သြဂုတ် ၁၃ ရက်ထိပ်တန်းသတင်းများ - ဖားဆောင်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ PDF ပြော

ဖားဆောင်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ PDF ပြော

ဓာတ်ပုံ ရင်းမြစ်, Demawso PDF 1102

ရေးသားခဲ့သည်။

ကယား (ကရင်နီ) ပြည်နယ်၊ ဖားဆောင်းမြို့ရဲ့ သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ဒီကနေ့ ဩဂုတ် ၁၃ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဇူလိုင် ၂၈ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ PDF အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၁၁၀၂ တပ်ရင်းကနေ သိရပါတယ်။

"၂၈ ရက်နေ့က တိုက်ပွဲအတွင်းမှာပဲ သူတို့ဘက်က အထိအခိုက်လည်းများတယ်၊ ထွက်ပြေးသွားတာလည်းရှိတော့ လက်နက်အများကြီးသိမ်းမိပါတယ်။ စစ်ရေးလုံခြုံ‌ရေးအရ ဒီနေ့မှ သတင်းထုတ်ပြန်တာပါ" လို့ ၁၁၀၂ တပ်ရင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖားဆောင်းနဲ့ မယ်စဲ့မြို့ကြားမှာရှိတဲ့ ကျောက်စုကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ လို့ သိရပါတယ်။ အခုလအတွင်း ကရင်နီပြည်နယ်တခုလုံးနီးပါးမှာ တိုက်ပွဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

တခါ နေပြည်တော်ပျဉ်းမနားရဲ့ အရှေ့ဘက်တောင်ပေါ်ရွာတွေအနီးက စစ်ကောင်စီတပ်စခန်းကိုပါ PDF နဲ့ KNDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်းရှေး‌ဟောင်းမြို့ရိုးကို TNLA က ဖြိုဖျက်ခဲ့တယ်လို့ SSPP ပြော

 ရှမ်းမြို့ရိုးကို TNLA  က ဖြိုဖျက်ခဲ့တယ်လို့ SSPP ပြော

ဓာတ်ပုံ ရင်းမြစ်, SSPP

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ စောမွန်လှရွာအနီးက စယ်လန့်ရွာမှာ ရှိတဲ့ ရှမ်းဧကရာဇ်မင်းကြီးစဝ်ဆေခန်ဖ လက်ထက်ကတည်းကရှိခဲ့တဲ့ ရှမ်းသမိုင်းဝင်ရှေးဟောင်းမြို့ရိုးကိုတအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေက မနေ့ သြဂုတ် ၁၂ ရက်က ဖြိုဖျက်ခဲ့တယ်လို့ ဆိုပြီး ဒီလုပ်ရပ်ကို ရှုတ်ချကန့်ကွက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ SSPP ထုတ်ပြန်ပါတယ်။

SSPP ထုတ်ပြန်ချက်ထဲ လူမျိုးတစ်မျိုးရဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေကိုဖျက်လို ဖျက်ဆီးလုပ်လိုတဲ့သဘောမျိုးဆောင်တာကြောင့် မည်သည့်အကြောင်းမျိုးနဲ့မှ လက်ခံနိုင်စရာ မရှိသလို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်တာကိုမှ လက်သင့်ခံမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။

ကျေနပ်ကျေအေးမှုရှိတဲ့အထိ သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကရှင်းလင်းပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် နမ္မတူမြို့နယ်က ရှမ်းလူမျိုးအများစုနေထိုင်တဲ့ရွာကိုလည်း တအာင်းတပ်မတော် TNLA က ဝင်ရောက်ရှင်းလင်းပြီးပန်ချင်ရွာ လို့နာမည်ပေးကာ ‌ပလောင်ရွာအဖြစ်လုပ်ခဲ့တယ်လို့ နယ်မြေဒေသအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

တအာင်းတပ်မတော် TNLA ဘက်ကို ဒါတွေနဲ့ပတ်သက်ပြီးမေးမြန်းဖို့ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ရက်ပေါင်း ၂၀ အတွင်း စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ၁၂ ကြိမ်ဖြစ်

ရက်ပေါင်း ၂၀ အတွင်း စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ၁၂ ကြိမ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, TNLA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ကြား ဇူလိုင် ၂၃ ရက်ကစလို့ သြဂုတ် ၁၂ ရက်အထိ ရက် ၂၀ အတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်တကြော နှစ်ဖက်တိုက်ပွဲရှိနေပြီး အထူးသဖြင့် ဒီရက်ပိုင်းတိုက်ပွဲဖြစ်နေတဲ့ လားရှိုးမြို့၊ ဟိုလောက်ကျေးရွာအနီးက TNLAရဲ့ တပ်မဟာ ၆ စစ်ဒေသထဲကို စစ်ကောင်စီတပ်ကူအများအပြား ပို့ဆောင်နေတဲ့အကြောင်း TNLA သတင်းထုတ်ပြန်ရေးအဖွဲ့က ထည့်သွင်းဖော်ပြပါတယ်။

ဒီကနေ့ နောက်ဆုံးရစစ်ရေးအခြေအနေသိရဖို့ TNLA ဘက်ကို မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းတုန်းက TNLA ကနေ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ စစ်ကောင်စီလက်အောက်ခံ တပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာတော့ TNLA ရဲ့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဆယ်ချီသေဆုံးတယ်လို့ TNLA က ပြောထားပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီရက်ထဲ ရှမ်းပြည် မြောက်ပိုင်း က TNLA နဲ့ တိုက်ပွဲတွေအကြောင်း တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ရွှေတုံး၊ ရွှေခဲတွေကို အွန်လိုင်းရောင်းဝယ်မှုစနစ်လုပ်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

ရွှေတုံး၊ ရွှေခဲတွေကို အွန်လိုင်းရောင်းဝယ်မှုစနစ်လုပ်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

ဓာတ်ပုံ ရင်းမြစ်, YGEA

ရွှေစျေးကွက်တည်ငြိမ်ဖို့အတွက် အလေးချိန်၊ အရည်အသွေးသတ်မှတ်ပြီး စျေးနှုန်းကိုပါ သတ်မှတ်ထားတဲ့အတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူတွေသာ ရွှေတုံး၊ ရွှေခဲ ရောင်းဝယ်ခွင့်ပြုမယ့် Online Trading စနစ်လုပ်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

မနေ့ ဩဂုတ် ၁၂ ရက်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီအစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံခြားငွေစျေးကွက်ကို Online Trading စနစ်ဆောင်ရွက်သလို ရွှေရောင်းဝယ်မှုကိုပါ ကန့်သတ်ဖို့ လိုအပ်ကြောင်း ထည့်ဆွေးနွေးခဲ့တာပါ။

အခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းကတည်းက ရွှေတစ်ကျပ်သားကို ၂၇ သိန်း ၉ သောင်းကျပ် နဲ့ ရောင်းချဖို့ ဒီလုပ်ငန်းကော်မတီကနေ‌ ဈေးနှုန်းကန့်သတ်ခဲ့ပါတယ်။ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းဝယ်တဲ့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာရှိပေမဲ့ ရွှေစျေးနှုန်းတွေ ဆက်တိုက်တက်လာခဲ့ပြီး ဒီကနေ့မှာဆိုရင် ရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်အထိ ပေါက်ဈေးရှိနေပါတယ်။

စစ်ကောင်စီဗဟိုဘဏ်လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံခြားငွေစျေးကွက် Online Trading စနစ်ဆိုတာကလည်း ငွေလဲနှုန်းတွေကို ကန့်သတ်ထိန်းချုပ်တာဖြစ်ပြီး အထူးသဖြင် ဒေါ်လာ အရောင်း အဝယ်က မှောင်ခို ပုံစံဖြစ်သွားနိုင်ကာ အဲဒီကနေတဆင့် ကုန်စျေးနှုန်း တွေဆီကို သက်ရောက်သွားမှာလို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဘဏ္ဍာငွေကြေး စျေးကွက် နားလည်သူတွေက ကနဦးကတည်းက ထောက်ပြခဲ့ကြပါတယ်။

Online Trading စနစ်အကောင်အထည်ပေါ်လာတာကြောင့် ရသင့်ရထိုက်တဲ့ ငွေလဲနှုန်းကို ရသလို စျေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားကို အချိန်နဲ့တပြေးညီ သိရှိနိုင်ပြီး နိုင်ငံခြားငွေလိုအပ်ချက်တွေကိုလည်း ဗဟိုဘဏ်ဘက်က လိုအပ်သလို ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် Online Trading စနစ်အရ နိုင်ငံခြားငွေစျေးကွက်တစ်ခုလုံးကို ဗဟိုဘဏ်က ထိန်းချုပ်ထားတာဖြစ်ပြီး နိုင်ငံခြား‌ငွေစျေးကွက်ထဲမှာလည်း တရားမဝင် ‌ဒေါ်လာအရောင်းအဝယ် လုပ်နေကြတဲ့သူတွေလို့ စွပ်စွဲမှုတွေ ဇွန်၊ ဇူလိုင်လတွေထဲ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။

နိုင်ငံခြားငွေလဲနှုန်းကိုကြည့်ရင် မြန်မာငွေ တစ်ကျပ်ဟာ တရုတ်ငွေ ၄၈၃ ယွမ်၊ ထိုင်းငွေ ဘတ် ၁၀၀ ပေါက်ဈေးရှိနေပြီး မြန်မာငွေတန်ဖိုးဆက်တိုက်ကျဆင်းနေတာလည်းဖြစ်ပါတယ်။ ‌‌ဒေါ်လာစျေးကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်အခြေအနေရှိနေပြီး စျေးကွက်မရှိတဲ့အနေအထားဖြစ်နေပါတယ်။

မုံရွာဓားပြမှု တရားခံတွေကို အမှုဖွင့်အရေးယူမယ်လို့ ပလဖ ပြော

ဓားပြတိုက်မှုမှာ ပါဝင်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း

ဓာတ်ပုံ ရင်းမြစ်, မုံရွာပလဖ

ဓာတ်ပုံ ပုံစာ, ဓားပြတိုက်မှုမှာ ပါဝင်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာဖြစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်သည်သေဆုံးခဲ့တဲ့ ဓားပြတိုက်မှုဖြစ်စဉ်ကနေ ဖမ်းဆီးရမိထားတဲ့ တရားခံ ၇ ဦးကို စစ်ဆေးနေဆဲဖြစ်ပြီး အမှုဖွင့်အရေးယူဖို့ရှိနေတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကနေ သိရပါတယ်။

"လောလောဆယ်သူတို့ကို ထောင်ထဲပို့ထားပါတယ်။ ဘာအမှုတွဲနဲ့ တရားစွဲဆိုမလဲ၊ ဘယ်လောက်ကြာမလဲဆိုတာက တရားသူကြီးနဲ့ ဆိုင်ပါလိမ့်မယ်" လို့ ပလဖ အဖွဲ့ခေါင်းဆောင် ကိုအာကူးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အဓိကစေခိုင်းသူတစ်ဦးကလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းရှိနေတာကြောင့် ဖမ်းဆီးလို့မရသေးဘူးလို့ သူကဆက်ပြောပါတယ်။

မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ လတ်တလော စစ်ဆေးမေးမြန်းထားချက်အရ ဓားပြမှုကျူးလွန်သူတွေဟာ Monywa Force အမည်နဲ့ တော်လှန်ရေးလုပ်ဆောင်တယ်လို့ အမည်ခံထားသူတွေဖြစ်ပြီး အရင်က ခိုးဆိုးလုယက်တာတွေလုပ်ခဲ့တဲ့သူတွေဖြစ်ကြောင်း၊ ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့လဲဆိုတာ ထပ်မံစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခုဖမ်းဆီးထားတဲ့ ကျူးလွန်သူတွေဟာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ GUARDIAN FORCE ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေကရေးသားဖော်ပြကြတာကိုတော့ ပလဖဘက်က မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီတရားခံ ၇ ဦးကိုတော့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်မှာပဲ ရွာတစ်ရွာကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်နေ့မနက်မှာတော့ ဖမ်းဆီးရမိကြောင်း မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

အခုမုံရွာက ဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်‌ရေး ဝန်ကြီးဌာန MOHAI ဘက်ကို ဘီဘီစီကမေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာမရှိသေးပါဘူး။

ဒီဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ခြမ်း အင်ကြင်းလမ်းမဘေးမှာရှိတဲ့ ထန်းတောရပ်ကွက်မှာ ဩဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီမှာဖြစ်ခဲ့ပြီး ဓားပြတိုက်မှုထဲ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမ​အေးငြိမ်းသူ ဦးခေါင်းသေနတ်ထိမှန်ခဲ့တာကြောင့် မိခင်ရော သန္ဓေသားပါ သေဆုံးခဲ့ပါတယ်။

မြဝတီ - ရန်ကုန်ကားခ နှစ်ဆနီးပါးစျေးတက်

ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြ

ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူ လူမှုကူညီကယ်ဆယ်ရေး

ဓာတ်ပုံ ပုံစာ, ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြ

ကရင်ပြည်နယ်မှာ မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ အရှိန်ပြင်းလို့မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောင်ပတ်လမ်းပျက်စီးသွားပြီးနောက်ပိုင်း မြဝတီ - ရန်ကုန်ပြေးဆွဲတဲ့ ကားခတွေဟာ လူတစ်ဦးကို မြန်မာငွေကျပ် ၆ သောင်းအနည်းဆုံး ပေးရတယ်လို့ ခရီးသည်တင်ကားသမားတွေဆီက သိရပါတယ်။

ဩဂုတ်လ ၇ ရက် မနက်အစောပိုင်းမှာ တောင်ပတ်လမ်းပြိုကျပျက်စီးသွားပြီးတဲ့နောက် ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေဟာ လမ်းဟောင်းလို့ခေါ်ကြတဲ့ ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းပိုင်းကို ပြောင်းလဲအသုံးပြုနေကြတာဖြစ်ပါတယ်။ အဲဒီလမ်းဟောင်းတလျှောက် အခွန်ပေးဆောင်ရတာကြောင့်လည်း အခုလိုစျေးတွေတက်လာတာလို့ ကားသမားတွေက ပြောကြပါတယ်။

"လမ်းဟောင်းစတက်တာကနေ ကော့ကရိတ် check point ရောက်တဲ့အထိ တစ်ဂိတ်ကို ၅၀၀၀ နှုန်းနဲ့ ပေးရတာ၊ မနေ့ကဆို ၁ သိန်း ၂‌ သောင်းကုန်ခဲ့တယ်။ မြန်မာစစ်တပ်၊ PDF ၊ DKBA အဖွဲ့အစုံပဲ KNU တော့မတွေ့ခဲ့ဘူး" လို့ ဒေါနတောင်လမ်းဟောင်းကို ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ ကားသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကုန်သေတ္တာတင်ကားအကြီးတွေတော့ ဒေါနတောင်လမ်းဟောင်းဘက်က သွားလာတာမျိုးမရှိဘဲ ဩဂုတ် ၇ ရက်ကနေ ဒီကနေ့ ၁၃ ရက်နေ့အထိ ကုန်သွယ်ရေးရပ်ထားတယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း MCTA ကနေ သိရပါတယ်။

"မြဝတီကုန်သွယ်ရေးလုံးဝရပ်ထားတဲ့သဘောပါပဲ။ ကုန်ပစ္စည်းတွေပြတ်တောက်မလား၊ ဒါကြောင့် ကုန်စျေးနှုန်းတက်မလားဆိုတာကတော့ လတ်တလောမပြောနိုင်သေးဘူး" လို့ MCTA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်က အရောင်းဆိုင်တွေမှာ ထိုင်းနိုင်ငံကတင်သွင်းတဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ စျေးဆက်တိုက်တက်နေပြီး လိုအပ်သလောက် ဝယ်ယူလို့မရတဲ့အခြေအနေလို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောကြပါတယ်။

လက်ရှိမှာတော့ ပျက်စီးသွားတဲ့ လမ်းပိုင်းနေရာမှာ ယာယီသွားလာနိုင်ဖို့ ဘေလီတံတားထိုးပြင်ဆင်နေတယ်လို့ ကနဦးသိထားရပေမဲ့ ပြန်လည်အသုံးပြုနိုင်မယ့်ကာလကိုတော့ အတိအကျမသိရသေးပါဘူး။

ရပ်နားထားတဲ့ သာပေါင်းစက္ကူစက်ရုံ စစ်ခေါင်းဆောင် ပြန်ဖွင့်

ရပ်နားထားတဲ့ သာပေါင်းစက္ကူစက်ရုံ စစ်ခေါင်းဆောင် ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, CINCDS

စက်မှုဝန်ကြီးဌာနကနေ MEC လွှဲယူ

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုကြောင့် ဝေဖန်မှုများခဲ့သလို စီးပွားရေး‌အရ တွက်ခြေမကိုက်တာကြောင့်ပါ ရပ်ဆိုင်းထားတဲ့ သာပေါင်းသတင်းစာစက္ကူစက်ရုံကို ဩဂုတ်လ ၁၂ ရက်နေ့မှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ သာပေါင်းမြို့နယ်မှာရှိတဲ့ သာပေါင်းအဆင့်မြင့်စက္ကူစက်ရုံနဲ့ သတင်းစာစက္ကူစက်ရုံတို့ကို စက်မှုဝန်ကြီးဌာနကနေ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ကို လွှဲပြောင်းခဲ့တဲ့အကြောင်း MEC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက မနေ့က ဖွင့်လှစ်ပွဲအခမ်းအနားမှာပြောပါတယ်။

စက်ရုံအတွက်လိုအပ်တဲ့ ဝါးနဲ့ သစ်မာစိုက်ခင်းတွေလိုအပ်နေပြီး စိုက်ပျိုးမှုတွေတော့ လုပ်ဆောင်ထားတဲ့အကြောင်း စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက စက္ကူစက်ရုံတွေပြန်ဖွင့်ဖို့ လုပ်ဆောင်ချက်တွေကို ရှင်းပြထားပါတယ်။

ဒါပေမဲ့ စက္ကူထုတ်လုပ်ရေးအတွက် စီးပွားရေးအရ တွက်ခြေကိုက်မယ့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းတွေလိုအပ်ပြီး အဓိကလိုအပ်တဲ့ သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိဖို့ လိုနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ထောက်ပြထားတာပါ။

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ ညောင်တုန်း – သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြန်လည်ပြုပြင်ပြီး စက္ကူစက်ရုံတွေဆီ ဖြန့်ဖြူးပေး‌တာလည်း ဖြစ်ပါတယ်။

စက္ကူစက်ရုံတွေပြန်ဖွင့်ရတာဟာ လက်ရှိအသုံးပြုနေရတဲ့ ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာစတဲ့ စက္ကူလိုအပ်ချက်တွေကို နှစ်စဉ် ပြည်ပကနေ အသုံးပြုနေရတဲ့အတွက် အရင်ကရပ်နားခဲ့တဲ့ စက္ကူစက်ရုံတွေကို စွမ်းအားပြည့်ပြန်လည်ပတ်နိုင်ရင် ပြည်တွင်းမှာ စက္ကူအမျိုးအစားတွေကို ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ထည့်ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ပြည်ထောင်စု လွှတ်တော်မှာ သာပေါင်းစက္ကူစက်ရုံအပါအဝင် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ စက်ရုံ ၄၄ ရုံအတွက် စီမံကိန်းလုပ်ငန်းတွေကို စနစ်တကျပြန်လည်သုံးသပ်ပြီးမှ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါကြောင့် ၂၀၂၀ခုနှစ်ထဲ အရပ်သားအစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာကိန်းနှင့် စက်မှုဝန်ကြီးဌာနကနေ သာပေါင်းစက္ကူစက်ရုံနှင့်သတင်းစာစက္ကူစက်ရုံတို့ကို စက္ကူနှင့်ပျော့ဖတ်စက်ရုံစုနယ်မြေတစ်ခုအဖြစ် တစုတစည်းတည်းထူထောင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ဖူးပါတယ်။

စစ်ကောင်စီကလည်း အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်ကထဲက နေ့စဉ် ပျော့ဖတ် တန်ချိန် (၂၀၀) ၊ စက္ကူတန်ချိန် (၅၀) နဲ့ သတင်းစာ စက္ကူတန်ချိန် (၆၀) အထိ ထုတ်လုပ်နိုင်မယ့် ဒီ သာပေါင်းစက္ကူစက်ရုံနဲ့ သတင်းစာစက္ကူစက်ရုံတို့ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

AIPA က ကိုယ်စားလှယ်အဖွဲ့မြန်မာကိုသွားဖို့ ပြင်နေ

သြဂုတ် ၁၃ ရက်ထိပ်တန်းသတင်းများ - AIPA  က ကိုယ်စားလှယ်အဖွဲ့မြန်မာကိုသွားဖို့ ပြင်နေ

ဓာတ်ပုံ ရင်းမြစ်, AIPA

အာဆီယံလွှတ်တော်အမတ်များညီလာခံ - AIPA က စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေရဲ့ အခြေအနေ ကို သိရှိနိုင်ဖို့ သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဥ်ကိုပြင်ဆင်နေတယ်လို့ AIPA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားလွှတ်တော်အမတ်များအဖွဲ့ ကော်မတီဥက္ကဋ္ဌ Fadli Zon - ‌ဖက်ဒလီဇုန်းက ပြောပါတယ်။

'' ကျွန်တော်တို့အဲဒီကိုလူကိုယ်တိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီခရီးစဥ်က ဖြစ်လာနိုင်ပါတယ်။ ဒေသတွင်းလွှတ်တော်အသီးသီးက အထူးကိုယ်စားလှယ်တွေအနေနဲ့ အဲဒီမှာ ဘာတွေဖြစ်ခဲ့လဲ၊ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းနဲ့ထိခိုက်မှုတွေကိုကိုယ်တိုင်သွားကြည့်ကြဖို့ပါ'' လို့ Fadli Zon ကပြောပါတယ်။

ဒါပေမဲ့ မြန်မာပြည်ခရီးစဥ်နဲ့ပတ်သက်လို့ အာဆီယံလွှတ်တော်အမတ်များကြား သဘောထားကွဲလွဲမှုအချို့ရှိနေလို့ ဒါကို ဆွေး‌နွေးနေဆဲလို့ လည်း ဂျာကာတာက လာတဲ့ သတင်းတွေကဖော်ပြပါတယ်။

Fadli Zon ကတော့ မြန်မာနိုင်ငံတွင်း ပြန်လည်သင့်မြတ်ရေးအနေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို အာဆီယံလွှတ်တော်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ AIPA က ပံ့ပိုးကူညီဖို့ မျှော်လင့်မိတယ်လို့ ဆိုပါတယ်။

Fadli Zon ရဲ့ အပြောအရ အခုလို မြန်မာကို အာဆီယံက လွှတ်တော်ကိုယ်စားလှယ်တွေစေလွှတ်တာဟာ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် နှစ်နိုင်ငံလုံးက ထိခိုက်ခံစားရသူတွေရဲ့ အခြေအနေကိုစောင့်ကြည့်မှတ်တမ်းတင်တာနဲ့ ဆင်တူတဲ့ လုပ်ငန်းစဥ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ရက်က ကျင်းပခဲ့တဲ့ AIPA ရဲ့ ၄၄ ကြိမ်မြောက် အထွေထွေညီလာခံ က နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ ကော်မတီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို စောင့်ကြည့်မယ့် အဖွဲ့တစ်ဖွဲ့ ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

AIPA ညီလာခံမှာ မြန်မာ့အရေး အချက် ၂ ချက်ကို အဓိကချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ တည်ငြိမ်ရေး ကို ထိန်းသိမ်းရန် နဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးဖို့တို့ဖြစ်တယ်လို့ သိရပါတယ်။