စျေးကစားမှုတွေ အရေးယူမယ် ပြောပေမဲ့ ကုန်ပစ္စည်းစျေးတွေ မထိန်းနိုင်

ရေးသားခဲ့သည်။

စစ်ကောင်စီက ပြည်တွင်းက စက်သုံးဆီစျေးတွေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး ဈေးကစားမှုတွေ အလွန်အကျွံ ပြုလုပ်လာမယ်ဆိုရင် အရေးယူမယ်လို့ သြဂုတ်လ ၁၇ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းစျေးကွက်မှာတော့ စက်သုံးဆီ၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေဟာ နေ့စဥ်စျေးတွေ ဆက်လက်မြင့်တက်နေပြီး ပစ္စည်းပြတ်တာတွေပါ ဖြစ်ပေါ်နေပါတယ်။

 ပြည်တွင်းမှာ ဒေါ်လာငွေကြေးစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့နောက် လပိုင်းအတွင်းမှာ ဒေါ်လာကို အားထားပြီး သွင်းနေရတဲ့ ဆေးဝါး၊ စက်သုံးဆီနဲ့ စားသုံးဆီလို အခြေခံကုန်ပစ္စည်းတွေဟာ တစ်ရက်ထက် တစ်ရက်စျေးမတက်တဲ့ နေ့မရှိဘဲ နေ့စဥ် စျေးအပြာင်းအလဲ ဖြစ်နေခဲ့တာပါ။

စက်သုံးဆီစျေးကွက်ကို မထိန်းနိုင်

 စက်သုံးဆီဆိုရင် ဒီသြဂုတ်လ ၁ ရက်ကနေ လလယ်ထိ နေ့စဥ်တစ်လီတာကို တစ်ရာကျပ်ကျော်နဲ့ ဆက်တိုက်မြင့်တက်ခဲ့လို့ အခုဆို တစ်လီတာကို ကျပ်တစ်ထောင်ကျော်တဲ့အထိ စျေးတက်နေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီနဲ့ စားသုံးဆီတို့ကို စျေးကစားနေတာတွေရှိပြီး အလွန်အကျွံ ဖြစ်လာရင် အရေးယူမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပေမဲ့ ဘယ်လိုအရေးယူမယ်ဆိုတာတော့ မပါရှိပါဘူး။

 စစ်ကောင်စီပြောခွင့်ရ ပြောပြီးနောက်ရက်မှာပဲ စက်သုံးဆီစျေးက တစ်ရာကျော် ပြန်တက်သွားခဲ့သလို ပြည်တွင်းဆေးစျေးကွက်မှာ အခြေခံဆေးဝါးတွေ အရင်စျေးထက် ထက်ဝက်နီးပါး စျေးတက်လာတယ်လို့ ရောင်းချသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

 ဆေးဝါးစျေးကွက် အခက်အခဲကြောင့် အစားထိုးသုံးလို့မရတဲ့ ဆေးဝါးတွေ သုံးစွဲနေရတဲ့ နာတာရှည်ရောဂါကုသရေး ဆေးဝါးတွေအတွက် ပိုပြီး အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဆေးဝါးပြတ်တောက်မှုဟာ စျေးနှုန်းမြင့်တက်ခြင်းတက် တင်သွင်းခွင့် လိုင်စင် အခက်အခဲကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စျေးတက်ပြီး ပစ္စည်းပြတ်တဲ့ ကုန်စည်တွေ

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်တက်တာကြောင့်ရော သွင်းကုန်လိုင်စင် အခက်အခဲတွေကြောင့်ပါ ဆေးပစ္စည်းတွေ စျေးတက်တဲ့အပြင် နာတာရှည်ရောဂါတွေအတွက် စွဲသောက်ရတဲ့ ဆေးတွေလည်း ပြတ်တောက်နေတာကြောင့် သုံးစွဲသူတွေမှာလည်း စိုးရိမ်ချက်တွေ ရှိလာနေပါတယ်။

တခါ အခြေခံစားသောက်ကုန်စျေးကွက်ဘက်ကို ပြန်ကြည့်ရင်လည်း နေ့စဥ်စားသုံးနေတဲ့ ဆန်၊ ဆီတွေဟာ ရက်သတ္တပတ် တစ်ပတ်နဲ့ တစ်ပတ်အတွင်းမှာပဲ ငွေကျပ်ထောင်ဂဏန်းလောက် စျေးတက်နေတာကို စျေးကွက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

နေအိမ်တွေမှာ နေ့စဥ်သုံးစွဲနေရတဲ့ လူသုံးကုန်တွေဟာလည်း အလားတူပဲ တစ်ပတ်အတွင်း ဆက်တိုက်စျေးတက်နေသလို တချို့ပစ္စည်းတွေ စျေးကွက်ထဲမှာ ပြတ်လပ်မှုတွေ ရှိလာပါတယ်။

ဒီအခြေအနေကို လူသုံးကုန်ပစ္စည်းလက်လီဖြန်ဖြူးရောင်းချနေတဲ့ ကုန်စည်ဒိုင်ဘက်က အခုလို ပြောပါတယ်။

ကုန်စည်စျေးတွေက နေ့စဥ် တောက်လျှောက် စျေးတက်နေတဲ့အတွက် ပြန်ရောင်းချတဲ့အခါ တက်စျေးအတိုင်း ဝယ်သူကို ရှင်းပြပြီး ရောင်းချနေရတယ်လို့ ဆိုပြီး ဝယ်သူအများစုက အခြေအနေကို နားလည်ပေးကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ ကုန်စျေးနှုန်းထိန်းချုပ်မှုတွေအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေ ညှိနိုင်းအစည်းအဝေးတွေ လုပ်တာတွေ အသင်းအဖွဲ့တွေဖွဲ့တာတွေ ရှိခဲ့ပါတယ်။

လက်ရှိအာဏာသိမ်းအစိုးရလက်ထက်မှာတော့ ကုန်စျေးနှုန်းထိန်းချုပ်ဖို့အတွက် သီးခြားပြောဆိုတာ မတွေ့ရပါဘူး။

 မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်အပါအဝင်အဖွဲ့အစည်းအသီးသီးက အဆိုးဘက်ကို သုံးသပ်ထားပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာစီးပွားရေးကို ဦးမော့လာအောင် လုပ်မယ်လို့ သူ့မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုနေတာတွေ့တွေရပါတယ်။

စစ်ကောင်စီက စက်သုံးဆီကိစ္စကို ဖြေရှင်းဖို့ ရုရှားနိုင်ငံကနေ စက်သုံးဆီတွေ တင်သွင်းဖို့ ဒီလအစမှာ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း စက်သုံးဆီတွေ ဝင်ရောက်နေတယ်လို့ ဆိုနေပေမဲ့ စျေးတွေက ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။

ဆေးဝါးတွေ ပြတ်လပ်မှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာလည်း သက်ဆိုင်ရာ ဆေးဝါးတင်သွင်းရေး အဖွဲ့အစည်းက ဆေးဝါးပြတ်လပ်မှာကို မစိုးရိမ်ဖို့ ထုတ်ဖော်ပြောခဲ့ပေမဲ့ စျေးနှုန်းနဲ့ စျေးကွက်မှာ အခက်အခဲတွေ တောက်လျှောက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်း အခြေခံ စားသောက်ကုန်တွေကို ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းတဲ့ လမ်းကြောင်းတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပြီး လမ်းကြောင်းပိတ်ဆို့မှုတွေ မကြာခဏဆိုသလို ဖြစ်နေတဲ့အတွက် ပြည်တွင်းစားသုံးသူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။