ဘန်ကောက်က Siam Paragon စျေးဝယ်စင်တာထဲပစ်ခတ်မှု ၂ ဦးသေဆုံး

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က နာမည်ကြီးဇိမ်ခံပစ္စည်း အသုံးအဆောင်တွေရောင်းချတဲ့ Siam Paragon စျေးဝယ် စင်တာထဲမှာ သေနတ်ပစ်ခတ်မှုမှာ ၂ ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ရဲက ဖမ်းထားပါတယ်။

အဲဒီလူငယ်ဟာ လက်နက်ငယ်ကိုင်ဆောင်ထားခဲ့တယ်လို့ ရဲက ပြောပြီး ဒဏ်ရာရသူ ၃ ဦးအထိရှိတယ်လို့ အစောပိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။

လူမှုကွန်ရက်မှာ အစောပိုင်းတက်လာတဲ့ ရုပ်သံတွေမှာတော့ စျေးဝယ်စင်တာထဲကနေ လူတွေ ထွက်ပြေးလာတာကိုတွေ့ရပြီး နောက်ပိုင်းမှာတော့ ဝင်ပေါက်ထွက်ပေါက်တွေအားလုံးကို ရဲက ပိတ်ခဲ့ပါတယ်။

ရုပ်သံတစ်ခုမှာဆိုရင် သေနတ်ငယ်ပစ်ခတ်သံလို ကျယ်လောင်တဲ့အသံ ၄ ချက်ကိုလည်း ကြားရပါတယ်။

မျက်မြင်သက်သေတွေကတော့ စျေးဆိုင်တွေနဲ့ သန့်စင်ခန်းတွေမှာ ပုန်းအောင်းခဲ့ရတယ်လို့ အွန်လိုင်းပေါ် ရေးသားနေတာလည်း တွေ့ရပါတယ်။

စျေးဝယ်စင်တာအနီးက ဘန်ကောက်မြို့ ကောင်းကင်ရထားလမ်းကွန်ရက်ဆုံရာ ဆယမ် ဘူတာရုံကိုလည်း ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

အခင်းဖြစ်တဲ့အချိန်က Siam Paragon ကုန်တိုက်အတွင်းက ဈေးဝယ်သူတွေဟာ သေနတ်ပစ်ခတ်သံတွေ ကြားကြတဲ့နောက် ထွက်ပေါက်တွေဆီကို ပြေးလွှားနေခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ရဲတွေရောက်လာပြီး သေနတ်သမားကို လက်နက်ချနိုင်ဖို့ ကြိုးစားချိန်မှာ လူအချို့ သေနတ်ထိမှန်ခဲ့ပါတယ်။

အရေးပေါ်လူနာတင်ယာဉ်တွေလည်း ဘန်ကောက်မြို့လည်ခေါင်မှာ ပိတ်ဆို့နေခဲ့ပြီး ‌သေနတ်ထိမှန်သူတွေ ကိုဆေးရုံပို့ဆောင်ပေးကြပါတယ်။

ရဲ တပ်ဖွဲ့ ရဲ့ အတည်ပြုချက်အရ ‌သေနတ်ပစ်ခတ်ခဲ့တဲ့ ၁၄ နှစ်အရွယ် ကလေးငယ်ဟာ အခုအခင်းဖြစ်တဲ့ ရှော့ပင်းမောနဲ့ သိပ်မဝေးတဲ့နေရာမှာ ကျောင်းတက်သူလို့ ဆိုပါတယ်။ ဒါပေမဲ့ သူဘာကြောင့် သေနတ်ပစ်ခတ်ခဲ့လဲဆိုတဲ့ အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆီယမ်ပါရာဂွန်ရှော့ပင်းမောဟာ ‌အာရှကလူအများစုလည်ပတ်ကြတဲ့ ‌ ဘန်ကောက်ရဲ့ ဒါဇင်နဲ့ချီတဲ့ရှော့ပင်းမောတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသား‌လည်ပတ်သူတွေ စျေးဝယ်သူတွေနဲ့ အမြဲစည်းကားနေတဲ့နေရာပါ။

ထိုင်း အာဏာပိုင်တွေကတော့ “အခြေအနေ ထိန်းချုပ်နိုင်ပြီ” လို့ စင်တာရှေ့မှာပဲ သတင်းထောက်တွေ ကို ပြောပါတယ်။ နောက်ဆုံးရအချက်အလက်တွေနဲ့ သေဆုံးဒဏ်ရာရသူတွေကိုလည်း ‌ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။