ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ် ၄၀ အတွင်း ပထမဆုံး အမေရိကန် နျူလက်နက်တပ် ရေငုပ်သင်္ဘော တောင်ကိုရီးယား ရောက်လာ- ဇူလိုင် ၁၈ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
အမေရိကန်ရဲ့ နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော တောင်ကိုရီးယားမှာ ဆိုက်ကပ်လာပါတယ်။
နှစ်ပေါင်း ၄ဝ အတွင်းမှာ ပထမဆုံး လာရောက်တာ ဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားကို အင်အား ပြသတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုး ပြီးခဲ့တဲ့နှစ်က ရာထူးရယူခဲ့ပြီးတဲ့နောက် ဝါရှင်တန်နဲ့ တောင်ကိုးရီးယားတို့ရဲ့ ဆက်ဆံရေးက ပိုမို နီးကပ်လာပါတယ်။
နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့ လက်နက်သစ်တွေ ပိုမို စမ်းသပ်နေတဲ့ ပြုံယမ်းရဲ့ ပိုမိုကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဝါရှင်တန်က ရေငုပ်သင်္ဘောကို တောင်ကိုရီးယားကို စေလွှတ်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ကို ရောက်နေတဲ့ အိမ်ဖြူတော်ရဲ့ အင်ဒို ပစိဖိတ်ဆိုင်ရာ ညှိနှိုင်းရေးမှူး ကတ် ကန်ဘဲလ် က ပြုံယမ်းရဲ့ ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုကြောင့် ဧပြီလက သင်္ဘောကို စေလွှတ်ပေးမယ်လို့ ကတိပေးထားတဲ့ အတိုင်း စေလွှတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
‘ဒီအာမခံချက်နဲ့ အညီလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို ပြောထားသလိုပဲ အမေရိကန် နျူကလီးယား သင်္ဘောက ဘူဆန်မှာ ဒီကနေ့ ဆိပ်ကပ်နေပါတယ်။ ဆယ်စုနှစ်အတွင်း ဒါဟာ ပထမဆုံး အမေရိကန် နျူကလီးယား သင်္ဘောတစ်စီးက လာရောက်တာလည်း ဖြစ်ပါတယ်’လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားက တိုက်ချင်းပစ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ်ခဲ့ပါတယ်။
တရုတ် ပြည်နယ်အစိုးအရ စာရင်းအရ ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်ခဲ့ဖွယ်ရှိ
တရုတ်နိုင်ငံမှာ ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေ အရ ဒီနှစ်အစပိုင်းက မီးသင်္ဂြိုဟ်မှုတွေ မြင့်တက်ခဲ့ပြီး ဒါဟာ ကိုဗစ်ကြောင့် သေဆုံးရတဲ့ အမှန်တကယ်ပမာဏကို ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ကျော့ကျန်းပြည်နယ်မှာ အရင်နှစ်နဲ့ နှိုင်းလိုက်ရင် ဒီနှစ် ပထမ ၃လအတွင်း မီးသင်္ဂြိုဟ်တဲ့ ပမာဏဟာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
တရုတ်အစိုးရကတော့ နိုင်ငံတဝန်း သေဆုံးမှု အရေအတွက် နောက်ဆုံး အခြေအနေကို ထုတ်ပြန်တာ မရှိပါဘူး။ ဒါ့အပြင် မီးသင်္ဂြိုဟ်တဲ့ စာရင်းတွေကို ထုတ်ပြန်တာ ရပ်ဆိုင်းခဲ့ပြီး ဒီကျော့ကျန်းက ထုတ်ပြန်ထားတဲ့ စာရင်းကိုလည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကိုဗစ် ကင်းစင်ရေး မူဝါဒကို တရုတ်က လျှော့ပေါ့ပေးခဲ့ပြီး သေဆုံးမှုနဲ့ ကူးစက်မှု အရေအတွက်တွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
မူးယစ်စစ်ဆင်ရေးတွင်းက ရာဇဝတ်မှုတွေ မစုံစမ်းဖို့ ဖိလစ်ပိုင် ပန်ကြားချက် အိုင်စီစီ ပယ်ချ
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်မှာ အကောင်ထည်ဖော်ခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ မလုပ်ဖို့ အစိုးရရဲ့ ပန်ကြားချက်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC)က ပယ်ချလိုက်ပါတယ်။
ဒေဗိုမြို့နဲ့ ဖိလစ်ပိုင်မှာ ရှိတဲ့နေရာတွေမှာ ဒီမူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရားရုံးက တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုပြီး ၅ ဦး ထိုင် တရားသူကြီးအဖွဲ့ထဲက တရားသူကြီး ၃ ဦးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ ဓားစာခံ ဖြစ်ရတဲ့သူတွေက တရားမျှတမှုကို ဖိလစ်ပိုင်မှာ ရှာဖွေဖို့ မကြိုးစားနိုင်ဘူးဆိုတာကို တရားသူကြီးတွေက သဘောတူခဲ့ပါတယ်။
တာဝန်ရှိသူတွေနဲ့ တခြား တာဝန်ယူပေးထားတဲ့ အုပ်စုတွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ခြောက်ထောင် သေဆုံးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ မစတင်မီ ရောမ သဘောတူညီချက် (Rome Statue)ကနေ ဖိလစ်ပိုင်က နုတ်ထွက်ထားတာကြောင့် အိုင်စီစီအနေနဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းပိုင်ခွင့်မရှိဘူးလို့ တခြားတရားသူကြီး ၂ ဦးကတော့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် ဒီလအတွင်း သေဆုံးသူ ၆၇ ဦး ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်မှုကြောင့် သေဆုံးသူ ၆၇ ဦး ရှိပြီလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဇူလိုင်လ တလတည်းမှာကို ကူးစက်မှု ၁၄,၀၀၀ အထိ ရှိခဲ့တာကြောင့် ကူးစက်မှု အရေအတွက် မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၁၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ သွေးလွန် တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ခြင်ကိုက်တာကနေ ကူးစက်ပြန့်ပွားတာ ဖြစ်ပါတယ်။
သူ့ရဲ့ လက္ခဏာတွေက အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ မအီမသာ ဖြစ်တာ၊ အန်တာ၊ ကြွက်သားနဲ့ အဆစ်တွေ နာကျင်တာနဲ့ သွေးအနည်းနယ်ထွက်တာတို့ ဖြစ်ပါတယ်။ တချို့ကလည်း သီတင်း တပတ် နှစ်ပတ်အတွင်း ပြန်ကောင်းလာတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲမှာ အနိုင်ယူနိုင်မယ့် ဗျူဟာတွေကို အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး
အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေ ဘန်ဂါလောမြို့မှာ တွေ့ဆုံနေပြီး လာမယ့်နှစ် ရွေးကာက်ပွဲမှာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကို အနိုင်ယူနိုင်မယ့် နည်းဗျူဟာတွေကို စဉ်းစားသဘောတူဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ဒီလို တွေ့ဆုံရာမှာ ပါတီ ၂၆ ပါတီ ပါဝင်တယ်လို့ ဆိုပါတယ်။ ကွန်ဂရက် ပါတီက ဆိုနီယာ ဂန္ဒီ၊ ဒေလီ ဝန်ကြီးချုပ် အာဗစ်ကေဂျီဝါ နဲ့ NCPခေါင်းဆောင် ရှာရတ် ပဝါ တို့ ပါတယ်လို့လည်း ဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ သူတို့ အဖွဲ့ရဲ့ နာမည်ကို ဘယ်လို ပေးမလဲဆိုတာကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
အကျင့်ပျက်ခြစားတဲ့သူတွေ တွေ့ဆုံနေကြတယ်လို့ ဝန်ကြီးချုပ် မိုဒီက တုံ့ပြန်ပါတယ်။ အိန္ဒိယကို ဆယ်စုနှစ် တခုနီးပါး ဦးဆောင်ခဲ့တဲ့ မိုဒီက လာမယ်နှစ်မှာ တတိယ အကြိမ် ပြန်အရွေးခံဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။