မုန်တိုင်းနဲ့ စစ်ဘေးကြား အကူအညီတွေ မရတဲ့ ချင်း၊စစ်ကိုင်းနဲ့မကွေး စစ်ရှောင်တွေ

ရေးသားခဲ့သည်။

မိုးရာသီမရောက်ခင်မှာပဲ မိုခါမုန်တိုင်း နောက်ဆက်တွဲကြောင့် လေပြင်းတိုက် မိုးများပြီး ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကျေးရွာတွေမှာ လမ်းတချို့နဲ့ နေအိမ်တွေ မြေပြိုကျပျက်စီးခဲ့ပါတယ်။

ကားသွားလို့မရတဲ့ ဒီလမ်းတွေကိုကျေးရွာဒေသခံတွေက မုန်တိုင်းပြီး ရက်သတ္တပတ်အတွင်း ဆိုင်ကယ် သွားလို့ရအောင် ကိုယ်ထူကိုယ်ထ လမ်းပြင်နေကြရတာပါ။

မိုခါက ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများပြားရှိခဲ့ပါတယ်။ ချင်းပြည်နယ်ထဲက ဟားခါး၊ ပလက်ဝ၊ မတူပီနဲ့ တီးတိန်ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသအဖြစ် စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ အဲဒီနောက် ကြေညာခဲ့တဲ့ မြို့နယ်တွေကို စစ်ကောင်စီဘက်က အရာရှိတွေ သွားရောက်ကူညီခဲ့တယ်လို့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

မေ ၁၉ရက်မှာ တီးတိန်မြို့နယ်ကို စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ရောက်လာပြီး မြို့ပေါ်က ပျက်စီးနေအိမ်တွေကို ထောက်ပံ့ကြေးပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘီဘီစီက မေးမြန်းခွင့်ရတဲ့ ဒေသခံတွေကတော့ ထောက်ပံ့တာ၊ အကူအညီပေးတာတွေမရှိသေးဘူးလို့ ပြောကြပါတယ်။

ဒါ့အပြင် တီးတိန်မြို့ အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီက သွားရောက်တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"သူတို့က တော်လှန်ရေး ကာလမှာ မြို့ပေါ်ကအပ အပြင်ကို မထွက်ရဲတာ အားလုံးအသိပဲ။ ရွာဘက်တွေ လုံးဝမရောက်နိုင်ဘူး။ အခုလောလောဆယ် ကျွန်တော်တို့က တီးတိန်မြို့ပေါ်က နေအိမ် ၄ အိမ်၊ ကျေးရွာ အိမ်ခြေ ၃၀ကျော်ရှိတာကို စာရင်းကောက်နေတယ်။ ဘာမှမကူညီနိုင်သေးဘူး။ မိုးထက် လေများတာ။ ခေါင်မိုးလွင့် တယ်။ စကစ ဘက်က ဘာစာရင်းမှလာမကောက်ဘူး"လို့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံတွေ ဖွဲ့စည်းထားတဲ့ တီးတိန်မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တီးတိန်ဒေသတွင်း ပြန်လည်ထူထောင်ရေးအတွက် အန်ဂျီအိုအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ဒေသခံတွေ ကိုယ်တိုင်စာရင်းကောက် နိုင်သမျှကူညီနေကြရတယ်လို့ ဆိုပါတယ်။

တီးတိန်မှာ ပန်းဂေါ်ဖီနဲ့ ပြောင်းဖူးစတဲ့ စိုက်ပျိုးသီးနှံတွေ လမ်းပန်းဆက်သွယ် အခက်ခဲကြောင့် အရောင်းဝယ်မဖြစ်သလို မုန်တိုင်းအပြီးဒေသတွင်းမှာ ဆန်ဈေးတွေ တစ်အိတ်ကို နှစ်သောင်းဝန်းကျင်မြင့်တက် ဝယ်ယူနေကြရပါတယ်။ ဒါ့ကြောင့် စားသောက်ရေးအတွက် ငွေကြေးအခက်အခဲပြဿနာတွေကိုလည်းနောက်ဆက်တွဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

ဘီဘီစီက ဆက်သွယ်လို့ရတဲ့ မြို့နယ်တွေ ဖြစ်တဲ့ တီးတိန်နဲ့ဟားခါးမှာတော့ မုန်တိုင်းကြောင့် အပြင် ဒေသတွင်းတိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင်တွေဟာ နေရပ်ကို မပြန်နိုင်သေးဘဲ ကားလမ်းမကြီးနဲ့ မဝေးတဲ့ ကျေးရွာတွေမှာ မိုးကာတွေနဲ့ နေကြရတာပါ။ တချို့ဆိုရင် အိန္ဒိယနယ်စပ် ချောင်းနားဘေးမှာစစ်ဘေးရှောင်နေရလို့ ဆေးဝါးပစ္စည်းနဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီကယ်ဆယ်ရေး ပြုလုပ်သူတွေက ပြောပါတယ်။

အလားတူ မြို့တော် ဟားခါးမှာလည်း မိုခါမုန်တိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးကာလန်တာတွေရှိသလို လျှပ်စစ်မီးမရကြတာလည်း ရက်ကြာနေပြီလို့ဆိုပါတယ်။လျှပ်စစ်မီးမရလို့ ရေတင်မရတာကြောင့် ဒေသခံအများစုဟာ မိုးရေကိုသာ သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်ရဲ့ ဒေသအများစုမှာ ဆက်သွယ်ရေးအခက်ခဲတွေ ရှိသလို ဟားခါးနဲ့တီးတိန်မှာ မြေပြိုကျတာ လေပြင်းတိုက်တာကြောင့် လူသေဆုံးထိခိုက်တာကိုလည်း တိတိကျကျအတည်ပြုနိုင်တဲ့ အခြေအနေမရှိ‌သေးဘူးလို့ ‌မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ မုန်တိုင်းဒဏ်သင့် မြို့နယ်အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေအဖြစ် ချင်းပြည်နယ်က မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ် အပါဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၁ခု မကွေးတိုင်းအတွင်းက မြို့နယ် ၆ခုအတွက် တမြို့နယ်ကို ၁၂သိန်းစီ ထောက်ပံ့ကူညီမယ်လို့ စာထုတ် ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတချို့ကို မေးမြန်းရာမှာလည်း မေ ၁၉ ရက်ထိ မသိရှိရသေးဘူးလို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေက ဖွဲ့စည်းထားတဲ့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်ကတော့ မုန်တိုင်းကြောင့် မင်းတပ်မြို့နယ်အတွင်း နေအိမ်အလုံးပေါင်း ၆၀၀ နီးပါး ၊ ဘာသာရေးအ‌ဆောက်အဦ ၂၃ ခု ပျက်စီးခဲ့ပြီးစပါးကျီ ရာချီပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ cdf

လက်ရှိအချိန်အထိ ဆန် နဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ကားလမ်း၊ မြေသားလမ်းတွေ ပြိုကျပျက်စီးလို့ အခြားလိုအပ်တဲ့ ဆေးဝါး နဲ့ ကုန်စည်တွေ သယ်ယူရန်ခက်ခဲနေတယ်လို့ လည်းဖော်ပြထားပါတယ်။

တောင်ယာခင်းတွေ နဲ့ စပါးကျီတွေ ပျက်စီးဆုံးရှုံးမှုများလို့ လာမယ့် မိုးရာသီမှာ တောင်သူတွေ အတွက် အခက်အခဲတွေဖြစ်နေကြပါတယ်။

ချင်းပြည်နယ်လိုပဲ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ပုလဲ၊ ကနီမြို့နယ်နဲ့ မကွေးတိုင်းက ပေါက်နဲ့ ဆောမြို့နယ်တွေမှာလည်း NUG ရဲ့ မုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု စာရင်းအရ စိုက်ပျိုးမြေဧကပေါင်း သုံးသောင်းကျော် ရေလွှမ်းမိုးပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲက ကနီမြို့နယ်မှာ မိုခါဆိုင်ကလုန်း မုန်တိုင်းအစပျိုးတဲ့ မေ ၁၂ ရက်မှာ ကျေးရွာအုပ်စု လေးခု ရွာပေါင်း ၁၂ ရွာကို စစ်ကောင်စီအဖွဲ့ စစ်ကြောင်းထိုးတာတွေရှိလို့ ဒေသခံပြည်သူ တသောင်းကျော် နေအိမ်စွန့် ထွက်ပြေးနေရပါတယ်။

"စစ်ဘေးရှောင်တွေက ရာသီဉတုအပူနဲ့ မုန်တိုင်းဒဏ်ရော ဆိုးဆိုးရွားရွားခံရတယ်။ အဓိက သူတို့ ကြုံတွေ့နေရတာက မုန်တိုင်းတိုက်နေစဉ် မိုးရွာကြီးထဲ ပြေးကြ သွားကြတယ်။ ချောင်းတွေကူး၊ မိုးစိုနဲ့ နေခဲ့ကြရတာ။ မုန်တိုင်းတိုက်တဲ့ ဒဏ်ကို ခံရတာထက် စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကို ကြောက်ရတာက ပိုပြီး ကြီးမားနေတယ်။ စစ်တပ်နဲ့မတွေ့ရေး နှိပ်စက်တာမခံရဖို့ပဲ ရှောင်ပြေးနေရတာ"လို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ကနီဒေသခံတဦးက ပြောပါတယ်။

မိုးရွာသွန်းမှုများတာကြောင့် တောင်ကျချောင်းရေတွေ ကျလာပြီး ကျေးရွာကူး တံတားတွေ မျောတာ၊ နေအိမ်တချို့ ရေထဲမျောပါတာ၊ နွားနဲ့ဆိတ် အိမ်မွေးတိရိစ္ဆာန်တွေ တောင်ကျချောင်းရေနဲ့အတူ ပါသွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်နေရချိန် နောက် ၂ ရက် အကြာ မေ ၁၇ရက် ညနေ ၃နာရီခွဲမှာလည်း ကနီမြို့နယ်တွင်း ချောင်းမ(အနောက်)ရွာ လမ်းဘေးက နေအိမ်နဲ့ အထက်တန်း စာသင်ကျောင်း၊ ရုံးခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၇လုံးပျက်စီးပြီး အသက် ၄၀ အမျိုးသားတဦး ပေါင်မှာ ဒဏ်ရာရရှိသလို အသက် ၇ နှစ် အရွယ် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲဒီဒေသမှာ မုန်တိုင်းကြောင့်ကြုံရတဲ့နောက်ဆက်တွဲ နဲ့ အတူ ပစ်ခတ်ဖမ်းဆီးမှုတွေကိုလည်း စိုးရိမ်နေကြရတာပါ။

မေလ အတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ကနီဒေသခံ အနည်းဆုံး ၂၀ ကျော်ရှိနေပြီး မိုင်းရှင်းဖို့ ဓားစားခံနဲ့ ခေါ်သွားတာရှိသလို ပစ္စည်းသယ်ခိုင်းဖို့နဲ့ လမ်းပြဖို့အတွက် ဖမ်းဆီးတာတွေ ပြုလုပ်တာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

" ကနီက တော်လှန်ရေး အားကောင်းတဲ့ ဒေသဖြစ်တာရယ်၊ အဓိက PDF ရှိမယ်အထင်နဲ့ ပစ်ခတ်တာထင်ပါတယ်။ မုန်တိုင်းရှိလည်း စစ်ကြောင်းထိုးတာပဲ။ လေကြောင်းထိ ပစ်ကူတိုက်နေတာတွေက အရပ်သားတွေကို အကြောက်တရား လုပ်နေတာ။ PDFနဲ့ ပြည်သူကို ရန်တိုက်ပေးနေတာ"လို့ ကနီဒေသမှာ စစ်ကောင်စီအဖွဲ့ နေ့စဉ်ဆိုသလို စစ်ကြောင်းထိုး ပစ်ခတ်တာတွေရှိတာနဲ့ပက်သက်လို့ ဒေသခံတဦးက ပြောတာဖြစ်ပါတယ်။

မိုခါမုန်တိုင်းအပြီး ပြန်လည်ကယ်ဆယ် ထူထောင်ရေးအတွက် ကနီဒေသကို စစ်ကောင်စီအဖွဲ့တွေ ကူညီတာမရှိသလို ကနီဒေသ လေကြောင်းတိုက်ခိုက်မှု ဒေသအခြေအနေ နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

အလားတူ မုန်တိုင်းကြောင့် ကျေးရွာ ၅၀ရေနစ်မြုပ်ခဲ့တဲ့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာဆိုရင် ခရမ်းချဉ်၊ ပဲတီစိမ်း၊ နှမ်း၊ ငရုတ်၊ စပါးစတဲ့ စိုက်ပျိုးသီးနှံဧကပေါင်း တထောင်ကျော် ပျက်စီးခဲ့ပါတယ်။

စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိတဲ့ ခင်ဦးမြို့နယ်မှာ မိုးများရေကြီးလို့ ဒီပဲယင်း၊ ခင်ဦး၊ ရေဦးနဲ့ ရွှေဘိုဘက်ကူးတဲ့ မူးမြစ်ကူးတံတားပါ ပျက်စီးခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်း ထိုးလာရင် စစ်ရှောင်တွေ ထွက်ပြေးဖို့ အခက်ခဲရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူညီတွေလိုအပ်တယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အနည်းဆုံး မြို့နယ် ၁၁ မြို့မှာ မိုခါမုန်တိုင်း နောက်ဆက်တွဲကြောင့် ပျက်စီးထိခိုက်တာ ရှိနေပေမယ့် ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီအဖွဲ့ဟာ လျစ်လျူရှု ခဲ့တာအပြင် တချို့မုန်တိုင်းသင့် မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာတွေပါ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းအပြီး စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေက ပျက်စီးထိခိုက်မှုတွေကို ပြန်လည်ထူထောင်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ ကျေးရွာအများစုက ပြန်လည်ထူထောင်ရေးထက် စစ်ကောင်စီအန္တရာယ်အတွက် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ရာသီဥတု ရိုက်ခတ်မှုဒဏ်နဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေ ဖမ်းဆီးမခံရဖို့ လက်ရှိအချိန်ထိ အသက်ရှင်သန်ဖို့ ကြိုးစားနေထိုင် နေရတယ်လို့ စစ်ဘေးရှောင် ခင်ဦးဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခု မိုးကျမှ ရေသောက်ရတာ။ ၇ လကျော် မိုးမရ ရေရှားလို့ နွားတွေလည်း သေကြတာ။ လူတွေလည်း မသေရုံတမည်ပဲ။ ရွာထဲနေဖို့ကလည်း ပြာပုံပဲရှိတာ။ တောထဲ တဲတွေပါ အရှို့ခံရလို့ နေစရာမရှိဘူး။ မိုးကရွာပြန်တော့ နွားလှည်းပေါ် မိုးကာအုပ်ပြီး ထိုင်နေရတာ။ စားသောက်ဖို့ နေဖို့ ထိုင်ဖို့ဆိုတာထက် စစ်သားတွေ ဘယ်အချိန်ရောက်လာမလဲ ဆိုပြီး ကြောက်နေရတာ။"