ရွေးကောက်ပွဲဝင်ခွင့်ပိတ်တာက နိုင်ငံရေးထိုးနှက်တိုက်ခိုက်တာလို့ ရာဟူးဂန္ဒီပြော- မတ်လ ၂၅ ရက်နောက်ဆုံးရသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယအတိုက်အခံ ကွန်ဂရက်စ်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီက သူ့ကို ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ မနေ့က ကြေညာသတ်မှတ်လိုက်တာဟာ နိုင်ငံရေးအရ တိုက်ခိုက်ထိုးနှက်တာလို့ ဆိုလိုက်ပါတယ်။
သူ့ရဲ့တာဝန်က အိန္ဒိယရဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် မစ္စတာမိုဒီနဲ့ အိန္ဒိယဘီလျံနာ မစ္စတာအဒါနီရဲ့ ဆက်သွယ်မှုတွေကို မေးခွန်းထုတ်နေတာတွေကို ရပ်တန့်ပေးမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျွန်တော့်အလုပ်က ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီကို ကာကွယ်သွားဖို့ပါ။ ကျွန်တော်လုပ်စရာရှိတာတွေကို လုပ်သွားမှာပါ။ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် ဘာမဆိုလုပ်သွားမှာပါ။ ဒီမိုကရေစီကိုကာကွယ်တယ်ဆိုတာ တိုင်းပြည်ရဲ့ ဒီမိုကရေစီယန္တရားအဆောက်အအုံတွေကို အကာအကွယ်ပြုတာ၊ ဆင်းရဲသားလူထုရဲ့ အသံအတွက် အကာအကွယ်ပေးတာတွေ ပါဝင်ပါတယ်။ ဘီလျံနာ မစ္စတာအဒါနီနဲ့ပတ်သက်ပြီး အမှန်အတိုင်းထုတ်ဖော်ပြောဆိုတာလည်း ပါဝင်ပါတယ်” လို့သူကဆိုပါတယ်။
သူ့ကို ထောင်ထဲထည့်ရင်တောင် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သူကဆိုပါတယ်။
မစ္စစ်စပီပြည်နယ်မှာ လေဆင်နှာမောင်းကြောင့် အပျက်အစီးများပြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်မှာ လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။
ကီလိုမီတာ ၁၅၀ ပတ်လည် ဧရိယာ အတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ သစ်ပင်တွေ ဓာတ်အားလိုင်းတွေလဲကျပြီး အိမ်ပေါင်းသောင်းနဲ့ချီ မီးပျက်ခဲ့ပါတယ်။
ရေဒါမှာမြင်ရတဲ့ မှတ်တမ်းအရ တချို့အပျက်အစီးတွေဟာ လေဆင်နှာမောင်းနဲ့ လွင့်ပါပြီး အမြင့်ပေ ၆ ထောင်ကျော်အထိရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
မစ္စစ္စပီအနောက်ပိုင်းက အရပ်သားတယောက်က မြို့ဟာ အစိတ်စိတ်ကြေမွသွားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အခုဆောင်ရွက်နေကြပါပြီ။
ဂြိုဟ်သိမ်ဂြိုဟ်မွှားအမြောက်အမြားလွင့်စဉ်လိမ့်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စနေနေ့မှာ လနဲ့ကမ္ဘာမြေအကြား ဂြိုဟ်သိမ်ဂြိုဟ်မွှားအမြောက်အများ ကျရောက်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါဟာ ဆယ်နှစ်အတွင်းမှာ တကြိမ်သာကြုံတွေ့နိုင်တဲ့ အဖြစ်အပျက်အမျိုးလို့လည်း ဆိုပါတယ်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားဂြိုဟ်အပဲ့တခုလွင့်စင်ပြီး ကမ္ဘာမြေကိုထိမှန်ရင် မြို့တမြို့ကို ပျက်စီးစေနိုင်လောက်အောင် အရွယ်အစားကြီးမားကြပေမဲ့ အခုလွင့်ထွက်လာမဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကတော့ ကမ္ဘာမြေကိုရော လကိုပါ ထိမှန်ဖွယ်မရှိဘူးလို့ သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကိုက် ၄၀ ကနေ ကိုက် ၇၀ လောက် အချင်းလောက်ရှိနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာမြေပြင်နဲ့ ကီလိုမီတာ ၁ သိန်း ၇ သောင်း ၅ ထောင်အကွာအဝေးမှာ လွင့်စဉ်ပျံသန်းသွားကြဖွယ်ရှိပါတယ်။
ဒါဟာ အာကာသသိပ္ပံပညာရှင်တွေအတွက် ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေအကြောင်းကို ပိုပြီး လေ့လာသိရှိနိုင်တဲ့ အခွင့်ကောင်းဖြစ်ပြီး နောင်မှာ တခုခုက ကမ္ဘာမြေပေါ်ကျရောက်တိုးမိလာမဲ့ အန္တရာယ်မျိုးပေါ်ပေါက်လာရင် ဘယ်လိုရှောင်ရှားထိန်းသိမ်းနိုင်မယ်ဆိုတဲ့ နည်းလမ်းကို ကြိုတင်ရှာဖွေနိုင်လိမ့်မယ်လို့ ဥရောပ အာကာသအေဂျင်စီက ဆိုပါတယ်။








