ဧပြီလ ၂၉ ရက် ထိပ်တန်းသတင်းများ- စစ်ကောင်စီခန့် မြန်မာသံအမတ် တရုတ်သမ္မတထံ သံတမန်ခန့်အပ်လွှာ အပ်

ရေးသားခဲ့သည်။

မြန်မာစစ်ကောင်စီက ခန့်အပ်လိုက်တဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေဟာ သူ့ရဲ့သံတမန် ခန့်အပ်လွှာကို တရုတ်သမ္မတ ရှီကျင့်ဖျင် ထံ ပေးအပ်လိုက်ပြီလို့ စစ်ကောင်စီဘက်က ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံပေါင်း ၇၀ က သံတမန်တွေရဲ့ ခန့်အပ်လွှာတွေကို ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက် ကတည်းက အခမ်းအနားနဲ့ လက်ခံခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီနေ့မှ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးတင်မောင်ဆွေကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အစောပိုင်းမှာ စစ်ကောင်စီဘက်ကကြေညာခဲ့တာပါ။

သူ့အရှေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ကွယ်လွန်ခဲ့တာကြောင့် ဦးမျိုးသန့်ဖေနေရာမှာ ဦးတင်မောင်ဆွေကို စစ်ကောင်စီက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပေမဲ့ ရာထူးဆက်ယူခဲ့သူဖြစ်ပါတယ်။

ဗဟန်းမြို့နယ်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းတုန်းက အမျိုးသား တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ကျိုက္ကဆံရပ်ကွက်ထဲက မဟူရာလမ်းထောင့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

စစ်‌ကောင်စီတပ်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အငြိမ်းစားဗိုလ်မှူးတစ်ဦးဖြစ်ပြီး ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေသူလို့ ရေးသားပြောဆိုနေကြပါတယ်။

အဲဒီအမျိုးသားဟာ သူ့ရဲ့ကားပေါ်မှာပဲ သေနတ်သမားတွေရဲ့ ပစ်ခတ်တာခံခဲ့ရတာလို့လည်း ဆိုပါတယ်။

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း တပ်ဘက်ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဘက်ကို ပြောင်းလာခဲ့သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ကွယ်လွန်

ရုပ်ရှင်နဲ့ ဟာသ သရုပ်ဆောင်အဖြစ် လူသိများတဲ့ ဦးဝင်းနိုင်(အနုပညာ)ဟာ ဒီနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဦးဝင်းနိုင်ဟာ သက်ကြီးအနုပညာရှင်တွေကို စောင့်ရှောက်မှုပေးနေတဲ့ ပုလဲမြို့က ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာလို့ သိရပါတယ်။

ဦးဝင်းနိုင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ သူတပါးကို အပူမပေးဘဲ ပျော်ရွှင်တဲ့စိတ်ထားနဲ့ ဘဝကို အေးချမ်းစွာကျော်ဖြတ်သွားပြီလို့ ပုလဲမြို့သစ် အနုပညာဆည်းဆာရိပ် ဆရာတော် ဦးလှတောကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းဖော်ပြရေးသား ထားတာတွေ့ရပါတယ်။

နာရေးရက်ကိုတော့ ထပ်မံ ကြေညာမယ်လို့လည်း ဆရာတော်က ဆိုပါတယ်။

ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ သေဒဏ်ချ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ​ကိုကောင်းဆက်ပိုင်ကို စစ်ခုံရုံးက ဧပြီ ၂၅ ရက်နေ့မှာ သေဒဏ်အမိန့် ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

ကိုကောင်းဆက်ပိုင်ကို စစ်ခုံရုံးက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ မတ်လ ၂၂ ရက်မှာအင်းစိန်ထောင်တွင်းစစ်ခုံရုံးကနေ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည) တို့နဲ့ တစ်သက်တစ်ကျွန်းအမိန့်ချမှတ်ခဲ့တာပါ။

အဲဒီလိုချမှတ်ထားရာကနေ ဧပြီ ၂၅ ရက်နေ့မှာတော့ နောက်ထပ်အကြမ်းဖက်ပုဒ်မ ၅၀ (စျ)၊ ၄၉ (က) တို့နဲ့ သေဒဏ်အမိန့်ထပ်တိုးချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌ ကိုဟိန်းထက် (ခ) ကိုပိုပို ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်း၊ သေဒဏ်အမိန့် ချမှတ်ခြင်းနဲ့ ဗကသရဲဘော်တွေကို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချထားတာတွေအပါအဝင် ပြည်သူလူထုကို တရားမဲ့သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသိမ်းပိုက်ခြင်းအားလုံးကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။

ဗကသရဲဘော်များ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ကျူးလွန်ဆဲ မတရားမှုတွေ၊ စစ်ရာဇဝတ်မှုတွေကို မုချတာဝန်ခံရမှာဖြစ်ပြီး အဲဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လည်း ပြင်းပြင်းထန်ထန်သတိပေးတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်စီရင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP. စာရင်းအရ ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၁) ဦးရှိတယ်လို့ဖော်ပြထားပါတယ်။

မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၃) ဦးရှိပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ သတင်းပေးတွေကို ဖမ်းမိပြီလို့ NUG ပြည်ထဲရေးကြေညာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ကို သတင်းပေးခဲ့တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးမိပြီဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI)က ကြေညာပါတယ်။

ဒီအမျိုးသားနဲ့ အမျိုးသမီးတို့အပြင် စစ်ခေါင်းဆောင်၊ စစ်တပ်ကို အမာခံထောက်ခံသူလို့ ဒေသခံ တွေကြားနာမည်ကြီးတဲ့ ပျူစောထီးလက်နက်ကိုင်အဖွဲ ခေါင်းဆောင် ဥူးဝါသဝနဲ့ ဒေါ်နွဲ့ယဥ်ဆိုသူ အမျိုးသမီးတို့တိုလည်း ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး တရားခံတွေကို ဖမ်းဆီး အပြစ်ပေးနိုင်ဖို့ ချက်ချင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲတပ်ဖွဲ့က အဲဒီအမှဒကို ခိုင်မာစွာတည်ဆောက် တရားစွဲတင်နိုင်ရေး လုပ်နေတယ်လို့လည်း NUG - MOHAI က ဒီနေ့ ဧပြီလ ၂၉ ရက်မှာ ကြေညာပါတယ်။

ပဇီကြီးကျေးရွာမှာ အရပ်သားတွေနဲ့ အခြေပြုဖွဲ့ထားတဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရုံးသစ်တက် အလှူအတန်းအဖြစ် အနီးနားကျေးရွာတွေက ရွာသူရွာသားတွေကို ထမင်းဖိတ်ကြွေးချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ပစ်ခတ်ခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၁၈၁ ဦးသေဆုံးပြီး အပြင်းအထိန် ဒဏ်ရာရသူ ၂၉ ဦးရှိတယ်လို့ NUG ဘက်က ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့မှုကို ဝန်ခံထားပေမဲ့ ပဇီကြီဂကျေးရွာမှာ PDF အဖွဲ့တွေဘက်က မိုင်းတွေထောင်ထားတာရှိပြီး မိုင်းတွေသိုလှောင်ထားတဲ့ ခဲယမ်းထားတဲ့နေရာတည့်တည့်ကို ထိမှန်ခဲ့တာကြောင့် လူတွေသေဆုံးရတာလို့ တိုက်ခိုက်မှုဖြစ်အပြီး နောက်တစ်နေ့ ဧပြီလ ၁၂ ရက်မှာ ပြောထားပါတယ်။

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုမှာ ကလေးသူငယ်နဲ့ အမျိုးသမီး ၄၀ ကျော်အပါအဝင် လူပေါင်း ၁၈၀ ကျော်သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အာဆီယံ၊ ကုလသမဂ္ဂနဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံတကာက ရှုတ်ချ ပြောဆိုထားပါတယ်။

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကို အင်ဒိုနီးရှားနိုင်ငံသားတွေ ဆန္ဒပြ

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကို ရှုတ်ချတဲ့အနေနဲ့ ဆယ်နဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းတုန်းက စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချရင်း မြန်မာနိုင်ငံကို ကူညီကြဖို့ကိုလည်း အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ ကြွေးကြော်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဦးဆောင်လှုပ်ရှားနေတဲ့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကို ရှုတ်ချတဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုပြုလုပ်သွားတာလည်းဖြစ်ပါတယ်။

ပဇီကြီးဖြစ်စဥ်ဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအစွန်က လူထုစုဝေးမှုတစ်ခုကို စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၈၀ ကျော်သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ကောလင်းမှာ KIA တပ်ရင်းမှူးအပါအဝင် ၉ ဦးအသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)ရဲ့ တပ်ရင်းမှူး၊ သူ့ရဲ့ သက်တော်စောင့်အပါအဝင် လူ ၉ ဦး ၂ ရက်အတွင်း သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကောလင်းခရိုင် KIA/PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဒူဂျွန် ဆိုသူနဲ့ သူ့သက်တော်စောင့်တို့ဟာ ဧပြီလ ၂၆ ရက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ မိပြီး အသတ်ခံခဲ့ရတာလို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

နောက် သေဆုံးသူ ၇ ဦးဟာ တပ်ရင်းမှူးနဲ့သက်တော်စောင့်တို့ ပျောက်ဆုံးနေတာကို လိုက်ရှာရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ကားတစ်စီးတည်းမှာ သေဆုံးခဲ့ကြတာလို့လည်း ဆိုပါတယ်။

‘‘ရင်းမှူးနဲ့ သူ့သက်တော်စောင့် ကိုရဲ တို့က စစ်ကြောင်းထောက်ရင်း အသတ်ခံရတာ။ ၂၅ ရက် ညပိုင်းတုန်းက ကျောက်ပြင်သာရွာမှာ အိပ်တဲ့ စစ်တပ်စစ်ကြောင်းနဲ့ ၂၆ ရက် မနက်ပိုင်းမှာတိုးပြီး သံကောရွာ အရှေ့နားမှာ အသတ်ခံရတယ်။ ကောလင်း ပြည်သူ့လုံခြုံရေး(ပလဖ)နဲ့ အုပ်ချုပ်ရေး(ပအဖ) ၇ ယောက်က သူတို့ အဆက်အသွယ်ပြတ်တော့ လိုက်ရှာကြတာ။ ပေပင်ချောင်ရွာ အနောက်ဘက်ကုန်းမှာ ၂၇ ရက် မနက်အစောပိုင်းမှာ ဝိုင်းအပစ်ခံရတာ။ အားလုံး ကားပေါ်မှာ မီးရှို့ခံခဲ့ရတယ်’’ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ြပနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီတပ်ဟာ KIA/PDF တပ်ရင်း ၁ က တပ်ရင်းမှူးနဲ့ ကောလင်း ပလဖ ခေါင်းဆောင်တို့ ၂ ဦးအပါအဝင် KIA/PDF ၈ ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။

သေဆုံးသူတွေအားလုံးကိုတော့ မနေ့ ဧပြီလ ၂၈ ရက်မှာပဲ စျာပနပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ပေပင်ချောင်ကျေးရွာမှာ စခန်းချခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ဆီဆုံရွာ၊ သရက်ခုံရွာထဲကနေ တဆင့် ကောလင်းမြို့ထဲကို ဝင်ရောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။