မိုခါ အပြီး ကုန်စျေးနှုန်းကြီးတဲ့ဒဏ် ခံနေရတဲ့ ရခိုင်

မေလ ၁၄ ရက်နေ့ ကရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း အပြီး မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးတဲ့ ဒဏ်ကို အကြီးအကျယ် ခံနေရပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိပြီး အားလုံးလိုလို မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
“ကြက်ဥ တစ်လုံး အခု ၄၀၀ ကျပ် ၊ သွပ်ကတော့ ဝယ်လို့ မရသေးဘူး”လို့ မိုခါ မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ရသေ့တောင်ဒေသခံတစ်ဦးက မေလ ၂၁ ရက်နေ့က ပြောပါတယ်။
ပျက်စီးသွားတဲ့ နေအိမ်တွေပြန်ပြီးတည်ဆောက်ဖို့ လိုအပ်တဲ့ သွပ်တွေ သံတွေကလည်း ဝယ်ရခက်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်း တိုက်ရိုက်ဝင်ရောက်ခဲတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာဆိုရင် လည်း အိမ်ဆောက်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်တွေ ရဲ့ စျေးနှုန်းတွေ အဆမတန်စျေးမြင့်တက်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါကြောင့် ပြည်မကနေပါ အိမ်ဆောက်ပစ္စည်းသယ်ယူဖို့ ရခိုင်ဒေသခံတွေ ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။
“ အခု စစ်တွေအခြေအနေက သွပ်ကို ပြည်မက မှာထားတုန်းမလို့ ငွေကြိုရှင်းပြီး စောင့်ဆိုင်း၀ယ်နေရတဲ့အထိပါလို့” စစ်တွေမြို့ခံတစ်ဦးက ပြောပြပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ အိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ သွပ် တစ်ပေကို ငွေကျပ် ၃၀၀၀ ကနေ ၇၀၀၀ ဝန်းကျင်အထိ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားနဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ရသေ့တောင်က လူတွေ စစ်တွေကို သွပ် သွားဝယ်ကြတယ်၊ မုန်တိုင်းမတိုင်ခင်က သွပ်တစ်ပေ ကျပ် ၁၅၀၀ ကနေ့ မုန်တိုင်းပြီးတော့ အခုဆို စားရိတ်နဲ့ သွပ်တစ်ပေ ကျပ် ၃၀၀၀ ကျော်လောက်ကျတယ်”လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းအချို့နေရာတွေမှာ ဆန် တစ်အိတ်ကို ငွေ ကျပ် ၂သိန်းဝန်းကျင်အထိ စျေးတက်ခဲ့သလို ကြက်ဥ တစ်လုံးကို ကျပ်တစ်ထောင်ပေးဝယ်ခဲ့ရတဲ့ နေ့တွေပါရှိတယ်လို့ ဒေသခံက ပြောပါတယ်။


နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောစတဲ့ ဒေသတွေအတွက် အဓိကလိုအပ်နေတဲ့ အိမ်ဆောက်ပစ္စည်းတွေကို စစ်တွေမြို့ပေါ်အထိ လာရောက်ဝယ်ယူရာမှာ စျေးကြီးပြီး အကန့်အသတ်နဲ့သာ ဝယ်လို့ရတယ်လို့ ဆိုပါတယ်။
လူ တစ်ဦးကို သွပ် ၃ ချပ်သာရောင်းချတာကြောင့် ရန်ကုန်မြို့ပေါ်ကပါ မှာယူဖို့ ကျေးရွာဒေသခံတွေ စုဝေးတိုင်ပင်နေကြတဲ့အကြောင်း ပေါက်တောမြို့၊ ပြိုင်းတောင်ရွာခံတဦးက ပြောပါတယ်။
“ရခိုင်မှာ မုန်တိုင်း အပြီး ကုန်စျေးနှုန်းကလည်းကြီး၊ရေကလည်းရှား၊ ပစ္စည်းကလည်း ဝယ်မရဖြစ်နေတာကြောင့် နေဖို့ စားဖို့ အတော်ကို ခက်ခဲတယ်”လို့ ရသေ့တောင် ဒေသခံတစ်ဦးက ပြောပါတယ်။
လိုအပ်တဲ့ အမိုးအကာတွေအတွက် အိမ်ဆောက်ပစ္စည်းတွေကို ရန်ကုန်ကနေ သယ်ယူပေးတာအချို့ရှိနေပေမဲ့ နဂိုကတည်းက ရခိုင်ကို ကုန်စည်ကန့်သတ်မှုတွေရှိတာကြောင့် အခက်အခဲအချို့ရှိနေတယ်လို့ အဝေးပြေးယာဉ်လိုင်းသမားတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်မှာ စစ်တပ်နဲ့ ရက္ခိုင် တပ်တော်အေအေတို့ကြားတကျော့ ပြန်တိုက်ပွဲပြန်ဖြစ်တဲ့နောက် ဆန်၊ မြေဩဇာ၊ ဆေးဝါးပစ္စည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ရခိုင်ပြည်နယ်တွင်း တင်သွင်းတာကို စစ်ကောင်စီက အကန့်အသတ်နဲ့သာခွင့်ပြုနေတာပါ။ အိမ်ဆောက်ပစ္စည်းတွေကို စီးပွားဖြစ်တင်သွင်းလိုရင် စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ပါမှ ကုန်ပစ္စည်းသယ်ယူခွင့်ရမှာဖြစ်ပြီး အခုလတ်တလောတော့ လှူဒါန်းတဲ့အကြောင်း သက်သေပြနိုင်ရင် သယ်ယူခွင့်ရနေတယ်လို့ ဆိုပါတယ်။
အခုလို ကုန်စျေးနှုန်းမြင့်တက်လာတာနဲ့ပတ်သက်လို့ ဘယ်လိုစီစဉ်ဆောင်ရွက်ဖို့ရှိ သလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရ ဦးလှသိန်းဆီ ဘီဘီစီက မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာပြည်တွင်းကို မိုခါ မုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန် မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ် သင့်တဲ့ အခြေအနေရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး ကာလမှာ အသုံးပြုနိုင်ဖို့ အရန်ဆန် တန် သုံးထောင် ကို ရေလမ်းကြောင်းကနေ ပေးပို့နေတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။
ပြန်လည်ထူထောင်ရေးကာလအတွင်း မှာ အိမ်ထောင်စုတိုင်းကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တွေ လက်ဝယ်ရောက်ရှိအောင် ဆောင်ရွက်ပေးရမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဌာနဆိုင်ရာတွေကို စစ်တွေမြို့မှာ မေလ ၁၉ ရက်နေ့က ပြောခဲ့ပါတယ်။
ဒီကနေ့ အထိ ရသေ့တောင်မြို့ပေါ်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရောက်လာတာ မတွေ့ရသေးကြောင်း ရသေ့တောင်ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
ရခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းရှိနေပြီး ဆန်စပါး၊ စားနပ်ရိက္ခာ၊ တိရစ္ဆာန်တွေ ပျက်စီး သေဆုံးတာတွေ ရှိခဲ့တဲ့အကြောင်း ၊ ရခိုင်ပြည်သူတွေက သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေသလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေပြတ်တောက်နေတဲ့အတွက် အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့အကြောင်း၊ ဒီလိုအခက်ခဲကြားမှာ အခြေခံစားသောက်ကုန်နဲ့ အခြားကုန်တွေကို ရောင်းတဲ့သူတွေအနေနဲ့ ဈေးအဆမတန်တင်တာတွေမလုပ်ဖို့ သတိပေးတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။








