ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ကွန်ဂရက်အပြီး သမ္မတက ဘယ်လို အပြောင်းအလဲတွေ လုပ်နိုင်သလဲ
တပါတီစနစ် ကျင့်သုံးတဲ့ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကို အောက်တိုဘာလ ၁၆ ရက်နေ့က စပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြီးဆုံးမယ့် ဒီကွန်ဂရက်အပြီးမှာ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်က တတိယအကြိမ်မြောက် အရွေးခံရနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အပြီးမှာ တရုတ်သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပြီး ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်အပြီးမှာလည်း ဒုတိယအကြိမ် ရွေးကောက် တင်မြှောက်ခံထားရသူ ဖြစ်ပါတယ်။
ကွန်ဂရက်အဖွင့်မှာ ရှီကျင့်ဖျင်က ဘာကို ရှေ့တန်းတင် ပြောခဲ့သလဲ
တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ကိုဗစ်သုည မူဝါဒကို လတ်တလောအတွင်း ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိသေးဘူး ဆိုတဲ့ သဘောမျိုး ကွန်ဂရက်အဖွင့်မှာ ပြောကြားခဲ့တာကို တွေ့ရပါတယ်။
ကိုဗစ်သုညမူဝါဒဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ဟန့်တားရမယ့် လူထု စစ်ပွဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီမူဝါဒကြောင့် တရုတ်ပြည်မှာ လူ့အသက်တွေ ကယ်နိုင်ခဲ့ပေမယ့် တစ်ဖက်မှာလည်း တရုတ်ပြည်သူတွေနဲ့တကွ တရုတ်စီးပွားရေးလည်း ဒီမူဝါဒရဲ့ ဒဏ်ကို ခံနေရတာ ဖြစ်ပါတယ်။
ဒီမူဝါဒအရ လုပ်ဆောင်ရတဲ့ လော့ဒေါင်းချမှုတွေနဲ့ ခရီးသွားလာရေး ကန့်သတ်မှုတွေကြောင့် တရုတ်ပြည်သူတွေ ပင်ပန်းလာကြတဲ့ အခြေအနေလည်း ရှိနေတာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း မစ္စတာ ရှီရဲ့ မိန့် ခွန်းထဲမှာ သူ့ ရဲ့ ကိုဗစ်သုည မူဝါဒကြောင့် နိုင်ငံတွင်း လူမှုရေးနဲ့ စီးပွားရေးရာ ထိခိုက်ရမှုတွေကို အသိအမှတ်ပြုတဲ့သဘောပါတဲ့ မှတ်ချက်စကား မရှိခဲ့တာကို တွေ့ ရပါတယ်။
ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ပြည်တွင်း မွတ်ဆလင်အရေးတွေမှာ ရှီကျင့်ဖျင် ဘာပြောခဲ့သလဲ
မစ္စတာ ရှီက ကွန်ဂရက်အတွင်း မိန့် ခွန်းပြောခဲ့ရာမှာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေလည်း ပါဝင်ခဲ့ပါတယ်။
အခုလို ပြောကြားရာမှာ မစ္စတာ ရှီက တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ ပတ်သက်လာရင် အင်အားမသုံးဘူးလို့ ကတိမပေးနိုင်ပါဘူး ဆိုတဲ့ စကားကို လေးလေးနက်နက် ဖြစ်စေချင်တဲ့ သဘောနဲ့ လေသံကို တမင် ခပ်ဖြည်းဖြည်း ထားကာ ပြောကြားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အားပေးမှာဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရုတ်ပြည်ညီညွတ်ရေး ဖြစ်လာဖို့ကိုတော့ ဦးစားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်ပြည် အလုံးစုံ ညီညွတ်ရေး ဆိုတာဟာ လုပ်ကို လုပ်ရမယ့် ကိစ္စ ဖြစ်တဲ့အပြင် ဖြစ်လည်း ဖြစ်လာမယ့် ကိစ္စလို့ ပြောလိုက်တဲ့ အချိန်မှာတော့ ကွန်ဂရက်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက လက်ခုပ် ခပ်ကြာကြာတီးပြီး ထောက်ခံကြောင်း ပြခဲ့ကြတာကို တွေ့ရပါတယ်။
ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာလည်း တရုတ်အစိုးရဟာ ဟောင်ကောင်ရဲ့ အရှုပ်အထွေး အခြေအနေကနေ အုပ်ချုပ်ရေး တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ခံရတဲ့ နိုင်ငံတော် လုံခြုံရေး ဥပဒေကိုလည်း သူက ကာကွယ်ပြောကြား သွားခဲ့ပါတယ်။
တရုတ်အစိုးရဟာ မြောက်ပိုင်းက ပြည်နယ်တွေဖြစ်တဲ့ နင်ရှားနဲ့ စင်ကျန်ပြည်နယ်တွေမှာ မွတ်ဆလင် ဗလီတွေကို ဖျက်သိမ်းတာနဲ့ ပုံစံပြောင်းတာတွေ လုပ်ခဲ့တဲ့ အပေါ်မှာလည်း မစ္စတာ ရှီက ကာကွယ် ပြောကြားခဲ့တာ တွေ့ရပါတယ်။
မွတ်ဆလင် လူဦးရေ အများစုနေထိုင်ကြတဲ့ အဲဒီပြည်နယ်တွေမှာ ကျင့်သုံးနေတဲ့ ဘာသာရေးတရပ်အနေနဲ့ တရုတ်ပြည်တွင်းနဲ့ လိုက်လျောညီထွေ ဖြစ်ရမယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင် ဘာပြောခဲ့သလဲ
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်အကျိုးအတွက် တရုတ်အစိုးရရဲ့ ဆောင်ရွက်မှု အောင်မြင်တာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ ပြည်တွင်းမှာ ကာဗွန် ထုတ်လွှတ်မှုနည်းတဲ့ လုပ်ငန်းတွေကို အားပေးသွားမှာ ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှု လျော့တဲ့ လူမှုဘဝ တိုးတက်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်ရာမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ပြင်းပြင်ထန်ထန် ထိန်းချုပ်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ကျောက်မီးသွေးကို စွမ်းအင်အတွက် အသုံးပြုမှုကို အစားမထိုးနိုင်သေးပဲ လုံးဝ ရပ်တန့်လိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်ပြည်တွင်း နိုင်ငံရေးအပေါ် ရှီကျင့်ဖျင်က ဘာမှတ်ချက်ပေးခဲ့သလဲ
မစ္စတာ ရှီက တရုတ်နိုင်ငံရေးလောကအတွင်းမှာ ဂိုဏ်းဂဏ အကွဲအလွဲ ရှိခဲ့တဲ့ အခြေအနေကို အသိအမှတ်ပြုတဲ့ အနေနဲ့လည်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
အခုလို နိုင်ငံရေး အုပ်စုတွေ ကွဲနေခဲ့တဲ့ အခြေအနေကြောင့် ပါတီအတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေရာမှာ သူ့ လက်ထက်အတွင်း ဒါတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့လည်း မစ္စတာ ရှီက ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဖြစ်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးယူမှုတွေကို ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
အခုလို လုပ်ခဲ့ရာမှာ ပါတီထိပ်ပိုင်းက လူတွေလည်း အပြစ်ပေးခံရတဲ့အထဲ ပါဝင်ခဲ့ပြီး သူ့ကို ဝေဖန်သူတွေကတော့ သူ့ နိုင်ငံရေးတက်လမ်းအတွက် လမ်းကြောင်းရှင်းတာသာ ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကွန်ဂရက်မှာ အသက် ၉၆ နှစ်ရှိပြီ ဖြစ်တဲ့ တရုတ်သမ္မတဟောင်း ကျန်ဇီမင်း တက်ရောက်လာတာ မတွေ့ ရပေမယ့် တခြား သမ္မတဟောင်း နှစ်ဦးဖြစ်တဲ့ ဟူကျင်တောင်းနဲ့ ဝမ်ကျားပေါင်တို့ တက်ရောက်လာကြတာကိုတော့ တွေ့ ရပါတယ်။
မစ္စတာ ရှီရဲ့ မိန့် ခွန်းထဲကနေ မူဝါဒအပြောင်းအလဲ ရှိမရှိ ခန့် မှန်းနိုင်သလဲ
ရှီကျင့်ဖျင်ရဲ့ ၂၀၂၂ ကွန်ဂရက် မိန့် ခွန်းဟာ ၂ နာရီ မပြည့်ခဲ့တာကို တွေ့ ရပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကွန်ဂရက်မှာ သူပြောတဲ့ မိန့် ခွန်းလောက် မရှည်တာကိုလည်း တွေ့ ရပါတယ်။
မစ္စတာ ရှီဟာ အခု ကွန်ဂရက်မှာ ပြောကြားမယ့် မိန့် ခွန်းအတွက် အသုံးအနှုန်းတွေကို လနဲ့ ချီ ပြင်ဆင်ခဲ့ပုံရပြီး လေ့လာသူတွေ အနေနဲ့ ဒီမိန့် ခွန်းထဲကနေ တရုတ်မူဝါဒအပြောင်းအလဲ ရှိမရှိ အသေးစိတ် လေ့လာသုံးသပ်ကြဦးမှာ ဖြစ်ပါတယ်။
မစ္စတာ ရှီသာ ဒီကွန်ဂရက် အပြီး တရုတ်သမ္မတ ဆက်ဖြစ်နေမယ်ဆိုရင် တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း နောက်ပိုင်း အင်အားအကြီးဆုံး ခေါင်းဆောင် ဖြစ်လာမှာ ဖြစ်ပါတယ်။
မစ္စတာ ရှီဟာ ကွန်ဂရက်အတွင်းမှာ တရုတ်စစ်တပ်နဲ့ ပတ်သက်ပြီးတော့လည်း တိုးချဲ့ တည်ဆောက်မယ့် ကိစ္စကို ပြောကြားခဲ့ပြီး လုံခြုံရေးနဲ့ စိတ်ချရရေး ဆိုတဲ့ အသုံးအနှုန်းတွေကို ၇၃ ကြိမ်အထိ သုံးခဲ့တာ တွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ လောလောဆယ်မှာ လူငယ်ပိုင်း အလုပ်လက်မဲ့ဖြစ်မှုနဲ့ အိမ်ခြံမြေ ဈေးကွက် အကျပ်အတည်းတွေ အပါအဝင် အခြား အကျပ်အတည်းတွေ ရင်ဆိုင်နေရပေမယ့် ဒီအကြောင်းတွေကိုတော့ မစ္စတာ ရှီက ထည့်မပြောခဲ့တာကို တွေ့ရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေးအရ တရားဝင်မှု ရချင်တယ်ဆိုရင် လူမှုစီးပွားရေးရာ အောင်မြင်မှု ရအောင် လုပ်ပေးနိုင်မှ ဖြစ်နိုင်မယ်လို့ စင်္ကာပူနိုင်ငံက S Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းက ဒေါက်တာ ကောလင်းခိုက ဆိုပါတယ်။
တရုတ်မြို့တော် ဘေဂျင်းမှာ အခုလို ကွန်ဂရက် မကျင်းပခင် ရက်ပိုင်းအလိုမှာ ဆိုရင်လည်း ရှားရှားပါးပါး အနေနဲ့ မစ္စတာ ရှီ နဲ့ တကွ သူ့ ရဲ့ ကိုဗစ်သုည မူဝါဒကို တံတားတခုပေါ်မှာ စာတမ်းချိတ်ဆွဲ ကန့် ကွက်မှု ဖြစ်ခဲ့တာကို တွေ့ ရပါတယ်။