ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာလ ၂၉ ရက် ထိပ်တန်းသတင်းများ - ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင်မှာ CDF အလံ လွှင့်ထူ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၇ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ပြီးတဲ့နောက် မြို့အဝင်မုခ်ဦးမှာ အလံလွှင့်ထူခဲ့ကြောင်း သိရှိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအင်အားစုတွေဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ မြို့တွင်းစစ်ဆင်ရေးလုပ်ခဲ့ကြတာလို့ CDF ကန်ပက်လက် က ပြောပါတယ်။
"ထွေအုပ်ရုံးကို ပြန်သိမ်းရခါနီးနီးမှာ မြို့အနောက်ဖက် ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ မရပ်မနားပစ်ကူပေးလို့ ပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်။ သူတို့က ကာကွယ်ရတဲ့ အနေအထားပဲရှိပြီး လိုက်လံတိုက်ခိုက်တာမရှိဘူး။ မြို့နယ်လူထု စိတ်ခွန်အားရဖို့ အလံလွှင့်ထူခဲ့တာဖြစ်ပါတယ်။ အတားအဆီးတစုံတရာမရှိခဲ့ဘူး" လို့ CDF ကန်ပက်လက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလံလွှင့်ထူပြီးတဲ့နောက် မကြာခင် မြို့ကို ပြန်ရအောင်တိုက်မယ်လို့ ကြွေးကြော်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ တစုံတရာတုံ့ပြန်တာမျိုးမရှိဘူးလို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။
ဝန်းသို၊ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျလို့ ကလေးငယ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ ဘူတာစုရပ်မှာရှိတဲ့ ခန္တီဝံသာရာမကျောင်းတိုက်ထဲကို ဝန်းသိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ကျောင်းတွင်း စာသင်ကြားနေတဲ့ ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲ ၆ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတုန်းက ဘုန်းတော်ကြီးကျောင်းထဲ ကလေးငယ်တွေ စာသင်ကြားနေချိန်မှာ ဝန်းသိုမြို့ပေါ် စစ်ကောင်စီတပ် ခမရ ၁၂၀ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲတာလို့ ဖော်ပြပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီတပ်ရဲ့ အခုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ထင်ရှားတဲ့ ဖြစ်ရပ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ဝန်းသိုမြို့နယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ကိုးကန့်တပ် နဲ့ ဝ တပ်ဖွဲ့ တွေ့ဆုံ
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA ကိုယ်စားလှယ်အဖွဲ့တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့က ဝ ဒေသကို သွားရောက်ခဲ့ပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်စလုံးက အတည်ပြုပါတယ်။
ဆောင်းဦးရာသီလယ် ပွဲတော်အထိမ်းအမှတ်အဖြစ် အလည်အပတ်ခရီးစဉ်သာ ဖြစ်တဲ့အကြောင်း ကိုးကန့် ရော ဝ ဘက်ကပါ ပြောပါတယ်။
"ကိုးကန့်ရိုးရာ လပြည့်မုန့်စားပွဲ နှစ်စဉ်ပုံမှန်အပြန်အလှန်ချစ်ကြည်ရင်းနှီး တွေ့ဆုံလည်ပတ်မှုပါ။ အခြားဆွေးနွေးမှုမရှိပါဘူး" လို့ UWSA ပြောခွင့်ရ ဦးညီရမ်း က ဘီဘီစီကို ပြောပါတယ်။
နှစ်ဖက် တွေ့ဆုံမှုအတွင်း မျိုးဆက်သစ်တွေဟာ အခက်အခဲတွေကို သိမြင်ဖို့၊ အရင်မျိုးဆက်တွေကြောင့် အခက်အခဲတွေကို နားလည်ကြဖို့ ထောက်ပြခဲ့သလို ညီနောင်မဟာမိတ်တွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို မျိုးဆက်သစ်တွေက အမွေဆက်ခံ ဆက်လက်ထိန်းသိမ်းကြဖို့ပါ ပြောခဲ့ကြတဲ့အကြောင်း MNDAA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဟာ နှစ်ဦးနှစ်ဖက် ထိတွေ့ဆက်ဆံမှုတွေ ပိုတိုးလုပ်ဖို့ကိုလည်း ပြောခဲ့ကြပါတယ်။
ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ကိုးကန့်အဖွဲ့ MNDAA တာဝန်ရှိသူကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ကိုးကန့်အဖွဲ့ MNDAA နဲ့ ဝ အဖွဲ့ UWSA တို့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ဝ အဖွဲ့ UWSA ကတော့ “ဝ” ပြည်နယ်ပေါ်ထွက်လာရေးအတွက် စစ်ကောင်စီ နဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားကာ ဘယ်အစိုးရပဲတက်တက် သူတို့ရဲ့ ဆက်ဆံရေး နဲ့ ပြည်နယ်တောင်းဆိုမှုကို ဆက်လက် ဆုပ်ကိုင်သွားမယ့်အကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် NCA ချုပ်ဆိုမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် စိုင်းပြင်းနေပြီး ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတယ်လို့ဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။
ပုသိမ် - မုံရွာလမ်းပိုင်း ယာယီပိတ်ထားကြောင်း တော်လှန်ရေးအင်အားစုပြော
မုံရွာအမြင့်လမ်းပေါ်က စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အပိုင် ပုသိမ် - မုံရွာလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေတာကြောင့် အရေးပေါ် ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတဲ့အကြောင်း တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
"ပုလဲ က စစ်ကြောင်းပါ။ မနေ့တုန်းက ဆားလင်းကြီးမြို့နယ်ထဲ ပြန်ဝင်လာပြီး ဒီလမ်းပိုင်းကို စစ်ကြောင်းထိုးနေတာပါ" လို့ မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်တုန်းက ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ဝင်ရောက်ခဲ့ပြီး နောက်တနေ့မှာတော့ ရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၈ ရက်မှာတော့ ဆားလင်းကြီးမြို့နယ်ထဲကို ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ပုသိမ် - မုံရွာလမ်းဘေးမှာရှိတဲ့ ကျေးရွာ ၅ ရွာ ထက်မနည်းက ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေ ဆီက သိရပါတယ်။
လတ်တလော စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။
"အခုက ဒေသခံတွေလည်း သတိထားရသလို PDF တွေကလည်း စစ်ကောင်စီရဲ့ အလစ်အငိုက် ဝင်စီးတာ၊ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်တာကို သတိထားနေရတယ်။ သူတို့က ပြောက်ကျား ပုံစံ ပြန်သုံးလာတာပါ" လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့ မြေပြင်မှာလှုပ်ရှားနေကြတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။
မနေ့ စက်တင်ဘာ ၂၈ ရက်၊ ညနေပိုင်းတုန်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာ အမြင့်လမ်းပေါ် ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ခိုက်မှုတွေအကြောင်း တစုံတရာသတင်းထုတ်ပြန်လာတာမရှိပါဘူး။
ကိုယ်ကျိုးစီးပွားလုပ်တဲ့ ကောင်စီဝင်တွေကို အရေးယူမယ် လို့ စစ်ခေါင်းဆောင်ပြော
ယုံကြည်လို့ တာဝန်ပေးထားတဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားပြုလုပ်တာကြောင့် အဖွဲ့ဝင်အချို့ကိုအနားပေးထားပြီး ထိရောက်တဲ့အရေးယူမှုတွေ လုပ်သွားမယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
စစ်ကောင်စီဝင်တွေကို တာဝန်ပေးတဲ့အခါ အရင်က နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှု နဲ့ ဖြတ်သန်းမှုတွေကိုကြည့်ပြီး တပ်ပိုင်းဆိုင်ရာ အရာရှိကြီးတွေ နဲ့ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ယုံကြည်မှုနဲ့ တာဝန်ပေးအပ်ခဲ့တာ လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဂတိ နဲ့ တိုင်ကြားမှုတွေကြောင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ကို အနားပေးပြီးတဲ့နောက် ပထမဆုံးပြန်လုပ်တဲ့ မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စားသုံးဆီ နဲ့ စက်သုံးဆီ အပါအဝင် ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို ခွင့်ပြုတဲ့နေရာမှာ အဂတိလိုက်စားတယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ တပ်တွင်းစုံစမ်းစစ်ဆေးမှုကို ခံယူနေရသူ ဖြစ်ပါတယ်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကလည်း ပြည်ထဲရေးဝန်ကြီး လက်ထက်က မိသားစု စီးပွားရေးလုပ်ငန်းတွေကြောင့် တိုင်ကြားခံထားရသူ ဖြစ်ပါတယ်။
ဆီဈေးနှုန်းတွေအပါအဝင် ကုန်ဈေးနှုန်း ကို သတ်မှတ်ဈေးနှုန်းထက် အလွန်အကျွံမြှင့်တင် ရောင်းချနေသူတွေ နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ့် အခြေအနေတွေကို ကောင်စီတွဲဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က လည်း စက်တင်ဘာ ၂၈ ရက် က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်နှစ်ဦး နဲ့ လုပ်ငန်းရှင်တွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးက စစ်ဆေးမှုတွေပြုလုပ်နေတယ် လို့ လုပ်ငန်းရှင်တချို့က ဘီဘီစီကိုပြောပါတယ်။