ဇွန် ၃၀ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - စစ်တပ်လက်နက်ဝယ်ယူမှုဆိုင်ရာကုလအစီရင်ခံစာကို စစ်ကောင်စီ ဗဟိုဘဏ်ကန့်ကွက်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲက ဗဟိုဘဏ်အဆောက်အအုံကို အာဏာသိမ်းအစောပိုင်းကာလ ၂၀၂၁ ခုနှစ်အတွင်း မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲက ဗဟိုဘဏ်အဆောက်အအုံကို အာဏာသိမ်းအစောပိုင်းကာလ ၂၀၂၁ ခုနှစ်အတွင်း မြင်တွေ့ရတာဖြစ်ပါတယ်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေမှာ ထိုင်းနိုင်ငံဘဏ်တွေ အပြင် နိုင်ငံပိုင်ဘဏ်လည်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ဗဟိုဘဏ်က ကန့်ကွက်ကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံနဲ့ပြည်ပနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံပိုင်ဘဏ်တွေ အပါအဝင် ပြည်တွင်းဘဏ်တွေဟာ ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေကို သေချာစွာစိစစ်ရယူတာအပြင် အပြည်ပြည်ဆိုင်ရာအဆက်အသွယ်ဘဏ်တွေဘက်ကလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းပြည်ပ ငွေကြေး လွှဲပြောင်းမှုတွေလုပ်ရာမှာ လိုအပ်တဲ့အထောက်အထားတွေကို သေချာစိစစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ကုလ ကိုယ်စားလှယ် တွမ်အင်ဒရူး က “သေမင်းတမန်ကုန်သွယ်မှုက ဘဏ်လုပ်ငန်းတွေ” သုံးနှုန်း ထားတဲ့ အစီရင်ခံစာထဲမှာ ‘’စစ်ကောင်စီဟာ နိုင်ငံတကာပိတ်ဆို့မှုတွေမခံရသေးတဲ့ မြန်မာ့ စီးပွားရေးဘဏ်(MEB)ကို အသုံးပြုပြီး ထိုင်းနိုင်ငံဘဏ်တွေကနေတစ်ဆင့် စစ်လက်နက်ပစ္စည်း ဝယ်ယူတဲ့နေရာမှာ ငွေပေးချေတာလုပ်တယ်’’လို့ ပြောထားပါတယ်။

ထိုင်းဘဏ်တွေကလည်း တွမ်အင်ဒရူးရဲ့ အစီအရင်ခံစာနဲ့ပတ်သက်ပြီး သူ့တို့ဘဏ်တွေကနေ တဆင့်ခံ ငွေလွဲတာတွေမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ်(MICB)တို့ကို အမေရိကန်ရဲ့ အရေးယူပိတ်မှု ခံထားရပါတယ်။

ချင်းမိုင်က ကျားဖြန့်နှိမ်နင်းရေးအတွင်း မြန်မာ ၆ ဦးဖမ်းဆီးခံရ

ကွန်ပြူတာတွေနဲ့ ဖုန်းတွေလည်း ဖမ်းမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းရဲတပ်ဖွဲ့

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲက ဒွိုင်စကတ်မြို့နယ်ထဲမှာပြုလုပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) နှိမ်နင်းမှုအတွင်း အဖမ်းရသူ ၁၃ ဦးထဲမှာ တရုတ်နိုင်ငံသား ၇ ဦးအပြင် မြန်မာနိုင်ငံသား ၆ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒွိုင်စကတ်က အိမ်ယာဝန်းတစ်ခုထဲမှာရှိတဲ့ အိမ်ကြီးတစ်လုံးထဲမှာ လုပ်ကိုင်နေတဲ့ အဲဒီအွန်လိုင်းငွေလိမ်အဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့ နည်းပညာရာဇတ်မှုဆိုင်ရာနှိမ်နင်းရေးဌာနခွဲက ဇွန်လ ၂၈ ရက်တုန်းက ဝင်ရောက် စီးနင်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ထိုင်းနိုင်ငံတောင်ပိုင်းက ဖတ်သာလောင်ခရိုင်မှာပြုလုပ်ခဲ့တဲ့ စီးနင်းရှာဖွေမှု ကနေတဆင့် အခုဖမ်းဆီးမှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အဲဒီစီးနင်းရှာဖွေမှုကနေ စားပွဲတင် ကွန်ပျူတာ၊ နုတ်ဘွတ်ခ်တွေနဲ့ မိုဘိုင်းဖုံး အလုံးရေ တစ်ရာနီးပါးကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ချင်းမိုင်မှာ အခြေစိုက်ပြီး တရုတ်ပြည်ထဲကလူတွေကို ငွေလည်လိမ်တာတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားကြတယ်ဆိုပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြေအောက် ကေဘယ်ကြိုးတွေနဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို အင်တာနက်ပေးနေတဲ့ ဆက်သွယ်ရေးစက်တွေကို ဖြီုဖျက် သိမ်းဆည်းခဲ့

ဓာတ်ပုံ ရင်းမြစ်, တာ့ခ်ခရိုင်ရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို မြေအောက်ကေဘယ်ကြို အင်တာနက်ပေးနေတဲ့ ဆက်သွယ်ရေးစက်တွေကို ဖြိုဖျက် သိမ်းဆည်းခဲ့တယ်လို့ တတာ့ခ်ခရိုင် ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်

တစ်ချိန်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ထဲမှာလည်း ထိုင်းဘက်ခြမ်းနဲ့ ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်ဘက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အင်တာနက်ပေးနေတယ်လို့ ယူဆရတဲ့ တရားမဝင်တပ်ဆင်ထားတဲ့ ကေဘယ်ကြိုးတွေနဲ့ တာဝါတိုင် တချို့ကို ထိုင်းရဲတပ်ဖွဲ့က ဖြုတ်သိမ်း ဖမ်းဆီးထားပါတယ်။

ရာဇဝတ်မှုနှိမ်နင်းရေး ထိုင်းနဲ့မြန်မာစစ်ကောင်စီ ရဲတပ်ဖွဲ့ လက်မှတ်ထိုး

ဘန်ကောက်မြို့က ထိုင်းရဲဌာနချုပ်မှာ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုတာကို ကြည့်ရှုစစ်ဆေးနေနဲ့ မြန်မာစစ်ကောင်စီ ရဲချုပ်

ဓာတ်ပုံ ရင်းမြစ်, Royal Thai Police

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့က ထိုင်းရဲဌာနချုပ်မှာ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုတာကို ကြည့်ရှုစစ်ဆေးနေနဲ့ မြန်မာစစ်ကောင်စီ ရဲချုပ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းရေး အချိန်နဲ့တပြေးညီ ဆောင်ရွက်ဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့တို့ လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်၊ ပြည်ထဲရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်အတွင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီးတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာရဲတပ်ဖွဲ့ထိပ်တန်းအရာရှိကြီးတွေ ဇွန်လ ၂၈ ရက်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်မှာ တွေ့ဆုံပြီးတဲ့နောက် အခုလို လက်မှတ်ရေးထိုးလိုက်ကြတာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်အဆင့်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့် ပေးခံရပြီး စစ်ကောင်စီ ဒုတိယ ပြည်ထဲရေးဝန်ကြီးအဖြစ်ရော၊ ရဲချုပ်အဖြစ်ပါ ပူးတွဲ တာဝန်ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာ - ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိုင်းဘုရင့်တပ်မတော်က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak ဟာ ဒုတိယ တပ်တော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တွေ့ဆုံထားပါတယ်။

တွေ့ဆုံချိန်မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့မှာ စစ်ဘေးရှောင်တွေ ပစ်ခတ်ခံရ၊ မန္တလေးမြို့ အထိ စစ်ဘေးရှောင်သူတွေ များလာ

မတ္တရာမြို့နားမှာ ပိတ်မိနေတဲ့ မိုးကုတ်စစ်ဘေးရှောင် ယာဥ်တန်း

ဓာတ်ပုံ ရင်းမြစ်, Nay Min Kha

ဓာတ်ပုံ ပုံစာ, မတ္တရာမြို့နားမှာ ပိတ်မိနေတဲ့ မိုးကုတ်စစ်ဘေးရှောင် ယာဥ်တန်း

မိုးကုတ်မြို့အနောက်ပိုင်းမှာ တအာင်းတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်သူတွေကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကလေး ၁ ဦး အပါအဝင် လူ ၂ ဦး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းက မြို့အထွက်နားမှာ ကား တစ်စီး အပစ်ခံရတာ။ ကားပေါ် ပါလာတဲ့ ကလေးက ထိမိပြီး အသက်စိုးရိမ်ရတယ်။ အမျိုးသမီးကတော့ ခြေသလုံး ထိသွားတယ်။ အခု ဇရပ်ကွင်းဆေးရုံကို ရောက်နေပြီ” ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မိုးကုတ်စစ်ဘေးရှောင်တွေဟာ မိုးကုတ်မြို့ အနောက်ပိုင်းက ကျောက်ဖားဂိတ်ကနေ မိုးကုတ်-မန္တလေးလမ်းအတိုင်း မန္တလေးမြို့အထိ စစ်ဘေးရှောင်နေကြပြီး မတ္တရာမြို့နားတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေ တာကြောင့် ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

“မတ္တရာမှာလည်းဖြစ်နေတော့ ဒီအတိုင်းသွားလို့မရဘူး။ ကားတွေမှာ အလံဖြူထောင်ပြီး သွားရတာ။ ဒါတောင် တချို့ သေနတ်မှန်လို့ ၂ ယောက် ၃ ယောက် ဆေးရုံရောက်နေကြတယ်” လို့ စစ်ဘေးရှောင် မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ဘီဘီစီကို ပြောပါတယ်။

မတ္တရာမြို့နားမှာ ရာနဲ့ချီတဲ့ စစ်ဘေးရှောင်ကားတွေပိတ်မိနေပြီး တချို့ကတော့ မိုးကုတ်ဘက်ကို ပြန်လှည့်သွားကြတယ်လို့လည်း မြေပြင်အရင်းအမြစ်တွေက ပြောပါတယ်။

မိုးကုတ်မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့အင်တာနက်လိုင်းတွေအပြင် MPT တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး တခြားဖုန်းလိုင်းတွေလည်း ခေါ်ဆိုရ ခက်နေပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့နားမှာရှိတဲ့ စစ်ဗျူဟာကုန်းကနေ လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတယ်လို့ သံဃာတော်တွေအပါဝင် အရပ်သားတွေထိခိုက်သေဆုံး တာတွေရှိခဲ့တယ်လည်း ပြောပါတယ်။

ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူ အယောက် ၃၀ ရှိတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောက်မဲ၊ နောင်ချို နဲ့ မိုးကုတ်မြို့ နယ်တွေမှာ စစ်ဘေးရှောင် ၃၀၀၀ ကျော် သွားပြီလို့လည်း TNLA က ပြောပါတယ်။

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်

မတူပီမြို့ဝင်ဆိုင်းပုဒ်ရှေ့မှာ တွေ့ရတဲ့ ချင်းညီနောင်နဲ့ မဟာမိတ် တပ်ဖွဲ့ ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ချင်းညီနောင်တပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, မတူပီမြို့ဝင်ဆိုင်းပုဒ်ရှေ့မှာ တွေ့ရတဲ့ ချင်းညီနောင်နဲ့ မဟာမိတ် တပ်ဖွဲ့ ဝင်တွေ

ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ချင်းညီနောင်အဖွဲ့ က ဇွန် ၂၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံး မတူပီ အခြေစိုက် စစ်ဗျူဟာနဲ့ အမှတ် ၁၄၀ ခြေလျင်တပ်ရင်း(ခလရ)တပ်ရင်းတွေကို ချင်းညီနောင်အဖွဲ့ တွေ ဇွန် ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတူပီမြို့ ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ချင်းညီနောင်အဖွဲ့ က ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်(Operation CB) စစ်ဆင်ရေးကာလအတွင်း ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေနဲ့ ဇွန် ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့လို့ မတူပီမြို့သိမ်းယူဖို့ အချိန်နှောင့်‌နှေးခဲ့ရတယ်လို့လည်း ချင်းညီနှောင်အဖွဲ့က ထုတ်ပြန် ပါတယ်။

ချင်းညီနောင် (Operation CB) စစ်ဆင်ရေး မတူပီမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် (အရင်က ရက္ခိုင့်တပ်တော်-အေအေ)၊ ယောကာကွယ်ရေးတပ်(YDF)နဲ့ ယောတပ်မတော်(Yaw Army) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လည်း ချင်းညီနောင်အဖွဲ့ က ထုတ်ပြန်ပါတယ်။

ချင်းညီနှောင်အဖွဲ့ဟာ မတူပီအခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ဇွန် ၁၇ ရက်နေ့ထဲက သိမ်းပိုက်ထားတာဖြစ်ပြီး နောက်ဆုံးကျန်နေတဲ့ ခလရ (၁၄၀) တပ်ရင်းကိုတော့ ဇွန် ၂၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလိုလည်း ချင်းညီနောင်အဖွဲ့ က ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာလ ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းညီနောင်အဖွဲ့ထဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)စတဲ့အဖွဲ့တွေအပါအဝင် အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မတူပီမြို့နယ်ထဲမှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီမြို့ ၃ မြို့ ရှိနေပြီး မြို့နှစ်မြို့ဖြစ်တဲ့ ရေဇွာနဲ့ လိုင်လင်းပီကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ် လို့ ၂၀၂၃ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

‘‘မိတ်ဆွေ‌ဟောင်း’’နဲ့ ပြန်ဆုံတွေ့ရတာလို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာဝမ်ယိက သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇွန်လ ၂၉ ရက်တွေ့ဆုံမှုကို မိတ်ဆွေဟောင်းနဲ့တွေ့ဆုံမှုလို့ သုံးနှုန်းပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် နှစ် ၇၀ ပြည့်အမှတ်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ ဇွန်လ ၂၉ ရက်မှာ တွေ့ဆုံချိန် မစ္စတာဝမ်ယိက အခုလို ခေါ်ဆိုလိုက်တာဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေအတွက် မိတ်ဆွေဟောင်းဖြစ်ပြီး မြန်မာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ပထမဆုံးထောက်ခံခဲ့တဲ့နိုင်ငံဖြစ်တာကိုလည်း မစ္စတာ ဝမ်ယိက အသိအမှတ်ပြုပြောဆိုပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ကတော့ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ချမှတ်တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်ကို သမ္မတအနေနဲ့ တက်ရောက်ခဲ့သူဖြစ်ပြီး မြန်မာဟာ တရုတ်နိုင်ငံနဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောထားပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ် ခရီးစဥ်ကို စစ်တပ် လေတပ်အထူးလေယာဥ် စီစဥ်ပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် လေဆိပ်ကို လိုက်ပို့ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်လက်နက်ချ

TNLA ပူးပေါင်းအဖွဲ့တွေထံ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, TNLA ပူးပေါင်းအဖွဲ့တွေထံ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၅၃ ယောက် လက်နက်ချခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားတွေ လက်နက်ချခဲ့ကြတာလို့လည်း TNLA က ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ချခဲ့သူတွေထဲမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ရဲအုပ် ၁ ဦး စတဲ့ အရာရှိတွေအပြင် ယာဉ်ထိန်းရဲတွေလည်း ပါဝင်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန် ၂၆ ရက်နေ့က နောင်ချိုမြို့၊ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းတွေကနေ လက်နက် မျိုးစုံ အလက် ၅၀ ကျော်သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက် လက်နက်ချခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။

TNLA ပူးပေါင်းအဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ မိုးကုတ်၊နောင်ချို၊ကျောက်မဲ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ကြောင့် အရပ်သား ၂၂ ယောက် သေဆုံးပြီး လူ ၃၀ ဒဏ်ရာရထားတယ်လို့လည်း TNLA က ထုတ်ပြန် ပါတယ်။

TNLA ပူးပေါင်းအဖွဲ့တွေဟာ ရှမ်းမြောက်ဒေသတွေမှာ ဇွန် ၂၅ ရက်ကနေစပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

မိုးကုတ်မှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ရှောင်တွေ ပိတ်မိနေ

မိုးကုတ်စစ်ဆင်ရေးမှာမြင်ရတဲ့ TNLA/PDF

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, မိုးကုတ်စစ်ဆင်ရေးမှာမြင်ရတဲ့ TNLA/PDF

မိုးကုတ်မြို့ပေါ်မှာ တအာင်းတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းရပ်ကွက်က စစ်ရှောင်မယ့်သူတွေလည်း ပိတ်မိနေတယ်လို့ ဘီဘီစီက သိရပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းကနေ စတင်တဲ့ တိုက်ပွဲဟာ မနေ့ ဇွန် ၂၉ ညနေပိုင်းမှာတော့ အရှေ့ပိုင်း အထိ ကျယ်ပြန့်လာပြီး ကံတော်ရှမ်းကျောင်းဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ပစ်တာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဒါ့အပြင် မိုးကုတ်အနောက်ဘက် ကျပ်ပြင်အထက်တန်းကျောင်းရှေ့ကို လက်နက်ကြီးကျလို့ ထိခိုက်တာ တွေ ရှိတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မိုးကုတ်မြို့ပေါ်မှာ ဇွန်လ ၂၇ ရက်နေ့ထဲက ပြတ်တောက်နေတဲ့ MPT ဖုန်းလိုင်းတွေ ဒီနေ့အထိ ပြန်မရသေး သလို တခြားဖုန်းလိုင်းတွေလည်း ခေါ်ဆိုရခက်နေပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ အထက်ပန်းမ ဘုန်းကြီးကျောင်းနဲ့ အရှေ့ပိုင်းက ဥယျာဉ်ဘုန်းကြီး ကျောင်းတွေထဲကို လက်နက်ကြီးကျည်ကျလို့ လူသေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း မိုးကုတ် အခြေစိုက် လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

လူထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဘီဘီစီက ဆက်လက်မေးမြန်းပြီး အချက်အလက်ဖြည့်စွက်ဖော်ပြပေးသွားပါမယ်။

တစ်ချိန်တည်းမှာပဲ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူ အယောက် ၃၀ ရှိတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့ နယ်တွေမှာ စစ်ဘေးရှောင် ၃၀၀၀ ကျော် သွားပြီလို့လည်း TNLA က ပြောပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ကျပ်ပြင်ရဲစခန်းကို တအာင်းတပ်မတော် (TNLA) က ဇွန် ၂၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။