ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံခြားသား ပတ်စပို့ကိုင်ဆောင်သူတွေကို ဂါဇာဒေသကနေ အီဂျစ်နိုင်ငံထဲ နောက်ထပ်ဝင်ခွင့်ပြုခဲ့-နိုဝင်ဘာလ ၂ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
ဂါဇာတောင်ပိုင်းက ရာဖာ နယ်စပ်ဖြတ်ကျော်ဂိတ်နားမှာ အီဂျစ်နိုင်ငံထဲ ဝင်ခွင့်ရဖို့ လူ ရာပေါင်းများစွာ ထပ်မံ ရောက်ရှိလာနေပါတယ်။
အကြီးအကျယ် ဒဏ်ရာရထားသူတွေနဲ့ နိုင်ငံခြားသား ပတ်စပို့ ကိုင်ဆောင်ထားသူ ၄၀၀ လောက် မနေ့တုန်းက နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး အီဂျစ်နိုင်ငံထဲ ဝင်သွားနိုင်ကြပါတယ်။
အဲဒီလူတွေဟာ စစ်ပွဲ စဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ တစ်လနီးပါးလောက်ကတည်းကဆိုရင် ဂါဇာဒေသကနေ ပထမဆုံး ထွက်ခွာခွင့်ရတဲ့ အရပ်သားတွေ ဖြစ်ပါတယ်။
ဒီကနေ့ နယ်စပ်ဂိတ်ကို ဖြတ်ခွင့်ပြုသူတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ တစ်ဝက်ကျော်လောက်က အမေရိကန် နိုင်ငံသားတွေ ဖြစ်ပါတယ်။
လာမယ့် သီတင်းနှစ်ပတ်အတွင်း နိုင်ငံခြားသား ၇,၀၀၀ လောက်ကို ကယ်ထုတ်ပေးရာမှာ အကူအညီပေးဖို့ ပြင်ဆင်ထားတယ်လို့ အီဂျစ်အစိုးရက ပြောပါတယ်။
ဂါဇာမှာ လူ ၂ သန်းကျော်လောက် နေထိုင်နေကြပြီး အများစုဟာ ထွက်ခွာနိုင်စရာ လမ်းကြောင်း မရှိကြပါဘူး။
ဂါဇာကမ်းမြောင်အတွင်းထဲထိ မြေပြင်တပ်ဖွဲ့တွေ ထိုးဖောက်ဝင်ရောက်သွားပြီလို့ အစ္စရေးစစ်တပ်ပြော
အစ္စရေးတို့ ပိတ်ဆို့ထားတဲ့ ဂါဇာဒေသကို အစ္စရေးစစ်တပ်က မြေပြင်၊ လေကြောင်းနဲ့ ပင်လယ်ပြင်ကနေ အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာပဲ ဂါဇာကမ်းမြောင် အတွင်းပိုင်းထဲထိ မြေပြင်တပ်ဖွဲ့တွေ ရှေ့တိုး ဝင်ရောက်သွားကြပြီလို့ ထုတ်ဖော်ပြောပါတယ်။
ဂါဇာဒေသမြောက်ပိုင်းမှာ သီးခြား တိုက်ပွဲ ၅ ခု ဖြစ်ပွားနေပြီး အကြီးဆုံး တိုက်ပွဲက ဂါဇာကမ်းမြောင်ဒေသ အနောက်မြောက်ဘက်မှာ ဖြစ်တယ်လို့ သတင်းတွေအရ သိထားရပါတယ်။ ဒါပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။
ဂါဇာစီတီးမြို့မှာ ဆေးရုံနှစ်ရုံနား အပါအဝင် မနေ့ညတစ်ညလုံး ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အဲဒီမှာ ဆက်နေနေတဲ့ သူတွေက ပြောပါတယ်။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကစလို့ သေဆုံးသူပေါင်း ၉,၀၀၀ နီးပါး ရှိသွားပြီလို့ ဂါဇာမှာရှိတဲ့ ဟားမတ်စ် ဦးစီးတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ်ဟောင်း လီ ခချန်းရဲ့ နိုင်ငံတော်စျာပန ကျင်းပ၊ လုံခြုံရေးတင်းကျပ်
ပြီးခဲ့တဲ့ မတ်လတုန်းက ရာထူးကနေ အငြိမ်းစားယူသွားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ တရုတ်ဝန်ကြီးချုပ်ဟောင်း လီ ခချန်းရဲ့ နိုင်ငံတော် စျာပန အခမ်းအနားကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးတွေကို မြှုပ်နှံတဲ့ ဘေဂျင်းမြို့က သင်္ချိုင်းတစ်ခုမှာ မစ္စတာ လီ ခချန်းရဲ့ စျာပနအခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်နိုင်ငံတဝန်း ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံ တဝက် လွှင့်ထူခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်နဲ့အတူ စျာပနအခမ်းအနား တက်ရောက်ခဲ့ကြသူတွေထဲမှာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၆ ဦးလည်း ပါပါတယ်။
နိုင်ငံအရှေ့ပိုင်း ဟောပေမြို့မှာ ရှိတဲ့ မစ္စတာ လီ ခချန်းရဲ့ ငယ်စဉ်ကလေးဘဝ နေအိမ်နားတစ်ဝိုက်မှာ လုံခြုံရေး အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ အဲဒီမှာ လွမ်းသူ့ပန်းခွေတွေ၊ ပန်းစည်းတွေ လာချခဲ့ကြရာမှာ အခုအခါ တစ်မီတာလောက် အမြင့် ရှိနေပြီလို့ သိရပါတယ်။
အာဏာပိုင်တွေက အင်တာနက်ပေါ်က ကောမန့်တွေကို ဆင်ဆာဖြတ်တာတွေ လုပ်ခဲ့ပြီး မစ္စတာ လီ ခချန်းကို သာမန်ပြည်သူတွေ ပြန်လည်တမ်းတဖို့ ကြိုးစားလာမှာကို နှိပ်ကွပ်နေပုံတွေ့ရပါတယ်။
မစ္စတာ လီ ခချန်း ကွယ်လွန်တာကို တချို့က အခွင့်ကောင်းယူပြီး တရုတ်နိုင်ငံမှာ လက်ရှိစီးပွားရေး ကျဆင်းလာတာကို ဝေဖန်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပုံ ရပါတယ်။
ပါကစ္စတန်မှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ပိုက်စိတ်တိုက် လိုက်ရှာ ဖမ်းဆီးနေ
ပါကစ္စတန်နိုင်ငံမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ နိုင်ငံထဲက ထွက်ခွာကြဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ရက် ကျော်လွန်ခဲ့အပြီး တစ်ရက်အကြာမှာ နိုင်ငံ အနောက်မြောက်ပိုင်းက အာဖဂန်နစ္စတန် နယ်စပ်ဖြတ်ကျော်လမ်းဆီကို လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း ရောက်ရှိလာကြပါတယ်။
အဲဒီနယ်စပ်ဆီသွားတဲ့ လမ်းမတွေမှာ မိသားစုတွေနဲ့ သူတို့ရသလောက် သယ်လာတဲ့ ပစ္စည်းတွေကို တင်ဆောင်လာတဲ့ လော်ရီကားကြီးတွေ ပြည့်ကျပ်နေပါတယ်။
ပါကစ္စတန်နိုင်ငံတဝန်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက စီးနင်းရှာဖွေမှုတွေ လုပ်နေကြပါတယ်။
နိုင်ငံထဲမှာ နေထိုင်ခွင့် မရှိသူ ၁.၇ သန်းလောက်ကို နိုင်ငံထဲက ထွက်ခွာကြဖို့နဲ့ မဟုတ်ရင် ဖမ်းဆီးခံရပြီး တိုင်းပြည်ထဲကနေ နှင်ထုတ်ခံရမယ်လို့ ပါကစ္စတန်အစိုးရက ညွှန်ကြားခဲ့ချိန်ကတည်းကစလို့ လူပေါင်း ၁၆၅,၀၀၀ ကျော် ပါကစ္စတန်နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့ကြပြီလို့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ တခြားစာရင်းတွေအရတော့ ဒါ့ထက် အရေအတွက် အများကြီး ပိုများတယ်လို့ သိရပါတယ်။
နိုင်ငံရွှေ့ပြောင်း ဝင်လာသူ အာဖဂန်လူမျိုးတွေရဲ့ နေအိမ် ရပ်ကွက်တွေကို အစိုးရအရာရှိတွေက ထုတ်ဖော် တွေ့ထားတယ်လို့ ယာယီပြည်ထဲရေးဝန်ကြီး ဆာဖရက်ဇ် ဘွတ်ဂ်တီက ပြောထားပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေ မကြာခင် စလုပ်တော့မယ်လို့ ယူဆရပါတယ်။