ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်သူ့ကွန်ဂရက်က ရှီကျင့်ဖျင်အာဏာ အုတ်မြစ်ချမှုမှာ ဘာ့ကြောင့်အရေးပါသလဲ
မတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် တရုတ်ပြည်သူ့ကွန်ဂရက် လွှတ်တော် အစည်းအဝေးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အာဏာတည်မြဲအောင် အုတ်မြစ်ချနေမှု အရှိန်တက်လာတာကို သင်္ကေတဖော်ပြနေမယ့် အစည်းအဝေးဖြစ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းထောက် စတီဗင် မက်ဒေါ်နယ်က ဆိုပါတယ်။
နှစ်စဉ် ကျင်းပတဲ့ ဒီ အစည်းအဝေးကို တရုတ်လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀ဝ၀ နီးပါး တက်ရောက်ကြရာမှာ ကိုယ်စားလှယ် အပြောင်းအလဲ ဖြစ်တာတွေကိုလည်း မြင်ရဖွယ်ရှိနေပါတယ်။
တရုတ်ပြည်သူ့ကွန်ဂရက်မှာ ဘာတွေ အပြောင်းအလဲ ဖြစ်နိုင်သလဲ
တရုတ်ပြည်သူ့ကွန်ဂရက်မှာ ဖြစ်ပေါ်နိုင်တဲ့ ထိပ်တန်း ရာထူးပြောင်းလဲမှုကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ပြီးရင် တရုတ်နိုင်ငံမှာ ဒုတိယ ရာထူးအကြီးဆုံးဖြစ်တဲ့ အစိုးရကောင်စီ ခေါင်းဆောင် ရာထူးဖြစ်ပြီး ဝန်ကြီးချုပ်နေရာလို့ ဆိုနိုင်ပါတယ်။
မစ္စတာ လီကဲ့ချန်ဟာ ဒီ အစည်းအဝေး ပထမနေ့မှာ အစိုးရကောင်စီ ခေါင်းဆောင်ရာထူးနေရာမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့် အစည်းအဝေးအဆုံးမှာတော့ မစ္စတာ လီချန်က သူ့နေရာကို ရယူဖို့ သေချာသလောက်ရှိတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေ ရှိနေပါတယ်။
လက်ရှိ တရုတ်အစိုးရကောင်စီ ခေါင်းဆောင် လီကဲ့ချန်ဟာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ ၁၈ နဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်တွေမှာ ဗဟိုကော်မတီက ရွေးချယ်တဲ့ မူဝါဒချမှတ်ရေး ပေါလစ်ဗျူရို အမြဲတမ်းကော်မတီမှာ မစ္စတာ ရှီကျင့်ဖျင်ရဲ့နောက် ဒုတိယအဆင့် ခေါင်းဆောင်အဖြစ် အရွေးခံရပြီး အစိုးရ ကောင်စီ ခေါင်းဆောင်အဖြစ်လည်း အရွေးခံ နေရာရခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ လီချန်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ ပါတီဗဟိုကော်မတီက ရွေးချယ်တဲ့ မူဝါဒချမှတ်ရေး ပေါလစ်ဗျူရို အမြဲတမ်းကော်မတီ ဒုတိယခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သူဖြစ်လို့ အခုလို တရုတ်အစိုးရကောင်စီ ခေါင်းဆောင်နေရာကို ရလာဖို့ သေချာသလောက် ရှိတယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။
အဲဒီ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ အရွေးခံခဲ့ရတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တကွ မစ္စတာ လီချန်ပါဝင်တဲ့ ကျန် ၆ ဦးစလုံးဟာ မစ္စတာ ရှီအပေါ်မှာ သစ္စာရှိသူတွေချည်း ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒီကွန်ဂရက်မှာ အခုလို ထိပ်တန်း ရာထူးပြောင်းလဲမှုအပြင် အစိုးရဌာနအသီးသီးရဲ့ ခေါင်းဆောင် ပြောင်းလဲမှုတွေနဲ့ ဝန်ကြီးနေရာ ပြောင်းလဲမှုတွေလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။
မစ္စတာ လီချန်ရဲ့ နောက်ကြောင်း
မစ္စတာ လီချန်ဟာ ၂၀၁၇ အောက်တိုဘာလက စပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ရှန်ဟိုင်းမြို့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူ့လက်ထက်အတွင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရှန်ဟိုင်းမြို့ကို ၉ ရက်သာ လော့ဒေါင်းချဖို့ စီစဉ်ရာကနေ ၂ လ ကျော်သွားခဲ့တဲ့အတွက် ရှန်ဟိုင်း စီးပွားရေး ထိခိုက်ခဲ့ရပြီး ဝေဖန်မှုတွေလည်း အများအပြားခံခဲ့ရပါတယ်။
သူဦးစီးတဲ့ လော့ဒေါင်းအစပိုင်းမှာ သယ်ယူပို့ဆောင်ရေး လုပ်မယ့်သူတွေပါ အပြင်ထွက်ခွင့်မပေးတဲ့အတွက် ဆေးဝါးနဲ့တကွ အထူးသဖြင့် အစားအစာ ပျံ့နှံ့ရောက်ရှိမှု မရှိဘဲ အစားအစာ ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပြီး မြို့ခံတွေရဲ့ ဝေဖန်မှု ခံခဲ့ရပါတယ်။
အခုလို ဖြစ်ခဲ့တဲ့ကြားက မစ္စတာ လီချန်ဟာ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မှာ နံပါတ် ၂ နေရာ ရလာတဲ့အတွက် သုံးသပ်သူ အများအပြား အံ့သြခဲ့ကြပါတယ်။
ဒါပေမဲ့လည်း သူ့ကို သိနေတဲ့ စီးပွားရေး အသိုင်းအဝိုင်းကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်ထုံးလုပ်နည်း တင်းကြပ်မှုတွေကြားက ထိုးဖောက်ကြံဆ လုပ်ဆောင်နိုင်သူအဖြစ် သတ်မှတ်ထားကြတာကို တွေ့ရပါတယ်။
မစ္စတာ လီချန်ဟာ ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ ကောင်းကောင်းမွန်မွန် လုပ်တတ် ကိုင်တတ်သူဖြစ်ပေမယ့် မစ္စတာ ရှီအပေါ်မှာ သစ္စာရှိတဲ့သူဖြစ်လို့သာ အခုလို တရုတ်တနိုင်ငံလုံးရဲ့ နံပါတ် ၂ ရာထူး ရလာတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက European Chamber of Commerce ဥက္ကဋ္ဌ Joerg Wuttke က ဆိုပါတယ်။
မစ္စတာ လီချန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နေသူဖြစ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရင်းနှီးဆောင်ရွက်မှုတွေလည်း ရှိခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရရဲ့ ကိုဗစ်သုည မူဝါဒနဲ့အတူ ရှန်ဟိုင်းမှာ ၂ လကျော် လော့ဒေါင်း လုပ်ခဲ့တဲ့ အခြေအနေကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုရဖို့ ဆွဲဆောင်နိုင်ခြေ ကျခဲ့ရတယ် ဆိုပေမယ့် ဒါဟာ မစ္စတာ လီချန် တဦးတည်းရဲ့ အပြစ် မဟုတ်ဘူးလို့ မစ္စတာ Wuttke သာမက အခြား စီးပွားရေးသမားတွေက ယူဆထားတာလည်း ဖြစ်ပါတယ်။
မစ္စတာ လီချန်ဟာ အီလွန်မတ်ရဲ့ တက်စ်လာ ကားကုမ္ပဏီကိုလည်း အမေရိကန်ပြင်ပမှာ ပထမဆုံး စက်ရုံခွဲ လာထောင်အောင် ဆွဲဆောင်နိုင်သူ အဖြစ်လည်း လူသိများပြီး တခြား နိုင်ငံခြား ကားကုမ္ပဏီတွေလို ပြည်တွင်းတရုတ်စီးပွားရေးသမားနဲ့ တွဲလုပ်စရာမလိုဘဲ သီးခြား လုပ်ပိုင်ခွင့်ကိုလည်း မစ္စတာ လီချန်က တက်စ်လာကို ပေးခဲ့ပါတယ်။
သူဟာ တရုတ်အရှေ့ပိုင်းက ချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တခုဖြစ်တဲ့ ကျန်းစုပြည်နယ်ရဲ့ ပါတီ အထွေထွေအတွင်းရေးမှူးလည်း ၂၀၁၆ ကနေ ၂၀၁၇ ကာလအတွင်း တနှစ်ကျော် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
နည်းပညာ ကုမ္ပဏီတွေ ထွန်းကားတဲ့ ပြည်နယ်အဖြစ် လူသိများတဲ့ ဒီ ကျန်းစုပြည်နယ်မှာ မစ္စတာ လီချန်ဟာ အလီဘာဘာ ကုမ္ပဏီ ထူထောင်သူ ဂျက်မားနဲ့တကွ အခြား စီးပွားရေး သမားတွေနဲ့ တွေ့ဆုံပြီး စီးပွားရေး လုပ်ချင်စဖွယ် ပြည်နယ်တခုဖြစ်လာရေး အကြံဉာဏ်တွေ တောင်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ရှီကျင့်ဖျင်နဲ့ လီချန်တို့ ဘယ်လို နီးစပ်မှုတွေ ရှိခဲ့သလဲ
မစ္စတာ လီချန်ဟာ သူ ကျန်းစုပြည်နယ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး မဖြစ်ခင်မှာ ရှန်ဟိုင်းရဲ့ တောင်ဘက်မှာရှိတဲ့ တရုတ်ရဲ့ နောက်ထပ် ကြွယ်ဝတဲ့ အရှေ့ပိုင်း ပြည်နယ်တခုဖြစ်တဲ့ ကျယ်ကျန်းပြည်နယ်မှာလည်း တာဝန်ကျခဲ့ဖူးပါတယ်။
သူ အခုလို တာဝန်ကျချိန်မှာ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြည်နယ် ပါတီခေါင်းဆောင် နေရာမှာသာ ရှိနေပါသေးတယ်။
နောက်ပိုင်းမှာတော့ မစ္စတာ လီချန်ဟာ ရှီကျင့်ဖျင် လက်အောက်က ဝန်ထမ်းအချုပ် ဖြစ်လာခဲ့ပြီး သူတို့နှစ်ဦး ညဉ့်နက်အောင် အတူတူ ရုံးထိုင် အလုပ်လုပ်ကြတာတွေအပေါ် ပါတီအထက်ပိုင်းက သဘောကျခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါဟာ လက်ရှိ တရုတ်အစိုးရကောင်စီ ခေါင်းဆောင် လီကဲ့ချန်နဲ့ ကွာခြားတဲ့ အချက်လည်း ဖြစ်နေပြီး လီကဲ့ချန်ကတော့ ရှီကျင့်ဖျင်နဲ့ တန်းတူ ရည်တူ နေရာရလာသူ ဖြစ်ကာ ပြိုင်ဘက်သဘောမျိုး ပိုဆန်တယ်လို့ ဆိုကြပါတယ်။
ရှီကျင့်ဖျင်ရဲ့ အနာဂါတ် ဘာဆက်ဖြစ်နိုင်သလဲ
လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပါတီထိပ်ပိုင်းမှာ သူ့သဘောကျ လုပ်နိုင်အောင် လူနေရာချထားမှုတွေ လုပ်နေတယ် ဆိုရာမှာ ပါတီတွင်း သူလုပ်ချင်တာတွေ အတားအဆီး မရှိသလောက် လုပ်လို့ ရလာနိုင်တာနဲ့အမျှ ထောက်ပြမယ့်သူ မရှိတော့မယ့် အနေအထားလည်း ရောက်သွားနိုင်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ဆိုကြပါတယ်။
ဒီလို ဖြစ်လာမယ်ဆိုရင် သာမန် တရုတ်ပြည်သူလူထု အကြား သူ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုလည်း ဖြစ်လာနိုင်ပါတယ်။
တကယ်တမ်းမှာလည်း သူ့ရဲ့ ကိုဗစ်သုည မူဝါဒအပေါ် ပြည်တွင်း ဆန့်ကျင်မှုတွေ ရှိခဲ့တာ တွေ့ရပြီး တရုတ်ပြည်တွင်းက အိမ်ခြံမြေ ဈေးကွက် အကျပ်အတည်း၊ လူငယ် အလုပ်လက်မဲ့များမှု၊ နည်းပညာ ကုမ္ပဏီတွေကို စည်းကြပ် ပြင်းထန်မှုနဲ့ ဝန်ဆောင်မှု ဆိုင်ရာ စီးပွားရေးနယ်ပယ် ထိခိုက်မှုတွေကိုလည်း မစ္စတာ ရှီက ဆက်လက် ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။
မော်စီတုန်းဟာ သူ့ခေတ်က တရုတ်ပြည်သူတွေမှာ ဆုံးရှုံးသွားစရာ ကြွယ်ဝမှု မရှိကြသေးခင် စီးပွားရေး ကပ်ဆိုက်မှုကို တောင့်ခံ ကျော်ဖြတ်ပြီး ခေါင်းဆောင် ဆက်ဖြစ်ခဲ့တယ် ဆိုပေမယ့် လက်ရှိ ဆုံးရှုံးသွားနိုင်စရာ လူနေမှု အဆင့်အတန်းရှိတဲ့ လူလတ်တန်းစားကတော့ သူတို့ သားသမီးတွေအတွက် ပိုကောင်းတဲ့ အနာဂတ် မရှိဘဲ ဖြစ်နေမှာကို စိုးရိမ်နေကြမယ်လို့ မစ္စတာ Wuttke က သုံးသပ်ခဲ့ပါတယ်။