ဂျနင်းမှာ အစ္စရေး စီးနင်း- နိုဝင်ဘာ ၂၉ ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျနင်းမြို့မှာ ကလေးနှစ်ယောက် အသတ်ခံရကြောင်း ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီက ဒုက္ခသည် စခန်းကြီးမှာ အစ္စရေးတပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်နေတာပါ။

အိမ်တအိမ်ကို စစ်သားတွေ ဝိုင်းပြီး အထဲက လူတွေကို ပစ်တယ်လို့လည်း သတင်းရပါတယ်။

လူနှစ်ယောက် အဖမ်းခံရပြီး ဒီထဲက တယောက်က ဂျနင်းတပ်ရင်းလို့ ခေါ်တဲ့ လက်နက်ကိုင် အုပ်စုကလို့ သိရပါတယ်။

အီဘန်း ဆီနာ ဆေးရုံနား အစ္စရေးတပ်တွေ ဝင်စီးတယ်လို့လည်း ပါလက်စတိုင်း ဆေးဘက်သတင်းတွေအရ သိရပါတယ်။

အဲဒီက နယ်စည်းမခြား ဆရာဝန်အဖွဲ့ အကြီးအကဲကတော့ သူနဲ့ သူ့အဖွဲ့တွေ တခြား ဆေးရုံတခုထဲ ၂ နာရီကြာ ပိတ်မိနေကြတယ်လို့ ပြောပါတယ်။

စစ်ကားတွေက ဆေးရုံအဝင်ဝကို ပိတ်ထားလို့ ဖြစ်ပါတယ်။

ဂျနင်း အခြေအနေကို အစ္စရေးဘက်က မှတ်ချက်မပေးသေးပါဘူး။

ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ်

ဒီကနေ့ နှောင်းပိုင်း ဂါဇာမှာ နောက်ထပ် ဓားစာခံတွေကို ဟားမတ်စ်ဘက်က လွှတ်ပေးဖို့ ရှိပါတယ်။

လွတ်ဖို့ရှိတဲ့ စာရင်းကို အစ္စရေးဘက်က ရရှိထားပြီး သက်ဆိုင်ရာမိသားစုတွေကိုလည်း အကြောင်းကြားပြီး ဖြစ်ပါတယ်။

အလဲအလှယ်အနေနဲ့ ပြန်လွတ်လာတဲ့ ဓားစာခံတယောက်အတွက် ပါလက်စတိုင်း သုံးယောက်စီ အစ္စရေးဘက်က ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဟားမတ်စ်လက်ထဲမှာ အနည်းဆုံး လူ ၁၇ဝ ဖမ်းထားတာ ကျန်နေပြီး ဒီထဲက ၃ဝ ကနေ ၄ဝ လောက်က အမျိုးသမီးနဲ့ ကလေးတွေလို့ ယူဆနေကြပါတယ်။

ဟောင်ကောင်က နှစ်ရှည် နိုင်ငံရေးမှု

ဟောင်ကောင်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး တောင်းဆိုသူတွေပါဝင်တဲ့ အမှုတခုကို ဆက်ပြီး စစ်ဆေးနေပါတယ်။

နောက်ဆုံး လျှောက်လဲချက်တွေကိုလည်း တင်ပြပြီး ဖြစ်ပေမယ့် တရားသူကြီးအဖွဲ့က စီရင်ချက်ချဖို့ လေးလလောက် ထပ်ကြာနိုင်ပါတယ်။

တရားမဝင်တဲ့ ဒေသန္တရ ရွေးကောက်ပွဲတခု ကျင်းပခဲ့လို့ အစိုးရ စနစ်ကို နှောင့်ယှက်ဖျက်ဆီးမှုနဲ့ လူ ၄၇ ယောက်ကို တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီထဲက ၃၁ ယောက်က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

တရားခံ အများစုကို ဖမ်းထားတာ ၃ နှစ် နီးပါး ရှိနေပါပြီ။

ဟောင်ကောင် အတိုက်အခံတွေကို နှိမ်နင်းဖို့ အမျိုးသား လုံခြုံရေး ဥပဒေကို တရုတ်က တင်သွင်းလာပြီးနောက် ဒီအမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကင်းစခန်းပြန်ဖွင့်မယ်

စစ်မဲ့ဇုန်ကို တပ်တွေ ပြန်ပို့ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ပြီးနောက် ကင်းစခန်းဟောင်းတခုကို ပြန်ဖွင့်ဖို့ တောင်ကိုရီးယားက စဉ်းစားနေပါတယ်။

ဂိုဆွန်းမှာ ရှိတဲ့ ကင်းစောင့်စခန်းဟာ ကိုရီးယားစစ်ပြီးတဲ့နောက်ပိုင်း တောင်ကိုရီးယားဘက်က ပထမဆုံး ဖွင့်တဲ့ စခန်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်က ကိုရီးယားနှစ်နိုင်ငံကြား ပြန်လည်နွေးထွေးမှုတွေ ပေါ်လာပြီးနောက် ဒီစခန်းကို ပိတ်ပစ်ခဲ့သလို ယဉ်ကျေးမှု အမွေအနှစ်နေရာ အဖြစ် ကြေညာခဲ့ပါတယ်။

စခန်းက နဂိုအတိုင်း ရှိသေးတာမို့ စစ်ကင်းစခန်းအဖြစ် ချက်ချင်း ပြန်သုံးနိုင်တာ ဖြစ်ပါတယ်။

အိုအီးစီဒီရဲ့ စီးပွားရေး ခန့်မှန်းချက်

ကမ္ဘာ့စီးပွားရေး ဖိအားတွေကို ကိုင်တွယ်ရာမှာ ကြီးထွားလာတဲ့ စျေးကွက်တွေက အရှိန်ရနေတဲ့ စျေးကွက်တွေထက် ပိုပြီး အလုပ်ဖြစ်တယ်ဆိုပြီး ၃၈ နိုင်ငံပါတဲ့ အိုအီးစီဒီ စီးပွားရေး ဖွံ့ဖြိုးမှု အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး အားနည်းမှုက ကုန်စည် လည်ပတ်မှုကို ပိတ်ဆို့နေပြီး အထူးသဖြင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဖွံ့ဖြိုးရေးကို နှောင့်နှေးစေတယ်လို့ အိုအီးစီဒီရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ပါရှိပါတယ်။

ငွေကြေးဖောင်းပွမှုက ပြေလျော့လာပေမယ့် စိုးရိမ်စရာ ဖြစ်နေသေးတယ်လို့လည်း ဆိုပါတယ်။

စီးပွားရေး အင်အား ကြီးထွားလာတဲ့ နိုင်ငံတွေက အလားအလာ ပိုကောင်းပြီး ဒီနှစ်ကနေ ၂ဝ၂၅ ထိ အိုအီးစီဒီနိုင်ငံတွေထက် ဖွံ့ဖြိုးမှု နှစ်ဆ ပိုများမယ်လို့ ခန့်မှန်းကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။