ဖေဖေါ်ဝါရီ ၁ ရက် ညနေခင်း သတင်းများ-စစ်တပ်အကြောင်း မမှန်သတင်းဖြန့်တယ်ဆိုပြီး ရုရှားသတင်းထောက် ထောင်၈ နှစ် ချခံရ

ကိဗ် မြို့တော်အနီး Hlevakha မှာ ဒီကနေ့ ရုရှား ဗုံးကြဲမှု အပြီး ပျက်စီးသွားတဲ့ နေရာတခု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိဗ် မြို့တော်အနီး Hlevakha မှာ ဒီကနေ့ ရုရှား ဗုံးကြဲမှု အပြီး ပျက်စီးသွားတဲ့ နေရာတခု
ရေးသားခဲ့သည်။

ရုရှား သတင်းထောက် တစ်ယောက် အလက်ဇန်းဒါး နက်ဗ်ဇိုရော့ဗ် ကို မော်စကိုမြို့က တရားရုံးတခုက မျက်ကွယ်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူကရိန်းနိုင်ငံ မာရီယူပိုးလ် မြို့က သားဖွားဆေးရုံကို ရုရှားစစ်တပ်က တမင်တကာ ဗုံးကြဲခဲ့တယ် ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးနောက် သူဟာ ရုရှား စစ်တပ်နဲ့ပတ်သက်တဲ့ မမှန်သတင်းတွေ ဖြန့်တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

ယူကျုမှာ subscribe လုပ်သူ နှစ်သန်းနီးပါးရှိတဲ့ မစ္စတာ နက်ဗ်ဇိုရော့ဗ် ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကပဲ နိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။

အခု သူ့ကို ယူကရိန်းက နိုင်ငံသား အဖြစ် ခွင့်ပြု ထားပါတယ်။

ခိုးယူခံခဲ့ရတဲ့ ဗုဒ္ဓ ရုပ်ပွားတော် ဂျပန်ပြန်ပို့ဖို့ တရားရုံးဆုံးဖြတ်

လွန်ခဲ့တဲ့ ၁၀ နှစ်က ဂျပန်နိုင်ငံ ဘုရားကျောင်း တခုကနေ ခိုးယူသွားခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူကို ဂျပန်နိုင်ငံဆီ ပြန်ပို့ဆောင်ဖို့ တောင်ကိုရီးယားနိုင်ငံ တရားရုံးတခုက အမိန့်ချမှတ်လိုက်ပါတယ်။

အဲဒီ ဆင်းတုတော်ကို ၁၆ ရာစုတုန်းက ဂျပန် ပင်လယ်ဓါးပြတွေက လုယူသွားခဲ့တာ ဆိုပြီး တောင်ကိုရီးယားဘုရားကျောင်းတစ်ခုက ပြောဆိုခဲ့ပြီးနောက် တရားဝင် ပိုင်ဆိုင်မှုအတွက် ဥပဒေကြောင်းအရ တရားစွဲဆို ခဲ့ကြတာဖြစ်ပါတယ်။

သက်တမ်း နှစ် ၇၀၀ လောက် ရှိပြီလို့ ယူဆရတဲ့ အဲဒီ ကြေးသွန်း ဗုဒ္ဓ ဆင်းတုတော်ကို ခိုးယူသွားသူတွေက တောင်ကိုရီးယားမှာ ရောင်းချဖို့ ကြိုးစားမှု မတိုင်ခင် ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံ Tsushima ကျွန်းကနေ ယူဆောင်သွားတာဖြစ်ပါတယ်။

အဲဒီနေရာမှာပဲ ပြန်လည်ရယူခဲ့ပြီး လက်သည် တရားခံတွေကို တရားစွဲခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံ Seosan ကမ်းရိုးတန်းမြို့မှာရှိတဲ့ Buseoksa ဘုရားကျောင်းက ဂျပန်ကို ပြန်လည်ပို့ဆောင်မှုကို တားမြစ်ဖို့ တရားစွဲခဲ့ပါတယ်။

ကျားကိုက်လို့ လယ်သမား ၂ ဦး ဒဏ်ရာရ

မျိုးတုန်းအန္တရာယ်ရှိနေတဲ့ ဆူမားတြားကျား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျိုးတုန်းအန္တရာယ်ရှိနေတဲ့ ဆူမားတြားကျား

အင်ဒိုနီးရှားနိုင်ငံမှာ ကျား တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် လယ်သမားနှစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

ဒီလယ်သမားတွေက ဆူမားတြားကျွန်း မြောက်ဖျားက ထိန်းသိမ်း သစ်တော ဧရိယာမှာ တရားမဝင် သွားရောက် အလုပ်လုပ်နေခဲ့ကြတာလို့ သိရပါတယ်။

ဒေသတွင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ တခုက အဲဒီကျားကို တခြားနေရာ ပို့လိုက်နိုင်ဖို့ လိုက်လ့ရှာဖွေနေပါတယ်။

စနေနေ့တုန်းကလည်း အဲဒီနေရာမှာပဲ တခြား လူ လေးယောက် တိုက်ခိုက်ခံခဲ့ရပါတယ်။

တောထဲမှာ ကောင်ရေ ၄၀၀ အောက်သာ ရှိတော့တဲ့ ဆူမားတြား ကျားတွေဟာ မျိုးတုံး ပျောက်ကွယ်တော့မယ့် အန္တရာယ်ရှိနေပါတယ်။

အန်ဇို ဖာနန်ဒက်ဇ် ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးခေါ်ယူ

Enzo Fernandez
ဓာတ်ပုံ ပုံစာ, Enzo Fernandez

ဗြိတိန် ဘောလုံးသမိုင်းမှာ အပြောင်းအရွှေ့ စံချိန်တင် အမြင့်ဆုံးကြေးနဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်း ချဲလ်ဆီးက သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါပြီ။

ပေါ်တူဂီ ကလပ်အသင်း ဘန်ဖီကာမှာ ကစားနေတဲ့ ကမ္ဘာ့ဖလား ဆုရှင် အာဂျင်တီးနား အလယ်တန်းလူ အန်ဇို ဖာနန်ဒက်ဇ် ကို ဒေါ်လာ သန်း ၁၃၀ နဲ့ ချဲလ်ဆီးက ဝယ်ယူလိုက်တာပါ။

ချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့နှစ်က အမေရိကန်ဦးဆောင်တဲ့ လုပ်ငန်းကုမ္ပဏီ တစ်ခုက လွှဲပြောင်း ရယူခဲ့ပြီးနောက် ကစားသမားတွေ အတွက် ငွေကြေးအမြောက်အမြား သုံးခဲ့ပါတယ်။

ဇန်နဝါရီလတစ်လတည်းမှာတင် အပြောင်းအရွှေ့ အသုံးစရိတ်က ဒေါ်လာ သန်းသုံးရာငါးဆယ်ကျော်ရှိခဲ့ပါတယ်။