မြေကြီးထဲကျွံကျနိမ့်ဆင်းနေတဲ့ အိန္ဒိယကမြို့

ဓာတ်ပုံ ရင်းမြစ်, AFP
ဇန်နဝါရီလ ၂ ရက် မနက်စောစောမှာ ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးကြောင့် ပရာကတ်ရှ်ဘိုတီယာ လန့်နိုးလာပါတယ်။ သူ့အိမ်ဟာ အိန္ဒိယမြောက်ပိုင်း အူတြာခန်ပြည်နယ် ဟိမဝန္တာတောင်တန်းကြီးပေါ်က ဂျိုရှီမတ်မြို့ကလေးထဲမှာရှိတာပါ။
သူဟာ အသက် ၅၂ နှစ်အရွယ်ရှိတဲ့ စက်ချုပ်သမားဟောင်းကြီးတယောက်ပါ။ ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးထွက်ပေါ်လာပြီးနောက်မှာ သူဟာ မီးတွေဖွင့်ပြီး အသစ်ဆောက်ထားတဲ့ သူ့အိမ်ကို လိုက်စစ်ဆေးပါတယ်။ သူ့အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး အခန်း ၁၁ ခန်းပါပါတယ်။ သူစစ်ဆေးကြည့်တော့ အခန်း ၉ ခန်းရဲ့နံရံတွေမှာ အက်ကြောင်းတွေ တွေ့လိုက်ရပါတယ်။ ထိတ်လန့်နေကြတဲ့ မိသားစုဆွေမျိုး ၁၁ ယောက်ဟာ အက်ကြောင်းသေးသေးလေးတွေလောက်ပဲ ပေါ်တဲ့ အခန်း ၂ ခန်းထဲမှာ ချက်ချင်းရွှေ့ပြောင်းလိုက်ကြပါတယ်။
“ကျွန်တော်တို့ဟာ အိပ်မပျော်ကြတော့ပါဘူး။ အသံတိုးတိုးလေးကြားရင်တော့ ပျာယာခတ်နေပါပြီ။ ညအိပ်ရာဝင်တော့လည်း တခုခုအရေးပေါ်ဆိုရင် ချက်ချင်းထပြေးနိုင်အောင် အဆင်သင့်ပြင်ပြီး အိပ်ပါတယ်။”
ဒါပေမဲ့ အိမ့်အပြင်မှာလည်း ဘေးကင်းလုံခြုံနေတာ မဟုတ်ပါဘူး။ ဂျိုရှီမတ်မြို့ကလေးဟာ မြေကြီးထဲကို တဖြည်းဖြည်းနိမ့်ဝင်နေတယ်လို့ မြို့အာဏာပိုင်တွေကဆိုပါတယ်။ ဂျိုရှီမတ်မြို့ကလေးမှာ လူဦးရေ ၂၀၀၀ နေထိုင်ကြပါတယ်။ ချိုင့်ဝှမ်း ၂ ခုဆုံတဲ့နေရာမှာရှိတဲ့ တောင်စောင်းကလေးပေါ်မှာ ဂျိုရှီမတ်မြို့ကိုတည်ထားတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၁၅၁ ပေမြင့်ပါတယ်။
မြို့ပေါ်က အဆောက်အအုံ ၄၅၀၀ အနက် ၆၇၀ ကျော်မှာ အက်ကြောင်းရာတွေဖြစ်သွားခဲ့ပါတယ်။ အဲသလိုအက်ကြောင်းထင်တဲ့အထဲမှာ ဘုရားရှိခိုးကျောင်းတခုလည်း ပါသလို ကေဘယ်ကြိုးနဲ့ ချိတ်ဆက်ထားတဲ့ ကောင်းကင်ရထားလမ်းလည်း ပါဝင်ပါတယ်။ လမ်းမတွေ၊ လမ်းဘေးပလက်ဖောင်းတွေလည်း ကွဲအက်ကုန်ပါတယ်။ ဟိုတယ်ကြီးနှစ်ခုဟာ တခုနဲ့တခုမှီလျက်သား ဖြစ်သွားပါတယ်။ စိုက်ခင်းတွေထဲကနေ ရေတွေပန်းထွက်လာကြပါတယ်။
ဘာ့ကြောင့် အဲသလိုဖြစ်သလဲဆိုတာတော့ သေသေချာချာမသိပါဘူး။ မိသားစု ၈၀ လောက်ဟာ အိုးအိမ်စွန့်ခွာပြီး စာသင်ကျောင်းတွေ၊ ဟိုတယ်တွေ၊ အိမ်ငှားတွေမှာ ရွှေ့နေကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဟာ ရဟတ်ယာဉ်တွေနဲ့ရောက်လာပြီး လူတွေကို အသက်ကယ်ဖို့စောင့်ဆိုင်းနေကြပါတယ်။ လူ့အသက်ကိုကယ်ဆယ်ရေးဟာ ပထမဦးစားပေးပဲလို့ အူတြာခန်ပြည်နယ် ဝန်ကြီးချုပ်ပူရှ်ကာဆင်းဒါမီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Atul Sata
ဒီလိုနေရာမျိုးမှာ လူတွေဘယ်လိုနေထိုင်ကြသလဲဆိုတာကတော့ အပြောလွယ်ပေမဲ့ အလုပ်ခက်ပါတယ်။ အိပ်ခန်းတွေမှာ အက်ကြောင်းပေါ်လာပြီးနောက် အသက် ၅၂ နှစ်အရွယ် အပ်ချုပ်သမား ဒါဂါပရာဆတ်ဆာကလာနီနဲ့ အတူနေဆွေမျိုးမိသားစု ၁၄ ယောက်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဟိုတယ်မှာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆာကလာနီမိသားစုဝင်တွေဟာ နေ့ခင်းဘက်မှာ မြေကြီးထဲနိမ့်ဝင်နေတဲ့ သူတို့အိမ်မှာ ပြန်နေကြပါတယ်။ အဲဒီမှာပဲ အစားအသောက်ချက်ပြုတ်စားသောက်ကြပါတယ်။ ခြံဝန်းထဲကနွားတွေကို အစာကျွေးပါတယ်။ နွားခြံဟာလည်း ၂ ပေကျော်နိမ့်ဆင်းသွားပါပြီ။ သူတို့ဟာ မြေကြီးထဲကျွံကျပြီး ပိတ်မိမသွားအောင် အိမ်ကို သစ်လုံးတွေနဲ့ ထောက်ထားကြပါတယ်။ မစ္စတာဆာကလာနီရဲ့ ဇနီးဟာ လောလောဆယ် ဆေးခန်းတခုမှာ ခွဲစိတ်ကုသမှုခံယူနေရပါတယ်။ ကျပ်ညပ်နေတဲ့ ဟိုတယ်ခန်းလေးထဲမှာ သူဘယ်လိုနာလန်ထူပါ့မလဲ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူတို့အိမ်ကလေး တဖြည်းဖြည်းနိမ့်ဆင်းသွားတာ အက်ကြောင်းတွေတနေ့ထက်တနေ့ပိုကြီးလာတာကို သူတို့စောင့်ကြည့်နေရတာ သိပ်ကြောက်စရာကောင်းတယ်လို့ မိသားစုဝင်တယောက်ဖြစ်တဲ့ နေဟာဆာကလာနီကပြောပါတယ်။ ဒါပေမဲ့ ဒီမြို့ကလေးအခုလို နိမ့်ဆင်းနေတာဟာ နေ့ချင်းညချင်း ရုတ်တရက်ဖြစ်လာတာ မဟုတ်ပါဘူး။
တကယ်တော့ ဂျိုရှီမတ်မြို့ဟာ စတည်ကတည်းက ပထဝီမခိုင်တာပါ။ မြို့ဟာတောင်စောင်းနှစ်ခုကြားမှာရှိပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ငလျင်လှုပ်မြေပြိုခဲ့တဲ့ မြေစာပုံပေါ်မှာ တည်ဆောက်ထားတာ ဖြစ်နေပါတယ်။ မြေကြီးနိမ့်ဝင်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ငလျင်ကြောင့် ကမ္ဘာ့မြေလွှာရွေ့လျားပြောင်းလဲရင်လည်း မြေနိမ့်ဝင်မှု ဖြစ်တတ်ပါတယ်။ မြေကျွံတွင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မြေကျွံတွင်းတွေဆိုတာက အပေါ်ယံမြေလွှာကို ရေတိုက်စားမှုကြောင့်ပျက်စီးသွားပြီး မြေကြီးနိမ့်ဝင်ကျွံကျရာကနေ ဖြစ်လာတဲ့ တွင်းမျိုးကို ဆိုလိုတာပါ။ မြေအောက်ရေစီးကြောင်းရှိရင်လည်း ဖြစ်တတ်ပါတယ်။
လူ့ပယောဂကြောင့်လည်း မြေနိမ့်ဝင်နိုင်ပါသေးတယ်။ မြေကြီးထဲကရေကို အလွန်အကျွံစုပ်ယူအသုံးပြုတဲ့ အခါမျိုးမှာ မြေနိမ့်ဝင်တတ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကြီး တဖြည်းဖြည်းနိမ့်ဆင်းနေတာဟာ အဲဒီပြဿနာကြောင့်လို့ ဘူမိဗေဒပညာရှင်တွေက ယုံကြည်ကြပါတယ်။ ကမ္ဘာပေါ်မှာ မြေနိမ့်ဆင်းမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြေအောက်ရေကို အလွန်အကျွံစုပ်ယူသုံးစွဲမှုကြောင့်လို့ အမေရိကန်ဘူမိဗေဒသုတေသန အဖွဲ့ကဆိုပါတယ်။
ဂျိုရှီမတ်မြို့ဖြစ်စဉ်ကလည်း လူ့ပယောဂက အဓိကအကြောင်းဖြစ်ပုံရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ စိုက်ပျိုးရေးအတွက် မြေအောက်ရေအများအပြားကို စုပ်ယူအသုံးပြုခဲ့လို့ မြေကြီးနဲ့ ကျောက်သားတွေ မခိုင်မမာဖြစ်ခဲ့ပါတယ်။ မြေသားမခိုင်တဲ့အတွက် မြို့ဟာ တဖြည်းဖြည်း နိမ့်ဆင်းလာပါတယ်။ ဒီအခြေအနေဟာ အန္တရာယ်အချက်ပေးခေါင်းလောင်း အသံမြည်လာတာပဲလို့ ဘူမိဗေဒပညာရှင် ဒီပီဒိုဘားကဆိုပါတယ်။

၁၉၇၆ ခုနှစ်တုန်းကလုပ်တဲ့ အစိုးရသုတေသနတခုက ဂျိုရှီမတ်မြို့ဟာ နိမ့်ဆင်းနေတယ်လို့ သတိပေးခဲ့ပါတယ်။ မြို့ဧရိယာထဲမှာ အကြီးစားဆောက်လုပ်ရေးတွေ မလုပ်ဘဲ ပိတ်ပင်ဖို့လည်း အကြံပြုခဲ့ပါတယ်။ မြို့မှာ လုံလောက်တဲ့ရေစီးရေလာစနစ်မရှိတာဟာ မြေပြိုမှုတွေဖြစ်ဖို့ အားပေးနေတယ်လို့လည်း ထောက်ပြပါတယ်။ ဂျိုရှီမတ်ဟာ မြို့တည်ဖို့သင့်တော်တဲ့နေရာ မဟုတ်ဘူးလို့ နိဂုံးချုပ်ချက်ဆွဲသွားခဲ့ပါတယ်။
ဒါပေမဲ့အဲဒီသတိပေးချက်ကို အလေးမမူကြပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ ဂျိုရှီမတ်မြို့ဟာ ခရီးသွားနယ်မြေတခုအဖြစ် ဘုရားဖူးတွေ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားခဲ့ပါတယ်။ ဘုရားဖူးတွေဟာ မြို့ကနေ ၂၇ မိုင်ဝေးတဲ့ ဟိန္ဒူဘုရားကျောင်းကိုသွားကြပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေက တောင်တွေတက်ကြ၊ စကိတ်စီးကြပါတယ်။ ဟိုတယ်တွေ၊ တည်းခိုဆောင်တွေ၊ စားသောက်ဆိုင်တွေဟာ အလျှိုအလျှိုထွက်ပေါ်လာကြပါတယ်။ လမ်းတွေဖောက်၊ မြေအောက်လမ်းတွေဆောက်ခဲ့ပါတယ်။ စိုးရိမ်စရာ အကောင်းဆုံးကတော့ တော့ဗန်ဗစ်ရှ်နုဂတ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်လိုက်တဲ့ အချက်ပါပဲ။ ရေအားလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအတွက် ဖောက်လုပ်လိုက်တဲ့ လိုဏ်ခေါင်းတွေဟာ ဂျိုရှီမတ်မြို့အောက်က ဘူမိအားပျော့နယ်မြေတွေကို တခုနဲ့တခုချိတ်ဆက်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ၂၀၁ဝ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ ဘူမိဗေဒစာတမ်းတစောင်မှာ အဲသလို ဖော်ပြထားခဲ့တာပါ။
၂၀၀၉ ခုနှစ်မှာ ဓာတ်အားပေးစီမံကိန်းက ရေလီတာပေါင်း သန်း ၇၀ ကိုနေ့စဉ်ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ဒါဟာ လူပေါင်း ၃ သန်းသုံးစွဲဖို့အတွက် လုံလောက်တဲ့ပမာဏလို့ ဘူမိဗေဒပညာရှင်တွေက မှတ်ချက်ပြုပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရေအားလျှပ်စစ်လုပ်ငန်းအတွက် အသုံးပြုတဲ့ မြေအောက်လိုဏ်ခေါင်း ၂ ခုဟာ အူတြာခန် ရေကြီးမှုကြောင့် ပိတ်ဆို့သွားပြီး လူပေါင်း ၂၀၀ ကျော်သေဆုံး၊ ပျောက်ဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချိုင့်ဝှမ်း၊ လျှိုမြောင်၊ ကုန်းမြင့်၊ မြစ်၊ တောင်တန်းတွေဟာ ဂျိုရှီမတ်မြို့တည်ရှိတဲ့ အူတြာခန်ပြည်နယ်ရဲ့ ပထဝီအနေအထားတွေပါ။ အကဲဆတ်အထိမခံနိုင်တဲ့ မြေအနေအထားတွေလို့ ဘူမိဗေဒပညာရှင်တွေက ဆိုကြပါတယ်။ အူတြာခန်ပြည်နယ်ဟာ သဘာဝဘေးအမျိုးမျိုးဆိုက်ရောက်ခဲ့ဖူးတဲ့ သမိုင်းရှိပါတယ်။ ၁၈၈၀ ကနေ ၁၉၉၉ အတွင်းဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ မြေပြိုမှု ၅ ခုကြောင့် လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀ ကနေ ၂၀၀၉ ခုနှစ်အတွင်းဖြစ်ပွားတဲ့ မြေပြိုမှု ၊ မုန်တိုင်းနဲ့ ရေကြီးမှုတွေကြောင့် လူပေါင်း ၄၃၃ ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ရာသီဥတုဘေးကြောင့် လူပေါင်း ၁၃၁၂ ယောက် သေဆုံးခဲ့ပါတယ်။ လူနေထိုင်ဖို့ စိတ်မချရတဲ့ရွာပေါင်း ၄၀၀ လောက်ရှိတယ်လို့ စာရင်းပြုစုမှတ်သားထားပါတယ်။
၂၀၂၁ ခုနှစ် တနှစ်တည်းမှာပဲ မြေပြိုမှု၊ ရေကြီးမှု၊ နှင်းခဲပြိုကျမှုတွေကြောင့် အူတြာခန်ပြည်နယ်မှာ လူပေါင်း ၃၀၀ ကျော်အသက်ဆုံးရှုံးတယ်လို့ သဘာဝကပ်ဘေး စီမံခန့်ခွဲမှု အရာရှိ ဆူရှီခန်ဒူရီကဆိုပါတယ်။
ဂျိုရှီမတ်မြို့သားတွေရဲ့ဘဝဟာ အန္တရာယ်နှုတ်ခမ်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ဘယ်အချိန်မှာ သူတို့အိမ်ကို မြေမျိုသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ပါ။ ဆယ်နှစ်ကြာရင် မြေဘယ်နှလက်မ နိမ့်ဝင်သွားသလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဘယ်သူမှ သုတေသနလုပ်မထားကြပါဘူး။
အရေးကြီးတဲ့မေးခွန်းက ဂျိုရှီမတ်မြို့ဟာ ဘေးကင်းရဲ့လား။ ဒေသတွင်းတက်ကြွလှုပ်ရှားသူ အာတူဆာတီက အခုလိုဆက်ပြီး မြေကျွံနေမယ်ဆိုရင် မြို့လူဦးရေ ၄၀ ရာခိုင်နှုန်းလောက်ဟာ နေရာရွှေ့ပြောင်းဖို့သင့်ပြီလို့ အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး ပြောပါတယ်။








