မြန်မာ-အိန္ဒိယနယ်စပ် လွတ်လပ်စွာသွားလာခွင့်ပယ်ဖျက်ဖို့ မဏိပူရ်အစိုးရကြိုးပမ်း

ရေးသားခဲ့သည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်တုန်းက စီးပွားရေးကုန်သွယ်မှုမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ခွင့်ပြု ခဲ့တဲ့ မြန်မာ - အိန္ဒိယနယ်စပ် လွတ်လပ်စွာသွားလာခွင့်ကို ပယ်ဖျက်ပေးဖို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် Biren Singh က အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဆီ တောင်းဆိုထားပါတယ်။

ဒေသတွင်းလုံခြုံရေး၊ အချုပ်အခြာအာဏာတည်မြဲရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ နယ်စပ်သွားလာခွင့် ပိတ်ဖို့လိုအပ်တဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က စက်တင်ဘာ ၂၃ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ပြောခဲ့ပါတယ်။

ဒါဟာ မဏိပူရ်ပြည်နယ်ရဲ့ ပြည်တွင်း ပြည်ပလုံခြုံရေးပြဿနာတွေကို ထိရောက်စွာဖြေရှင်းနိုင်ဖို့၊ ကုန်သွယ်ရေးထိန်းညှိဖို့နဲ့ အိန္ဒိယနိုင်ငံသားတွေမရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့နိုင်ဖို့ နှစ်နိုင်ငံ လွတ်လပ်စွာသွားလာခွင့် ပိတ်သိမ်းရေးဟာ အ‌ရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ တရားဝင်ရေးသားထားခဲ့တာပါ။

အခုနှစ် နှစ်လယ်ပိုင်းကစလို့ မဏိပူရ်ပြည်နယ်မှာ ဖြစ်နေတဲ့ ကသည်း လူမျိုးစုနဲ့ ကူကီး လူမျိုးတွေကြား ပဋိပက္ခဖြေရှင်းနိုင်ဖို့ မဏိပူရ်ပြည်နယ်အစိုးရရော အိန္ဒိယဗဟိုအစိုးရကပါ စိုင်းပြင်းလာချိန်မှာ အခုလို နယ်စပ်အရေး ကိုင်တွယ်ဖို့ပါ ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

ဒါဟာ မြန်မာဘက်က တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်နေတာလို့လည်း မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူအချို့က ဝေဖန်နေကြပါတယ်။

“နယ်စပ်သွားလာခွင့်ပိတ်ရင်က ကျွန်တော်တို့ဘက်က စစ်ရှောင်တွေတင်မဟုတ်ဘဲ သူတို့အတွက် စစ်ကိုင်းတိုင်းကနေ အဓိကစီးဝင်တဲ့ကုန်သွယ်ရေးပါ ပိတ်သွားမှာ” လို့ မြန်မာ - အိန္ဒိယအရေး စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် မဏိပူရ်ပြည်နယ်အစိုးရကလိုလားနေသလို နယ်စပ်လွတ်လပ်စွာသွားလာခွင့် ပိတ်သိမ်းလိုက်ပါက နှစ်နိုင်ငံစလုံးအတွက် သက်ရောက်မှုရှိနိုင်တယ်လို့ ထောက်ပြပါတယ်။

“အပြန်အလှန်မှီခိုတဲ့ သဘောမျိုးဖြစ်နေကြတာကိုး” လို့ ဆလိုင်းဒိုခါရ်က ဆက်ပြောပါတယ်။

နယ်စပ်လွတ်လပ်စွာသွားလာခွင့်ဆိုတာဘာလဲ

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ၁၆ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၀ မိုင်နီးပါးကို အထောက်အထားမလိုဘဲ နှစ်နိုင်ငံ နိုင်ငံသားတွေ လွတ်လပ်စွာသွားလာခွင့်ပြုထားတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

ဒီသဘောတူညီချက်(Free Movement Regime-FRM)ကို အရပ်သားအစိုးရလက်ထက်မှာ ခွင့်ပြုခဲ့တာဖြစ်ပြီး နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ကို ကုန်သွယ်ရေးဇုန်အဖြစ် သတ်မှတ်ကာ စစ်ကိုင်းတိုင်း တိုးတက်စေဖို့ အိန္ဒိယနဲ့ အခြားအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ထားခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတိုက်ပွဲတွေကြောင့် မဏိပူရ်ပြည်နယ်ထဲကို မြန်မာ စစ်ရှောင်တွေ ခိုလှုံတာတွေရှိလာတဲ့အခါမှာတော့ ၂၀၂၂ ခုနှစ်ကစလို့ ပြည်နယ်အစိုးရဘက်ကနေ လွတ်လပ်စွာသွားလာခွင့် ကာလတို ပိတ်တာ‌တွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

“တရားဝင်ဖြတ်သန်းတဲ့ ဂိတ်ဆိုလည်း ပိတ်ထားတာကြာပြီ။ တံတားဆို မှိုတောင်တက်တော့မယ်။ အဓိကက တရားမဝင် တောထဲ ချောင်းထဲက ဖြတ်ပြီး အိန္ဒိယကူးကြတာ” လို့ မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ရှောင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူရ်နဲ့ မီဇိုရမ် စတဲ့ ပြည်နယ်တွေနဲ့ နယ်နိမိတ်ထိစပ် နေတာဖြစ်ပြီး မီဇိုရမ်နဲ့ မဏိပူရ်မှာ မြန်မာဒုက္ခသည်အများစုခိုလှုံနေကြတာပါ။

ချင်းပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုအချို့ သာမက ဒုက္ခသည်အများဆုံး ခိုလှုံခွင့် ရရှိထားပြီး ယာယီကတ်ပြားနဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့်လည်း ရထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ မဏိပူရ်ပြည်နယ်မှာတော့ ဆန့်ကျင်ဘက်အနေအထားဖြစ်ပြီး မြန်မာစစ်ရှောင်တွေကို တရားဝင်အသိအမှတ်မပြုခဲ့သလို ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခကြားမှာပါ အတည်မပြုနိုင်တဲ့ စွပ်စွဲချက်အမျိုးမျိုးထွက်နေတာကြောင့် မြန်မာစစ်ရှောင်တွေ စိုးထိတ်နေရတယ်လို့ သိရပါတယ်။

“မြန်မာဘက်က ဝင်လာတဲ့ ကူကီးတွေကြောင့် လူမျိုးရေးပဋိပက္ခဖြစ်တာ၊ အိန္ဒိယနိုင်ငံသားဖြစ်ဖို့ ကြိုးစားနေကြတာဆိုတဲ့ ကောလဟလတွေက သိပ်များတယ်”

“လူမျိုးရေးပဋိပက္ခ နည်းနည်းငြိမ်သွားတော့ ကာဖျူး(ညမထွက်ရအမိန့်)သဘော အပြင်ထွက်ရမယ့်အချိန်လည်း ကန့်သတ်ထားသလို ၊ အင်တာနက်လည်းဖြတ်ထားတယ်”

မဏိပူရ်ပြည်နယ်အတွင်း သတင်းအမှားတွေပြန့်နေတာကြောင့် စစ်ရှောင်တွေရဲ့ လုံခြုံရေးပါ စိုးရိမ်နေရတဲ့အကြောင်း မြန်မာစစ်ရှောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မဏိပူရ်၊ လူမျိုးရေးပဋိပက္ခနဲ့ မြန်မာစစ်ရှောင်တွေ

မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့မြန်မာစစ်ရှောင်တွေဟာ လူမျိုးရေးပဋိပက္ခဖြစ်ပြီးနောက်ပိုင်း သွားလာရေးကအစ သတိနဲ့လှုပ်ရှားနေရတယ်လို့ ပြောကြပါတယ်။

နောက်ထပ်တချက်ကတော့ တိုက်ပွဲတိမ်းရှောင်လာရင်း ထပ်မံ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာစစ်ရှောင်တွေကို ပြန်လွှတ်တာတွေ ဇူလိုင်လကစလို့ ခပ်စိပ်စိပ် ကြုံတွေ့နေရပါတယ်။

“ကလေး - တမူး အဝေးပြေးလမ်းဘေးမှာ စစ်တပ်နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) ကြား တိုက်ပွဲ ဖြစ်တုန်းကဆိုရင် အိန္ဒိယဘက်က အဝင်မခံဘူး” လို့ မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ရှောင်တစ်ဦးက ဆိုပါတယ်။

မြန်မာ - အိန္ဒိယအရေးစောင့်ကြည့်တဲ့ India For Myanmar ရဲ့ မှတ်တမ်းအရ မဏိပူရ်ပြည်နယ်မှာ စစ်ရှောင် တစ်သောင်းနီးပါး ရှိခဲ့ရာကနေ လူမျိုးရေးပဋိပက္ခကြောင့် စစ်ရှောင် ငါးထောင်ဝန်းကျင်သာ ကျန်ရှိတော့ပြီး တဝက်ခန့်က မြန်မာပြည်ခြမ်း ပြန်လည်ခိုလှုံခဲ့ကြပါတယ်။

“တရားမဝင် ဝင်ရောက်ရာလမ်းကြောင်းတွေမှာပါ အိန္ဒိယဘက်က အစောင့်တွေချပြီး မြန်မာစစ်ရှောင် အသစ်တွေ ထပ်မဝင်လာဖို့ လုံးဝတင်းကြပ်ထားတာပါ” လို့ မြန်မာစစ်ရှောင်တစ်ဦးက ပြောပါတယ်။

တခါ မဏိပူရ်ပြည်နယ်ရဲ့ မိုရေးမြို့မှာဆိုရင်လည်း မြန်မာဘက်ခြမ်းက ကုန်သည်၊ စျေးသည်တွေဟာ မနက်ခင်းစျေးမှာ လာရောင်းချလေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း မြန်မာစျေးသည်တွေကို စျေးအရောင်း ရုတ်တရက် ရပ်ခိုင်းပြီး မြန်မာနယ်နိမိတ်အတွင်း ပြန်ပို့တာတွေရှိလာတယ်လို့ ဆိုပါတယ်။

“အိန္ဒိယရဲ့ နယ်စပ်အရေး ကိုင်တွယ်ပုံတွေက သူ့အတွက်ဆို အကျိုးလုံးဝမရှိဘူး”

အိန္ဒိယလက်ရှိဆောင်ရွက်နေတဲ့ အနေအထားနဲ့ပတ်သက်လို့ မြန်မာ - အိန္ဒိယအရေး စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က အခုလို ဝေဖန်ထားတာပါ။

မဏိပူရ်ပြည်နယ်အတွင်း ပြန့်နှံ့နေတဲ့ သတင်းအမှားတွေကြောင့်ရော ပြည်နယ်အစိုးရရဲ့ ကိုင်တွယ်နေပုံတွေကြောင့်ပါ မြန်မာစစ်ရှောင်တွေအတွက် ပိုမိုဆိုးရွားတဲ့ အနေအထားတခုကို ရောက်ရှိစေနိုင်တယ်လို့ ဆလိုင်းဒိုခါရ်က ခန့်မှန်းထားပြီး ဒီအရေးကို သက်ဆိုင်ရာအာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်းသင့် ပြီလို့ ပြောဆိုပါတယ်။

“အမုန်းပွားပြီး ပြဿနာမဖြစ်‌အောင် NUG (အမျိုးသားညီညွတ်ရေးအစိုး)အနေနဲ့ အိန္ဒိယနဲ့ စကားပြောဖို့လိုပြီ။ မြန်မာစစ်ရှောင်တွေရဲ့ အရေအတွက်ကောက်ခံပြီး သေချာလုပ်သင့်ပြီ”

“တဖက်စစ်ကောင်စီကတော့ အိန္ဒိယမှာခိုလှုံနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ရရှိလိုတဲ့အတွက် သူ့အတွက်ပဲ အကျိုးရှိတာ” လို့ ဆလိုင်းဒိုခါရ်က ဆက်ပြောပါတယ်။

မြေပြင်မှာ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကတော့ မလုံခြုံမှုတွေ ခံစားနေရပြီး ထပ်မံတိမ်းရှောင်ဖို့လည်း သွားလာစရာမရှိတော့ဘူးလို့ ဘီဘီစီကို ရင်ဖွင့်ကြပါတယ်။

“ကျွန်တော်တို့ဘက်မှာဆိုရင် ပျူစောထီး (ပြည်သူ့စစ်) တွေကလည်း အားကောင်းနေတာ နေရပ်ပြန်လို့လည်း မရဘူး။ မဏိပူရ်မှာကလည်း ပစ်မှတ်အထားခံနေရသလို ခံစားနေရတယ်”

“ရှေ့အနာဂတ်က ဘာမှမသေချာတော့ဘူး” လို့ တမူးဒေသခံ မြန်မာစစ်ရှောင်တစ်ဦးက သူ့ရဲ့ လက်ရှိ ခံစားချက်အကြောင်း ပြောပြထားပါတယ်။