မြန်မာစစ်အုပ်စုကို အင်ဒိုနီးရှားမှာ ခုံရုံးတင်နိုင်ရေး ကြိုးပမ်းမှု

ရေးသားခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်အုပ်စုဟာ လူအမြောက်အမြားကို ရာဇဝတ်ကျူးလွန်မှု (crimes against humanity)၊ စစ်ရာဇဝတ်မှုတွေ (war crimes) နဲ့ နိုင်ငံတွင်းက မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု (genocide) ကျူးလွန်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ လူသိများထင်ရှားကြတဲ့ ပုဂ္ဂိုလ်အစုအဖွဲ့ တဖွဲ့က စွပ်စွဲထားပြီး သူတို့နိုင်ငံတွင်းက တရားရုံးတခုမှာ တရားစွဲဆိုခွင့်ပြုဖို့အတွက် နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ တရားရုံးကို ပန်ကြား လျှောက်ထားလိုက်ပါတယ်။

ဒီလို အရင်က မကြုံစဖူး ထူးထူးခြားခြား ပန်ကြား‌တောင်းဆိုလိုက်ကြတဲ့ ပုဂ္ဂိုလ်တွေ ထဲမှာ အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ဟောင်းလည်းဖြစ်၊ အခု မြန်မာ့ အရေး အထူး အကြံပေး ကောင်စီ (Special Advisory Council – Myanmar) မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအထူး ကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီလီတို့နဲ့ အတူလှုပ်ရှား ဆောင်ရွက်နေတဲ့ မစ္စတာ မာဆူကီ ဒါရု့စ်မန်းလည်း တယောက် အပါအဝင်ပါ။

“အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာက ရှင်းပါတယ်၊ အင်ဒိုနီးရှား နိုင်ငံသားဖြစ်ဖြစ်၊ အင်ဒိုနီးရှားနိုင်ငံသား မဟုတ်သူပဲဖြစ်ဖြစ် ဥပဒေရဲ့ ရှေ့မှောက်မှာ လူတိုင်းဟာ အတူတူပဲ ရှိတယ်လို့ ဆိုထားပါတယ်။ လူ့အခွင့်အရေးကို ကမ္ဘာ့ဘယ်နေရာမှာမဆို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ လူ့အခွင့်အရေး တရားရုံးဆိုင်ရာ ဥပဒေတခုမှာ ပြင်ဆင်မှု အသေးလေး တခု လုပ်လိုက်ရင် မြန်မာစစ်အုပ်စုကို သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အင်ဒိုနီးရှားက တရားရုံးမှာ တရားစွဲတင် စီရင်နိုင်လိမ့်မယ်” လို့ အရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent international fact-finding mission on Myanmar ; IIMM) မှာ ဦးဆောင် လုပ်ခဲ့ဖူးသူ မစ္စတာ မာဆူကီ ဒါရု့စ်မန်းက ပြောပါတယ်။

၂၀၀၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လူ့အခွင့်အရေးတရားရုံးဆိုင်ရာ ဥပဒေမှာ အင်ဒိုနီးရှား နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပ ဘယ်နေရာမှာမဆို အင်ဒိုနီးရှားနိုင်ငံသား တယောက် လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်ခဲ့တယ်ဆိုရင် တရားရုံးမှာ အဲ့ဒီသူကို တရားစွဲဆိုပိုင်ခွင့် ရှိကြောင်း ရေးထားပါတယ်။

 ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီစွာ ဒီဥပဒေမှာ အင်ဒိုနီးရှားနိုင်ငံသား မဟုတ်သူ ကိုလည်း တရားစွဲခွင့်ရအောင် သူတို့က ပြောင်းလဲစေချင်တာပါ။

အဲဒီ ပုဂ္ဂိုလ်များက စုဖွဲ့ထားတဲ့ အဖွဲ့ကို Universality of Human Rights လို့ခေါ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့  Universal Jurisdiction လို့ ခေါ်တဲ့ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစစ်ဆေး တရားစွဲတင် စီရင်ပိုင်ခွင့်ကို သုံးကာ မြန်မာ စစ်ခေါင်းဆောင် တွေကို တရားစွဲဆိုဖို့ ကြိုးပမ်းကြတာပါ။  

တကယ်လို့ သူတို့အောင်မြင်သွားတယ်ဆိုရင် ‌‌မြန်မာစစ်အုပ်စုကို ‌‌အရှေ့‌တောင် အာရှ နိုင်ငံတွေထဲ ပထမဦးဆုံး တရားစွဲဆိုမှု ဖြစ်လာမှာပါ။

အင်ဒိုနီးရှားမှာ မြန်မာ့အရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြတာနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အခြေအနေကို စောင့်ကြည့်ရမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုကာ ကြိုဆိုလိုက်ပြီး အနိမ့်ဆုံးအဆင့် ရလိုက်တဲ့ အကျိုးဖြစ်မှုတွေကို အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတာကို အင်ဒိုနီးရှားပြည်သူတွေ သိအောင် ပိုပြီးတော့လုပ်ဆောင်နိုင်သလို ၊ အထူးသဖြင့် နောက်နှစ်မှာ အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှား အစိုးရ အတွက် လက်ရှိ စစ်ကောင်စီဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတယ် ဆိုတာကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတိထားစရာတခုအဖြစ် ထပ်ရှိသွားမယ့် အကျိုးကျေးဇူးကတော့ စစချင်း ရပါလိမ့်မယ်။”

မြန်မာ့ လူ့အခွင့်အရေး ကွန်ရက် (Burma Human Rights Network- BHRN)) က ဦးကျော်ဝင်းက ဒီပန်ကြားမှုတွေ အရာရောက်လာမယ်လို့ ဆိုပါတယ်။

“အင်ဒိုနီးရှားဟာ အရပ်ဘက်အဖွဲ့အစည်း (Civil Society) တွေရဲ့ လှုပ်ရှားမှုတွေ အားကောင်းသလို၊ အဲဒီလှုပ်ရှားမှုတွေကိုလည်း အစိုးရပိုင်းက အလေးထားတယ်၊ အခု ထင်ရှားတဲ့သူတွေပါ အခုလို တောင်းဆိုလာတော့ ဒီအရေးလုပ်ကိုင်တာတွေက ထူးခြားမှုရှိလာမယ်လို့ မြင်တယ်။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၀၀၀ ‌ကျော်ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းပြုတဲ့ အဖွဲ့တွေက ပြောထားပါတယ်။ အဲဒီစာရင်းထဲမှာ စစ်တပ်က လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေရာတွေမှာ ကျူးလွန်ထားတဲ့  အရပ်သားတွေ၊ လက်နက်ကိုင်ဆန့်ကျင်သူတွေကို သတ်ဖြတ်မှုတွေကို ထည့်သွင်း မရေတွက်ထားနိုင်သေးဘူးလို့လည်း သူတို့က ဆိုပါတယ်။

ထောင်ထဲမှာ ထိန်းသိမ်းထားသူ၊ ပျောက်ဆုံးနေသူ စုစုပေါင်းက ၁၅,၀၀၀ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁.၂ သန်းရှိနေပြီး လူပေါင်း ၁၄ သန်းခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ လိုအပ်ချက် တွေ အရေးပေါ်လိုအပ်နေပြီ လို့ ကုလသမဂ္ဂက ထုတ်ပြန်ထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး အခုလို တရားစွဲတင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေကို အမြဲဆက်သွယ် ပံ့ပိုးကူညီနေကာ သြစတြေးလျနိုင်ငံမှာ အလားတူ တရားစွဲတင်တာမျိုးကို ပူးပေါင်းဆောင်ရွက်နေသလို ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေ မှာလည်း တရားစွဲတင်ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက “Universal Jurisdiction ကို လက်ခံထားတဲ့ နိုင်ငံပေါင်း ကမ္ဘာမှာ ၁၃၀ ကျော်ရှိတယ်။ အမှုစွဲတင်ဖို့ကြိုးစားရင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေ အခြေအနေတွေ၊ တင်မယ်ဆိုရင် အဲဒီနိုင်ငံတွင်းမှာ ထောက်ခံနိုင်တဲ့ ဥပဒေပညာရှင်တို့၊ ဥပဒေအဖွဲ့တို့၊ တက်ကြွလှုပ်ရှားသူတွေ ဘယ်လောက်ရှိမလဲ၊ သက်ဆိုင်ရာနိုင်ငံ (အစိုးရ) ကကော ထောက်ခံပြီး လုပ်ကိုင်နိုင်မယ့် အနေအထားမျိုးကောရှိလား စတာတွေကို သုံးသပ်လုပ်ကိုင် နေပါတယ်” လို့ ပြောပါတယ်။