အိန္ဒိယ အမျိုးသမီးအမတ် ဥပဒေ ပြဋ္ဌာန်း- စက်တင်ဘာ ၂၂ ညပိုင်း နိုင်ငံတကာသတင်းများ

india

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကျားမခွဲခြားမှုဒဏ်ခံရဆဲ အိန္ဒိယအမျိုးသမီးများ
ရေးသားခဲ့သည်။

အိန္ဒိယ ပါလီမန်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီးအမတ် နေရာ သုံးပုံတပုံ ထားပေးဖို့ ပြဋ္ဌာန်းတဲ့ ဥပဒေကို အတည်ပြုနိုင်ခဲ့ကြောင်း ၀န်ကြီးချုပ် နရိန္ဒရာမိုဒီက ကြွေးကြော်လိုက်ပါတယ်။

ဒီဥပဒေကို ပြဋ္ဌာန်းသင့်တာ ကြာနေပြီဆိုပြီးလည်း သူက ပြောပါတယ်။

အိန္ဒိယအထက်လွှတ်တော်က ကြာသပတေးနေ့က အတည်ပြုခဲ့ပြီး အရင် နှစ် ၃ဝ ကလည်း အတည်ပြုဖို့ ကြိုးစားခဲ့ဖူးပါတယ်။

ပါတီစုံ ထောက်ခံမှု ရခဲ့ပြီး နိုင်ငံတလွှားက အိန္ဒိယနိုင်ငံရေးလောကမှာ အောင်ပွဲခံနေကြပါတယ်။

နောက် ခြောက်နှစ်ထိ ဒီဥပဒေက အသက်ဝင်မှာ မဟုတ်သေးဘူးဆိုပြီး အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

ရုရှား စွမ်းအင်အကြမ်းဖက်မှုလို့ ယူကရိန်းစွပ်စွဲ

Ukraine

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ်ရှင်မ်ဟားလ်

ရာသီဥတုအေးလာတာနဲ့ ရုရှားဘက်က စွမ်းအင်အကြမ်းဖက်မှု အဆင့်သစ်ကို စနေပြီဆိုပြီး ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ်ရှင်မ်ဟားလ်က ပြောပါတယ်။

ဆောင်းတွင်းက ခက်ခဲကြမ်းတမ်းမှာ ဖြစ်ပေမယ့် ယူကရိန်းက မနှစ်ကထက် ပိုပြီး ပြင်ပြင်ဆင်ဆင်လုပ်ထားတယ်ဆိုပြီး မစ္စတာ ရှင်မ်ဟားလ်က ပြောပါတယ်။

မနှစ်က ယူကရိန်း အများစု လျှပ်စစ်မီးမရှိ အနွေးပေးစရာမရှိနဲ့ အေးခဲတဲ့ အပူချိန်အောက်မှာ နေခဲ့ရပါတယ်။

ကြာသပတေးနေ့က ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ ယူကရိန်း စွမ်းအင်စက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ယူကရိန်း အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ ခြောက်လအတွင်း ပထမဆုံးအကြိမ် မီးတွေ ပြတ်ခဲ့ပါတယ်။

နဂိုနို ကရာဘတ် လွတ်ငြိမ်းခွင့်ပေးဖို့ စဉ်းစား

Nagorno-Karabakh

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကရာဘတ်က အာမေးနီးယားတွေအတွက် ဆန္ဒပြ

အငြင်းပွားနေတဲ့ နဂိုနို ကရာဘတ် ဒေသက အာမေးနီးယား ခွဲထွက်ရေးသမားတွေ လက်နက်စွန့်ဖို့ ကတိတည်ရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားနေကြောင်း အဇာဘိုင်ဂျန်အစိုးရက ပြောပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ထိုးစစ် ရပ်ဖို့ဆိုပြီး ဒီခွဲထွက်နယ်မြေက အာဏာပိုင်တွေက လက်နက်စွန့်ဖို့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ပါတယ်။

ဒါပေမဲ့လည်း တချို့ခွဲထွက်ရေးသမားတွေက ဆက်ခုခံဖို့ ကြုံးဝါးနေကြကြောင်း အဇာဘိုင်ဂျန် သမ္မတရဲ့အကြံပေး အစ်ဂမတ် ဟာယီယဗ်က ပြောပါတယ်။

အဇာဘိုင်ဂျန်က ဒီနယ်မြေမှာ လူမျိုးသုတ်သင်ရေးတွေ ကျူးလွန်ချင်နေတယ်လို့လည်း အာမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့က စွပ်စွဲခဲ့ပါတယ်။

ကရာဘတ်က အာမေးနီးယားတွေအတွက် လူမှုအကူအညီတွေ ပေးနိုင်အောင် ကူညီဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေလည်း အာမေးနီးယား မြို့တော် ယာရေဗန်မှာ ဆက်ဖြစ်နေပါတယ်။

တရုတ်လှုပ်ရှားသူတွေ တရားရင်ဆိုင်ရ

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးအရေး တက်ကြွတဲ့ သတင်းထောက် ဟွမ်ရှုကျင်း

နာမည်ကြီး တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူနှစ်ယောက် တရုတ် တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။ နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်ရန် သွေးဆောင်မှုနဲ့ သူတို့ စွဲဆိုခံထားရတာပါ။

အမျိုးသမီးအရေး တက်ကြွတဲ့ သတင်းထောက် ဟွမ်ရှုကျင်းနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ဝမ်ဂျင်ဘင်းတို့ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တရုတ်ရဲက ဖမ်းဆီးထားပါတယ်။

နိုင်ငံတောင်ပိုင်းက ကွမ်ကျိုးမြို့မှာ သူတို့ကို ဖမ်းထားတာပါ။

နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှုပုဒ်မကို တရုတ်အတိုက်အခံတွေကို နှိမ်နင်းရာမှာ သုံးတတ်ပြီး ပြစ်ဒဏ်အများဆုံး ထောင် ငါးနှစ်ထိ ပေးတတ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တရားရုံးကို လေ့လာသူအဖြစ် တက်ဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးထဲ ဝင်ခွင့်မရကြောင်း ဥရောပနိုင်ငံတော်တော်များများနဲ့ အမေရိကန်က သံတမန်တွေက ပြောပါတယ်။

ချက်မှာ ကျောက်ခေတ် ရုပ်တုပြ

Czech

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါလ်ညီအက်စ်တိုးနစ်ဆဲက အလှနတ်သမီးရုပ်တု

ကျောက်ခေတ် ရုပ်တုလေးတခုကို ဆယ်စုနှစ်တစုအတွင်း ပထမဆုံးအကြိမ် ချက်နိုင်ငံမှာ ပြသဖို့ ရှိနေပါတယ်။

ဒေါလ်ညီအက်စ်တိုးနစ်ဆဲက အလှနတ်သမီးရုပ်တုဟာ အနှစ် နှစ်သောင်းကိုးထောင် သက်တမ်းရှိပြီလို့ ယူဆရတဲ့ မီးဖုတ်အရုပ်ကလေး ဖြစ်ပါတယ်။

ရင်သားကြီးကြီး တင်ပါးကျယ်ကျယ်နဲ့ အမျိုးသမီးရုပ်ကလေးကို အရင် နှစ်တရာလောက်က ဘရနိုမြို့နားမှာ ရှာဖွေတွေ့ရှိခဲ့ပြီး စတိုခန်းမှာ သိမ်းထားလေ့ရှိပါတယ်။

အဲဒီအရုပ်ကို ပရက် အမျိုးသားပြတိုက်ကို စစ်သည်အစောင့်အရှောက်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။