ စိစစ်ခံရတဲ့ ၁၀၀ကျော် အထဲ အမျိုးသမီးတွေရော ကလေးတွေရောပါတယ်ဆိုတော့ သူတို့ မဖမ်းသွားဘူး။အများစုကလည်း သူတို့ မှာနေထိုင်ဖို့ သက်ဆိုင်တဲ့ အထောက်အထားတွေရှိကြပါတယ်။ ဒီဖြစ်စဥ်ကြောင့်တော့မဲဆောက်မြို့ထဲ သတိထားနေကြရတာတော့ရှိတာပေါ့'' လို့ ‌မဲဆောက်ဒေသခံတစ်ဦးကပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က ဘီဘီစီထိုင်းသတင်းဌာနကိုအပြောအရ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာတွေထဲမှာ မဲဆောက်နဲ့အနီးဝန်းကျင်မှာ လက်ရှိ ခိုလှုံနေသူ ၅ သောင်းလောက်ရှိမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့‌‌နောက် နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ရှိတဲ့ ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်ကို ရောက်ရှိနေသလို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လူကုန်ကူးမှုအန္တရာယ် ကို စိုးရိမ်နေရတဲ့ အခြေအနေလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

၁ ဒသမ ၆ သန်း ခန့်ဟာ ပြည်တွင်းနေရပ်စွန့်ခွာသူများအဖြစ်ရှိနေပြီး ၁၇ ဒသမ၆ သန်းကျော်ဟာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို အထူးလိုအပ်နေတယ်လို့ လည်း‌ ထောက်ပြပါတယ်။

မတ်လ ၂၀ရက်က ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime – UNODC) က ပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာမိတ်ဆက်တဲ့ အခမ်းအနားမှာ အဲဒီလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းရဲ့ ပြောကြားချက်အရ စစ်တပ်ရဲ့ မတရားဖိနှိပ်ရက်စက်မှုတွေက လူကုန်ကူးမှုဖြစ်စေဖို့ တွန်းအားဖြစ်နေတယ်လို့ဆိုပြီး အာဏာသိမ်းမှုနောက်ဆက်တွဲအရ တရားဥပဒေစိုးမိုးမှုမရှိတာကနေ ‌နိုင်ငံတဝှမ်း နဲ့ ဒေသတွင်းမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာကို ဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်မှုခင်းတွေအတွက် လုံခြုံရာနယ်မြေအဖြစ် ဖန်တီးပေးနေပြီး မြန်မာနိုင်ငံဟာ နယ်စပ်ဖြတ်ကျော်မှုခင်းများ အတွက် ဦးတည်ရာနေရာ ဖြစ်လာခဲ့တယ်လို့လည်းထောက်ပြထားပြီး နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအေဂျင်စီ‌နဲ့ အရပ်ဘက်အဖွဲ့တွေက ဒါကို ဖြေရှင်းပေးဖို့တောင်းဆိုတယ်လို့လည်း ‌ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ဇွန်လက အနည်းဆုံး ထောင်ဒဏ် တစ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဒေသနိုင်ငံတွေက နိုင်ငံဖြတ်ကျော်မူခင်းရဲတပ်ဖွဲ့တွေနဲ့အတူ လူကုန်ကူးမှုတွေလျော့ကျအောင်လုပ်နေတာလို့ ပြောနေတာပါ။

တဖက်မှာတော့ မြန်မာ - ထိုင်းနယ်စပ်မှာ ထိုင်းနိုင်ငံကိုတရားမဝင် ဝင်‌ရောက်အလုပ်လုပ်ကိုင်ဖို့ကြိုးစားရာကနေ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားကနေ့စဥ်ရှိနေပြီး သူတို့ထဲက အများစုဟာ ပွဲစားတွေရဲ့မက်လုံးပေးမှုကြောင့် လူကုန်ကူးခံရတဲ့သဖွယ်ဖြစ်နေတာလို့မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက ထောက်ပြ‌နေကြပါတယ်။