စင်ကာပူကို သွားမယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘာကြောင့် ဒူဘိုင်းရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအာဏာပိုင်တွေကို စင်ကာပူမှာ ၂ ရက် ဆေးကုသမှုခံယူမယ်ဆိုပြီး နိုင်ငံပြင်ပကို ကိုယ်ပိုင် ဂျက်လေယာဥ်နဲ့ ထွက်ခွာသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ် ဒူဘိုင်းကို ရောက်ရှိနေပါတယ်။
စက်တင်ဘာ ၄ ရက် ညနေပိုင်းက သူ စင်ကာပူကိုထွက်ခွာဖို့ ဒွန်မောင်းလေဆိပ် လဝက (လူဝင်မှုကြီးကြပ်ရေးအဖွဲ့) ကိုဖြတ်သန်းချိန်မှာ လဝကအရာရှိတွေရဲ့ စိစစ်မှုတွေကြောင့် လေဆိပ်မှာ ၂ နာရီနီးပါး နောက်ကျခဲ့တယ်လို့ သက်ဆင်ရှင်နာဝပ်က သူ့ရဲ့ X လူမှုကွန်ရက်မှာ စက်တင်ဘာ ၅ ရက် မနက် ၃ နာရီမှာ ပို့စ်ရေးတင်ပါတယ်။
ဒါကြောင့် သူဟာ မူလခရီးစဥ် စင်ကာပူ အစား ဒူဘိုင်းကို သွားခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၈ ရက်နေ့ ထက် နောက်မကျဘဲ ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်ထားပြီး စက်တင်ဘာ ၉ ရက် တရားရုံးကြားနာမှုကို လူကိုယ်တိုင်သွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်း သူ ကပြောပါတယ်။
သက်ဆင်ရဲ့ X လူမှုကွန်ရက်မှာ ပြောဆိုချက်အရ သူနိုင်ငံရပ်ခြားမှာ နေထိုင်ခဲ့ရချိန်တုန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးစစ်ကုသမှုခံယူဖို့ စင်ကာပူကို သွားဖို့ရည်ရွယ်ခဲ့တာလို့ဆိုပါတယ်။
ဒါပေမဲ့ ထိုင်းလေဆိပ်မှာ လဝက အရာရှိတွေက သူ့ကို စိစစ်မှုတွေလုပ်ခဲ့တာကြောင့် ခရီးချိန်ကြန့်ကြာခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် သူ့ရဲ့ တရားရုံးအမှုကလည်း အနိုင်ရရှိပြီးဖြစ်တာကြောင့် သူဟာ တခြားထိုင်းနိုင်ငံသားတွေနည်းတူ ပြည်ပနိုင်ငံတွေကို လွတ်လပ်စွာခရီးသွားလာနိုင်တယ်လို့ ဆိုပါတယ်။
လေယာဥ်ဟာ နောက်ကျထွက်ခွာခဲ့ရတာကြောင့် ကိုယ်ပိုင်ဂျက်လေယာဉ်များအတွက် အသုံးပြုတဲ့ စင်ကာပူနိုင်ငံ Seletar လေဆိပ်ကို ည ၁၀ နာရီမတိုင်ခင် အချိန်မီ ဆင်းသက်နိုင်မှာမဟုတ်ကြောင်း လေယာဉ်မှူးက သူ့ကို အသိပေးခဲ့တယ်လို့ သက်ဆင် က ဆိုပါတယ်။
ဒါကြောင့် လေယာဥ်မှူးကို ဒူဘိုင်းကို ပျံသန်းဖို့ ဆုံးဖြတ်ပေးခဲ့တာလို့ သူက ပြောပါတယ်။
ဒူဘိုင်းမှာလည်း သူ ပုံမှန်ပြသခဲ့တဲ့ အရိုးနဲ့ အဆုတ်ရောဂါတွေအတွက် အထူးကု ဆရာဝန်တွေရှိသလို နှစ်နှစ်ကျော်အတွင်း မတွေ့ရတဲ့ သူငယ်ချင်းတစ်ဦးထံကိုလည်း သွားရောက်ခွင့်ရခဲ့တယ်လို့ သူက X မှာ ရေးပါတယ်။
ဒူဘိုင်းလေဆိပ်ကိုဆင်းသက်နိုင်ဖို့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေချိန်မှာ လေယာဉ်မှူးက အချိန်အတော်ကြာ ဝေဟင်မှာ လှည့်ပတ်ပြီးမှ ဒူဘိုင်းကို ဦးတည်ပျံသန်းခဲ့ရတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာ ၄ ရက် ညပိုင်းက စင်ကာပူမှာ ဆေးကုဖို့ အတွက်ဆိုပြီး ထိုင်းကနေ ထွက်ခွာသွားတဲ့ သက်ဆင်ရှင်နာဝပ် ရဲ့ ကိုယ်ပိုင်ဂျက်လေယာဥ် Bombardier Global 7500 ဟာ စင်ကာပူကို ဦးတည်တာမရှိဘဲ ဒူဘိုင်းကို ဦးတည်နေတယ်လို့ လေကြောင်းပျံသန်းမှုတွေကို စောင့်ကြည့်နိုင်တဲ့ Flightrader24 ရဲ့ လမ်းကြောင်းပေါ် မူတည်ပြီး ထိုင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
သက်ဆင်ဟာ စက်တင်ဘာ ၄ ရက် ညပိုင်း ၇ နာရီခန့်က ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ မထွက်ခွာခင် လေဆိပ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ခေါ်ယူစစ်မေးမှုတွေကို အချိန်အတိုင်းအတာတခု ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ စင်ကာပူမှာ ၂ ရက်တာဆေးကုသွားမယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် ထိုင်းအာဏာပိုင်တွေက သူ့ကို သွားခွင့်ပြုလိုက်တာလို့ အစောပိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းတော်ဝင်ဘုရင်မိသားစုကို စော်ကားမှု ပုဒ်မ ၁၂၂ နဲ့ အရင်က စွဲချက်တင်ခံခဲ့ရတဲ့ အမှုကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးက ပလပ်ခဲ့ပြီဖြစ်လို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရမှုတွေ ပျက်ပြယ်ပြီး ပြည်ပကို သွားရောက်ခွင့် ရရှိထားတယ်လို့ နားလည်ရပါတယ်။
အဲဒီအမှုဟာ ၂၀၁၅ ခုနှစ်က သူ နိုင်ငံပြင်ပမှာနေထိုင်ချိန် တောင်ကိုရီးယား ချိုဆန်အီဘို သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်းဖြေကြားချက်တချို့က ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို ကာကွယ်သော ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး နိုင်ငံတွင်းပြန်လည်ဝင်ရောက်ခွင့်ရပြီး ၂၀၂၄ ခုနှစ်မှာ ရှေ့နေချုပ်ရုံးက နောက်ကြောင်းပြန်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကြောင့် သက်ဆင်ဟာ ထိုင်းတော်ဝင်မိသားစု ဥပဒေနဲ့ နောက်ဆုံးတရားစွဲခံရတဲ့ လူသိရှင်သိအဖြစ်ဆုံး ထိုင်းနိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ သက်ဆင်ဟာ စက်တင်ဘာ ၉ ရက်မှာ နောက်ထပ် တရားခွင်တစ်ခုကို ထပ်မံတက်ရောက်ရမှာဖြစ်ပါတယ်။ အဲဒီတရားခွင်ကတော့ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲမှာ သမီးဖြစ်သူ ပေထုန်တန်ရဲ့ ဖုအာထိုင်းပါတီက အစိုးရဖွဲ့ခွင့်ရပြီးနောက် ပြည်နှင်ဒဏ်နဲ့ ပြည်ပမှာ နှစ်ကာလချီနေခဲ့ရတဲ့ သူဟာ နိုင်ငံတွင်းကို ပြန်ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေအရ ထောင်ကျခံရမယ့်ကာလအတွင်းမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဆေးရုံ ၁၄ လွှာမှာ ဆေးရုံတက်တာနဲ့ ဆက်စပ်တဲ့ အမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ တရားရုံးရဲ့ စီရင်ချက်ကို ကြားနာရမှာဖြစ်ပါတယ်။
သက်ဆင်ဟာ ၂၀၂၃ ခုနှစ် မတိုင်ခင်က နှစ်ပေါင်းများစွာ ပြည်နှင်ဒဏ်နဲ့ နိုင်ငံပြင်ပမှာနေထိုင်ချိန်က သူဟာ ဒူဘိုင်းမှာနေထိုင်ခဲ့ပြီး အဲဒီမှာ သူပိုင်ဆိုင်တဲ့ အိမ်ရှိတယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။
သက်ဆင်လိုက်ပါသွားတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဥ် Bombardier Global 7500 ဟာ ၁၄,၂၆၀ ကီလိုမီတာ အကွာအဝေးကို ပျံသန်းနိုင်စွမ်းရှိပြီး ဘန်ကောက် ကနေ လန်ဒန်အထိ အရောက် သွားလာနိုင်တဲ့ အထိ နာရီနဲ့ချီပျံသန်းနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ပြည်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ ပြန်ဝင်လာခဲ့ပါတယ်။
အဲဒီအချိန်က သမီးဖြစ်သူ ပေထုန်တန်ရဲ့ အာဏာရ ဖုအာထိုင်းပါတီနဲ့ သူ့ရဲ့ အရင်ကွန်ဆာဗေးတစ် မိတ်ဟောင်းဆွေဟောင်းတွေကြား အပေးအယူရဲ့တစ်စိတ်တစ်ပိုင်းကြောင့် သက်ဆင်ရဲ့ ပြည်တော်ပြန်မှု ထွက်ပေါ်လာခဲ့တာပါ။
လက်ရှိမှာတော့ သမီးဖြစ်သူ ပေထုန်တန် ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ပြဿနာကို တယ်လီဖုန်းနဲ့ ညှိနှိုင်းပြောကြားတဲ့ အသံဖိုင်ထွက်ပေါ်ခဲ့တဲ့နောက် ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံထားရပါတယ်။
ဒါက ရှင်နာဝပ်အစိုးရ ၃ ခု ရာထူးကနေဖြုတ်ချခံရမှုလည်းဖြစ်ပါတယ်။











