ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ်လ ၁ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသွားမယ်
ရုရှားသမ္မတ ဗလာဒီမာပူတင် ရဲ့ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မကြာမီရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း သမ္မတပူတင်နဲ့ တွေ့ဆုံဖို့အပြင် ရုရှားဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ကိုတွေ့ဆုံသွားမယ်လို့ သိရပါတယ်။
စစ်တပ်အပြောအရ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားစီးပွားရေးဝန်ကြီးရဲ့ မြန်မာခရီးစဥ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းထဲက ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံစီမံကိန်းအပါအဝင် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတချို့ကို ရုရှားနဲ့ မြန်မာစစ်ကောင်စီကြားမှာလက်မှတ်ရေးထိုးထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်ကို တက်ရောက်ပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံထားပါတယ်။ အခု ၂၀၂၅ ခရီးစဥ်အရ ဒါဟာ ရုရှားသမ္မတနဲ့ ဒုတိယမြောက်တွေ့ဆုံရမှုဖြစ်လာတာပါ။
ဒီခရီးစဥ်ဟာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ၄ ကြိမ်မြောက် ရုရှားခရီးဖြစ်လာမှာဖြစ်ပြီး တပ်ချုပ်ဖြစ်ပြီးကတည်းကဆိုရင် ၁၁ ကြိမ်မြောက် ခရီးစဉ်ဖြစ်လာမှာဖြစ်ပါတယ်။
၂၀၂၂ တုန်းကသွားခဲ့တဲ့ ခရီးစဥ်မှာတော့ ရုရှားနိုင်ငံ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော်အတွင်းမှာ ပုဂံရွှေစည်းခုံစေတီတော်ကြီးနဲ့ ပုံစံတူတည်ထားတဲ့ စေတီတော်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူခဲ့တာ ဖြစ်ပါတယ်။
အေအေ ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူမှာ တိုက်ပွဲဆက်ပြင်းထန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ဓညဝတီရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (အေအေ) တို့ အကြား တိုက်ပွဲက ဒီကနေ့ မတ်လ ၁ ရက်မှာ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်အနီး က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေ က ကြားဖြတ်တိုက်ခိုက်နေတာလို့ ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်များနေပြီး တချို့က ရေတပ်ဌာနချုပ်ဘက်ကို ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ဓညဝတီရေတပ်ဌာနချုပ်အနီး မှာ စစ်တပ်နဲ့ အေအေတို့ကြား တိုက်ပွဲပြင်းထန်နေတာ ရက်သတ္တပတ်ချီရှိလာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်ဖြူ ရှောက်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ခွာခွင့်မပေးလို့ လက်ရှိအချိန်အထိ ဒေသခံတွေ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဦးကင်၊ စီမော်၊ ဒေါမတောင်၊ ကြတ္တိန်၊ ရှောက်ချောင်း၊ စိုင်ခြုံ၊ ကန့်သပြေ၊ ပျားတဲ့ အပါအဝင် ကျေးရွာ ၁၀ ရွာလောက်ကိုလည်း ဖေဖော်ဝါရီ ၂၇ ရက်က ဗုံးကြဲခဲ့ပြီး ရှောက်ချောင်းရွာမှာ နေအိမ်တချို့ မီးလောင်တာလည်း ရှိခဲ့ပါတယ်။
"မြို့ပေါ် ကုလားဘာ ရပ်ကွက်ထဲကို ဗုံးက ၉ လုံးကျတယ်၊ ၂ လုံးပဲ ကွဲပြီး ကျန်တာ မကွဲသေးလို့ ဒေသခံတွေ အနားမကပ်ရဲကြဘူး"လို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ဓညဝတီရေတပ်ဌာနချုပ်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းကြားမှာ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်တုန်းက ကျောက်ဖြူမြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာ စီမော်ရွာက အေအေ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အေအေ တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ လက်နက်တချို့ ဖမ်းမိတယ်လို့လည်း ရေးထားပါတယ်။
အေအေ သိမ်းထားတဲ့ မောင်တော၊ ကျီးကန်းပြင် စစ်တပ်စခန်းဟောင်းနေရာ လေကြောင်းဗုံးကြဲခံရ
အာရက္ခတပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့ မောင်တောမြို့ ရဲ့ မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟောင်း ကျီးကန်းပြင် ကို စစ်ကောင်စီ က ဒီကနေ့ မတ် ၁ ရက် မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်း ကနေ ဗုံးကြဲခဲ့တယ်လို့ အေအေ စစ်ရေးရင်းမြစ်က ပြောပါတယ်။
သေဆုံးထိခိုက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရတာမရှိလို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ဒေသတွင်းသတင်း နိရဉ္ဇရာ မှာတော့ စစ်ကောင်စီတပ်စခန်းဟောင်း ကျီးကန်းပြင်မှာ စစ်သုံ့ပန်းတွေထားရှိပြီး လူ ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဖော်ပြထားပါတယ်။
အေအေရဲ့ သတင်းတွေကိုဖော်ပြတဲ့ အာရကန်မင်းသမီးသတင်းမှာတော့ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဆိုပြီး ကျီးကန်းပြင် တပ်စခန်းရဲ့ အပြင်ဘက်ကွင်းပြင်မှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက် တစုံတရာမရှိဘူးလို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကျီးကန်းပြင်ဌာနချုပ်စခန်းကို ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်က အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အေအေက ဝင်ရောက်နေထိုင်တာမရှိဘူးလို့ အာရကန်မင်းသမီးသတင်း က ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၅ရက် ကလည်း ပလက်ဝမြို့နယ်၊ ပျဉ်ဝရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်တပ်ဗုံးကြဲလို့မယ်သီလရှင် ၁ ဦး ထိခိုက်
တအာင်းတပ်( TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဖေဖော်ဝါရီလ ၂၈ရက် က စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ရက်ကလည်း နောင်ချိုမြိုနယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လည်း TNLA ကသတိပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ကနေ ၂၈ ရက်အထိ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား၁၀၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
AAPP ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးပြီး အမည်နဲ့တကွ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်နေပါတယ်။
သေဆုံးသူ ၁၀၆ ဦးထဲမှာ ၇၈ ဦးက စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ပဲခူး၊ ရေတာရှည်က ကျေးရွာတချို့ လေကြောင်းဗုံးကြဲခံရ
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို ဖေဖော်ဝါရီလ ၂၈ရက်က တိုက်ပွဲဖြစ်တာကြောင့် မရှိဘဲ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ပဲခူးအခြေစိုက် Royal Thunder Column က ထုတ်ပြန်ပါတယ်။
လေယာဉ်ဗုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုတေ့ာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒါအပြင်အဲဒီနေ့ ညနေပိုင်း ကလည်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိဂူကြီး ကျေးရွာ ကိုလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဂူကြီးကျေးရွာ ဘုန်းကြီးကျောင်း ၊ ဓမ္မာရုံအပါအဝင် နေအိမ်အချို့ မီးလောင်ပျက်စီးမှု ရှိခဲ့သလို ဆရာတော် တစ်ပါးထိခိုက်မှုအနည်းငယ်ရှိခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနဲ့ ဆက်နေတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၇ ခုထက်မနည်းကို KNU/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး PDF ၁ ဦး သေဆုံးတယ်လို့ ဆိုပြီး စစ်ရေးအရှိန်မြှင့်လှုပ်ရှားမှုတွေ ဆက်ပြီးလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းအနီးဝန်းကျင်ကို မသွားကြဖို့ NUG က အသိပေးထားပါသေးတယ်။