ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန် ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် ရာထူးကနေ နုတ်ထွက်
ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ၄၅ ရက်တာ ကြာပြီးတဲ့နောက် လစ်ဇ်ထရပ်စ် ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။
ဝန်ကြီးချုပ်က သူ့ရာထူးတာဝန်ကို ဆက်ခံမယ့်သူဖြစ်လာမယ့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာကို နောက်သီတင်းပတ်အတွင်းမှာ အပြီးရွေးချယ်ကြလိမ့်မယ်လို့ ပြောပါတယ်။
သူ့ရဲ့ စီးပွားရေး မူဝါဒ အများစုကို ဖျက်သိမ်းခဲ့ရပြီး သူ့အစိုးရဟာလည်း နိုင်ငံရေး အရ ကသောင်းကနင်း အခြေအနေတွေကို ကြုံနေရတဲ့ မစ္စ ထရပ်စ်ကို တိုရီ (ကွန်ဆာဗေးတစ်ပါတီ) လွှတ်တော်အမတ်တွေက ရာထူးကနေ ထွက်ဖို့ တိုက်တွန်း ခဲ့ကြပါတယ်။
မစ္စ ထရပ်စ်ဟာ တိုရီပါတီဝင်တွေက ရွေးချယ်မှုနဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ဥက္ကဌ ဖြစ်လာကာ ဝန်ကြီးချုပ်တာဝန်ကို စက်တင်ဘာလက ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ပေါ်လစီတွေကို နောက်ပြန် ခဏခဏ လှည့်ခဲ့ရပြီးနောက် သူ့သြဇာ လွှမ်းမိုးနိုင်မှု နိမ့်ပါးကျဆင်း ခဲ့ရပါတယ်။
ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်တော်ရဲ့ အပြင်ဘက်မှာ မစ္စထရပ်စ်က ရာထူးကနေ နုတ်ထွက်ကြောင်း ပြောတဲ့ အမှာစကားထဲမှာ “ကွန်ဆာဗေးတစ်ပါတီက ကျွန်မကို ရွေးချယ်ပြီး ထမ်းရွက်ဖို့ ပေးအပ်လိုက်တဲ့ တာဝန်တွေကို ကျွန်မ မဆောင်ရွက်နိုင်ခဲ့ဖူး ဆိုတာ ကျွန်မ သိလာပါတယ်” လို့ပြောခဲ့ပါတယ်။
သူ့ပါတီက ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်ကို တတိယမြောက် ချားလ် ဘုရင်က ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီး သူ့နေရာကို တရားဝင်ရယူတဲ့အချိန် အထိ ဝန်ကြီးချုပ်တာဝန်မှာ သူ ဆက်ရှိနေမယ်လို့ မစ္စ ထရပ်စ်က ပြောပါတယ်။
ဝန်ကြီးချုပ်ရာထူးကို လွန်ခဲ့တဲ့ ၄၄ ရက်က ရယူခဲ့တဲ့ မစ္စထရပ်စ် တယောက် သူရာထူးကနေ ဆင်းသွားပြီဆိုရင် ဗြိတိန် သမိုင်းမှာ ဝန်ကြီးချုပ် သက်တမ်းကို အတိုဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်သွားမှာပါ။
မစ္စထရပ်စ် နုတ်ထွက်ကြောင်း မိန့်ခွန်းပေးပြီးတဲ့နောက်ပိုင်းမှာ လေဘာ ပါတီ ခေါင်းဆောင် ဆာ ကီယန် စတမ်မာက အထွေထွေရွေးကောက်ပွဲ ချက်ချင်းလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းမှာ စစ်ဖြစ်နေပြီး နေထိုင်မှုစားရိတ်တွေကလည်း မိုးထိုး ထောင်တက်နေတဲ့ အချိန်ကာလမို့ သူ့မိန့်ခွန်းထဲမှာ မစ္စထရပ်စ်က သူရာထူးတာဝန် စထမ်းဆောင်တဲ့ အချိန်ဟာ “စီးပွားရေး မတည်ငြိမ်တာ၊ နိုင်ငံတကာမှာလည်း မတည်ငြိမ်တာတွေက သိပ်ကို ကြီးကြီးမားမား ဖြစ်နေတယ်” လို့ ထည့်ပြောခဲ့ပါတယ်။
ဒီနေ့အစောပိုင်းမှာ အစိုးရထဲက အဓိကဝန်ကြီး တယောက်ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီး မစ္စ ဆူလာ ဘရာဗာမင် နုတ်ထွက်ခဲ့တာ၊ လွှတ်တော်အတွင်း တိုရီ လွှတ်တော်အမတ်တွေ လွှတ်တော်တွင်း မဲပေးမှု တခု အပေါ် ဆန့်ကျင်ခဲ့ကြတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ထရပ်စ်ရဲ့ နုတ်ထွက်တာဆက်ပြီး ဖြစ်လာခဲ့တာပါ။