မေလ ၂ ရက် ဘီဘီစီထိပ်တန်းရောက်သတင်းစုစည်းချက် - KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ၊ ယခင်ဥက္ကဋ္ဌ မူတူးစေးဖိုး အနားယူပြီ

KNU ဥက္ကဋ္ဌ  ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ ယခင်ဥက္ကဋ္ဌ မူတူးစေးဖိုး အနားယူပြီ
ရေးသားခဲ့သည်။

ဧပြီလနောက်ဆုံးပတ်မှာကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ညီလာခံကနေ KNU ရဲ့ ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်လိုက်ကြောင်း KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဘီဘီစီကိုအတည်ပြုပါတယ်။

ပဒိုစောကွယ်ထူးဝင်းဟာ KNU ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အခုအခါ သူဟာ KNU ရဲ့ဆယ်ဦးမြောက် ဥက္ကဋ္ဌ အဖြစ် အများသဘောတူ မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်ခံရတာလည်းဖြစ်ပါတယ်။

ယခင် ဥက္ကဋ္ဌ စောမူတူးဆေးဖိုးဟာမကြာသေးခင်ကပဲအသက် ၉၀ ပြည့်သွားသလို ကျန်းမာရေးအရ အရေးပေါ်ကုသမှုခံယူခဲ့ရတာတွေရှိခဲ့တဲ့နောက် အခု ညီလာခံကိုလည်း တက်ရောက်ခဲ့ပေမဲ့ ဥက္ကဋ္ဌအဖြစ်ဝင်ရောက်ရွေးချယ်မခံခဲ့ဘူးလို့ သိရပါတယ်။

"ညီလာခံကိုတော့တက်တယ်။ ဒါပေမဲ့ အရွေးမခံတော့ပါဘူး။ နားပါပြီ။ ပဒိုစောကွယ်ထူးဝင်းကတော့ ညောင်လေးပင်ခရိုင်ဥက္ကဋ္ဌ တပ်မဟာ ၃ က ပဒိုစောဆဲဂေနဲ့ မဲမကွာလို့ နှစ်ခါထပ်ရွေးရာမှာ ပဒိုစောကွယ်ထူးဝင်းက ၂ မဲအသာနဲ့အနိုင်ရသွားပါတယ်"လို့ ပဒိုစောတောနီးကပြောပါတယ်။

ဒီညီလာခံတစ်လျှောက် ညီလာခံကိုကျင်းပချိန်မှာ ခေတ္တရပ်နားခဲ့ရတာမျိုးရှိခဲ့တယ်လို့သတင်းတွေထွက်ခဲ့သလို တပ်မဟာ ၅ က ပါဝင်တက်ရောက်ခြင်းမရှိဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ KNU ကတော့လုံခြုံရေးအခြေအနေအရ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ကင်းထောက်ပျံသန်းတာတွေဟာနိုင်ငံတဝန်းမှာရှိနေပြီး KNU ညီလာခံကျင်းပရာ အနီးတဝိုက်မှာလည်း လေကြောင်းပျံသန်းတာတွေရှိပေမဲ့ ညီလာခံကို အောင်မြင်စွာဆက်လက်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၅ က ဒီညီလာခံကို ဆက်လက်ပါဝင်တက်ရောက်တာမျိုးမရှိတော့ဘူးလို့သတင်းတွေထွက်ပေါ်တာနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းရာမှာတော့ KNU ကပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘိတ်/ထားဝယ်ခရိုင်မှတဆင့် ဗဟိုအဆင့်သို့ ရောက်ရှိလာသူဖြစ်တယ်လို့ ကရင်အမျိုးသားမီဒီယာက ဖော်ပြထားပါတယ်။

KNU ရဲ့အစဥ်အဆက်ဥက္ကဋ္ဌ တွေအဖြစ် စောစံဖိုးသင် ၊ စောဘဦးကြီး ၊ စကောလယ်တော၊ စောဟံတာသာမွေး ၊ မန်းဘဇန် ၊ စောဘိုမြ ၊ စောဘသင်စိန် ၊ စောတာမလာဘော နဲ့ စောမူတူးစေးဖိုးတို့ဖြစ်ကြောင်း အဲဒီသတင်းမှာဖော်ပြထားပါတယ်။

ဧပြီလအတွင်း အမျိုးသမီး ၅၅ ယောက်သေဆုံးခဲ့တယ်လို့ အမျိုးသမီးသမဂ္ဂပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့တုန်းက အတာသပိတ်ပြုလုပ်ရင်း စစ်တပ်က ဖမ်းဆီးတာခံခဲ့ရတဲ့ ကလေးပင်မ သပိတ်အင်အားစုမှာ အမျိုးသမီး နှစ်ယောက်လည်းပါဝင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Social Media

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုနှစ် ဧပြီလတစ်လတာအတွင်း အမျိုးသမီး ၅၅ ယောက်သေဆုံးခဲ့သလို အဖမ်းဆီးခံရတဲ့အမျိုးသမီး ၄၃ ယောက်အထိရှိတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women's Union) က ဒီကနေ့ မေလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒါဟာ ဧပြီ ၁ ရက်ကနေ ၂၈ ရက်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးအသတ်ခံရသူတွေရဲ့ စာရင်းတွေကို စုစည်းထားတာဖြစ်ပြီး အဲ့ဒီထဲ ကန့်ဘလူ၊ ပဇီကြီးရွာမှာဖြစ်ခဲ့တဲ့ လေကြောင်းဖြစ်စဉ်အတွင်း အမျိုးသမီးသေဆုံးဦးရေ ၄၅ ယောက်အထိရှိခဲ့တာလို့ ဖော်ပြပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းနဲ့မင်းတပ်မှာ အမျိုးသမီး ၃ ယောက်နဲ့ ရွှေကူ၊ ယင်းမာပင် ၊ သပိတ်ကျင်း၊ နောင်ချို၊ ဖာပွန်မြို့တွေက တစ်ဦးစီ သေဆုံးခဲ့ကြတယ်လို့ BWU က ပြောပါတယ်။

တခါ ဖမ်းဆီးခံရသူစာရင်းတွေမှာလည်း ပဲခူးတိုင်းထဲက ဒိုက်ဦး၊ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်မြို့နယ်တွေမှာ အများဆုံးအနေနဲ့ ၉ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၈ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၃၃၉၀ အထိရှိနေပြီး သေဆုံးသူ ၅၁၃ ယောက် ရှိလာပြီလို့ BWU စာရင်းတွေအရ တွေ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုသတင်းအချက်အလက်တွေနဲ့ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဘုတလင်နဲ့ စစ်ကိုင်းမှာ တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းရွာမီးလောင်ပြီးနောက် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ မေလ ၂ ရက်နေ့လယ်ပိုင်းစစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အပိုင် ရေဦး - မုံရွာလမ်းမနဘေးမှာရှိတဲ့ သားရိုးကုန်းရွာအနီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

"အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကနေ ခြေလျင်တက်လာကြတာဗျ။ မနေ့က ဇီးတောရွာနားမှာ မိုင်းဆွဲခံရတယ်၊ ဒီနေ့က သားရိုးကုန်းရွာနားက စွမ်းရည်ထူးကိုယ်ပိုင်ကျောင်းနဲ့ denko ဆီဆိုင်ကြားမှာ နှစ်ဖက်တိုက်ပွဲလည်းဆက်ဖြစ်ခဲ့တယ်" လို့ မြေပြင်မှာရှိနေတဲ့ ဘုတလင်ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုညနေပိုင်းမှာတော့ ရေဦး - မုံရွာလမ်းကြောမှာ တိုက်ပွဲဆက်မရှိတော့ဘူးလို့ ဆိုပါတယ်။

တခါ စစ်ကိုင်းမြို့နယ်အပိုင် ရွာမရွာဘက်မှာတော့ ဧပြီ ၃၀ ရက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ရာကနေ ရွာမရွာထဲမှာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၊ မောင်းထောင်ရွာအနီးမှာ စစ်ကိုင်းခရိုင်တပ်ရင်း ၈ က ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်အခြေအနသိရှိသူတွေဆီက သိရပါတယ်။

"အလောင်းတွေကိုက မေလ ၁ ရက်နေ့မှာတွေ့တာဗျ။ ရွာမရွာက ကာကွယ်ရေးအဖွဲ့ဝင်ကတော့ ရွာထဲမှာပဲ အသတ်ခံခဲ့ရတာ။ ရွာမရွာကထွက်တော့ မောင်းထောင်ရွာနားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြသေးတယ်၊ အဲ့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးအဖမ်းခံရပြီး ထပ်အသတ်ခံလိုက်ရတာ" လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ၁ ရက်နေ့မှာပဲ တအိမ်တည်းကျေးရွာက နေအိမ်အလုံး ၂၀ လည်း မီးရှို့ခံခဲ့ရသလို ထိန်ကုန်းရွာက ဒေသခံတစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ပြောကြပါတယ်။ အဲ့ဒီစစ်ကိုင်းမြို့နယ်ထဲက စစ်ကြောင်းကတော့ ဒီကနေ့ မေလ ၂ ရက်နေ့မှာ မြင်းမူမြိုန့ယ်၊ ထီးဆောင်းရွာဘက် ဝင်ရောက်သွားပြီလို့ သိရပါတယ်။

အခုလို စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေနဲ့ နှစ်ဖက်သေဆုံးမှုတွေအကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကရော စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကပါ ဒီကနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

ပဲခူး၊ ရေကြည်ချောင်းတံတား ဖောက်ခွဲခံရ

ပဲခူး၊ ရေကြည်ချောင်းတံတား ဖောက်ခွဲခံရ

ဓာတ်ပုံ ရင်းမြစ်, ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်၊ ညသန်းခေါင်အချိန်မှာ ပဲခူးတိုင်း၊ ညောင်လေးပင် - မဒေါက်လမ်းပေါ်မှာရှိတဲ့ ရေကြည်ချောင်းတံတားကို ဖောက်ခွဲခဲ့တယ်လို့ ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မေလ ၂ ရက်အထိ တံတားကို ပြန်အသုံးပြုလို့မရသေးဘဲ ကျေးရွာအတွင်းလမ်းတွေကနေသာ သွားလာနေရတယ်လို့ အဝေးပြေးယာဉ်မောင်းသူတွေဆီက သိရပါတယ်။

"ရေကြည်ချောင်းတံတားက ကျိုးနေလို့ သွားမရတော့ ကားကြီးတွေကို တံတားထိပ်မှာရပ်တယ်။ တဖက်ကနေ ကားလေးတွေက လာကြိုပြီးတော့ ရွာလမ်းတွေကတဆင့်မှ ဆက်သွားနေရတယ်" လို့ ‌ရန်ကုန် - ရွှေကျင်ယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတံတားဟာ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာစခန်းအတွက် အဓိက ဆက်သွယ်ရေးဖြစ်တာကြောင့် ဗျူဟာအရ ဖြတ်တောက်ရတာလို့ ‌ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရေကြည်ချောင်းတံတားကို လက်ရှိအချိန်အထိ ဖြတ်သန်းလို့မရသေးကြောင်းနဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့တွေက လမ်းပန်း‌ဆက်သွယ်ရေးမပြတ်အောင်လုပ်ပေးနေတယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်ဖြစ်သူ ဆက်တိုက်များလာ

ကိုဗစ်ဖြစ်သူ ဆက်တိုက်များလာ

ဓာတ်ပုံ ရင်းမြစ်, AFP

သင်္ကြန်ပြီးနောက်ပိုင်း ပြည်တွင်းမှာ ကိုဗစ်ကူးစက်ခံရသူ တဖြည်းဖြည်းမြင့်တက်လာရာကနေ အခုရက်ပိုင်းထဲ တစ်ရက်ကို လူအယောက် တစ်ရာကျော်ကူးစက်လာတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ‌ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

မနေ့ မေလ ၁ ရက်နေ့မှာဆိုရင် ကိုဗစ်တွေ့ရှိသူ ၁၀၃ ယောက်ရှိပြီး၊ ဧပြီ ၃၀ ရက်မှာ ၇၁ ယောက်နဲ့ ဧပြီ ၂၉ ရက်မှာ အယောက် ၁၃၀ အထိ ကိုဗစ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကိုဗစ်ကြောင့် တစ်ရက်မှာ တစ်ဦးစီ သေဆုံးခဲ့တာကိုလည်း တွေ့ရပါတယ်။

"အခုရက်ပိုင်း ကိုဗစ်လူနာကူညီပေးရတာပြန်ရှိလာတယ်။ ရန်ကုန်မှာက ကိုဗစ်စင်တာထက် Home Quarantine (အိမ်မှာသီးသန့်နေထိုင်) တဲ့ပုံစံများပါတယ်။ ‌အောက်ဆီဂျင်ကူးပေးရတာလည်း တစ်ယောက်စနှစ်ယောက်စရှိတယ်၊ ကျွန်တော်တို့တော့ သေဆုံးလူနာကူရတာမရှိပါဘူး" လို့ ရန်ကုန်လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အစပိုင်းမှာ တရက်ကို ကိုဗစ်ပိုးတွေ့သူ ပျှမ်းမျှ ၄ ယောက်ဝန်းကျင်ရှိသလို တချို့ရက်တွေမှာ ကိုဗစ်ဖြစ်သူမရှိခဲ့ရာကနေ ဧပြီ ၁၄ ရက်ကစလို့ တစ်ရက်ကို ကိုဗစ်လူနာ ဆယ်နဲ့ချီ ပြန်လည်တွေ့ရှိလာရတာလည်းဖြစ်ပါတယ်။

ကမ္ဘာမှာသာမက အိမ်နီးချင်းနိုင်ငံတချို့မှာပါ ကူးစက်မြန်ဆန်တဲ့ အိုမီခရွန်ကိုဗစ်မျိုးကွဲသစ် XBB.1.16 ကို တွေ့ရှိနေပြီး ပြည်တွင်းမှာတော့ ဒီပိုးသစ်ကူးစက်မှုရှိ၊ မရှိကို ကျန်းမာရေးဝန်ကြီးဌာနဘက်က တရားဝင်သတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ခင်ဦးအရှေ့ဘက်ခြမ်းမှာ ရေရှားပါး

ခင်ဦး‌ဒေသတွင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ နွေရာသီအပူချိန်မြင့်ပြီး ရေရှားပါးမှုကြုံနေရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခင်ဦးဒေသအချို့မှာ ကျွဲ၊ နွားစတဲ့ တိရစ္ဆာန်တွေပါ အစာရေစာရှားပါးပြတ်လပ်ပြီး သေဆုံးတာတွေလည်း ကြုံနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

"ကန်ရေမရှိတော့ရင် ရေတွင်းတွေကို အားကိုးရတယ်။ ရေတွင်းတွေကနေ ရေတင်ဖို့ကလည်း ဆီလိုတယ်၊ ပိုက်ဆံလိုတယ်။ အခုတော့ တတ်နိုင်သလောက် အဆင်ပြေအောင်လုပ်နေကြရတယ်။ ပြီးခဲ့တဲ့ရက်ကမှ မီးရှို့ခံခဲ့ရတဲ့ မြို့သစ်ရွာမှာဆိုလည်း ရေတွင်းတွေကိုပါ မီးရှို့ခံခဲ့ရတော့ အိမ်ဆုံးရှုံးတာအပြင် ဒါပါကြုံနေရတယ်" လို့ ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

ဒါဟာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးလာရင် ကျေးရွာတွေက လျှပ်စစ်ထရမ်စဖော်မာတွေ၊ ရေဘုံဘိုင်တွေကိုလည်း အမျိုးမျိုးဖျက်ဆီးခဲ့တာကြောင့် မီး‌ဘေးသင့်ပြည်သူတွေမှာ ရေအခက်အခဲပါ ကြုံနေရတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီက ဖျက်ဆီးသွားတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ဒီကနေ့ မေလ ၂ ရက်နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။

ရုံးတက်ချိန် ရန်ကုန်မှာကားတွေပိတ်

ရုံးတက်ချိန် ရန်ကုန်မှာကားတွေပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ မေလ ၂ ရက်နေ့ ရုံးတက်ချိန်ဖြစ်တဲ့ မနက် ၈ နာရီကနေ အခု ၁၀ နာရီဝန်းကျင်အထိ ရန်ကုန်မြို့ထဲသာမက ဗဟိုလမ်း၊ အင်းစိန်လမ်း၊ ပြည်လမ်း၊ အင်းယားလမ်း၊ ‌ရွှေဂုံတိုင်လမ်းစတဲ့ လမ်းမကြီးတွေတကြောမှာ ကားတွေပိတ်ဆို့ပြီးသွားလာရ ခက်ခဲနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"မနက် ၈ နာရီ သမ္မတရုပ်ရှင်ရုံရှေ့ ဆူးလေကနေ စစီးလာတာ၊ ပြည်လမ်းပေါ်က စိုက်ပျိုးရေးမှတ်တိုင်ကို ၉နာရီခွဲခါနီးမှရောက်တယ်။ ပုံမှန်ပြည်လမ်းအတိုင်းသွားရမှာကို ဘတ်စ်ကားက အောက်ကြည့်မြင်တိုင်ဘက်ကနေ ဗဟိုလမ်းတကြောမှာပဲ အကုန်သွားနေရတော့ ကားတွေ ပိတ်ကုန်တာ" လို့ ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

ရွှေတိဂုံစေတီတော်မှာ သံဃာတော်အပါး တစ်သောင်းကျော်နဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနဲ့ ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ဒီကနေ့ မေလ ၂ ရက်နေ့မှာ စစ်ကောင်စီက ဦးစီးကျင်းပနေတာကြောင့် လမ်းမကြီးတချို့ကို ဖြတ်သန်းသွားလာခွင့်မပြုတဲ့ အကြောင်း သတင်းစာတွေထဲမှာ ထည့်ကြေညာထားပါတယ်။

အခမ်းအနားစတင်တဲ့ မနက် ၄ နာရီကနေ ပြီးဆုံးမယ့်အချိန်အထိ ပြည်လမ်းကို ဟံသာဝတီအဝိုင်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ၊ ဦးဝိစာရလမ်းကို ဟံသာဝတီအဝိုင်းကနေ ‌ရွှေတိဂုံဘုရားလမ်းအထိ၊ ရွှေတိဂုံဘုရားလမ်းကို ဦးထောင်ဘိုလမ်းကနေ ဦးဝိစာရလမ်းထိပ်အထိ၊ အလုံလမ်းကို ဗဟိုလမ်းကနေ ရွှေတိဂုံဘုရားလမ်းအထိ၊ မြို့မကျောင်းလမ်းကို အလုံလမ်းကနေ မင်းရဲကျော်စွာလမ်းအထိ ခေတ္တပိတ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါကြောင့် ‌ပိတ်ဆို့ထားတဲ့လမ်းတွေ‌အစား ပြောင်းလဲမောင်းနှင်ပေးဖို့ဆိုပြီး စစ်ကောင်စီက ကြေညာထားပါတယ်။