မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတက်မယ့် ရုရှားနဲ့တရုတ်

ရေးသားခဲ့သည်။

ဇူလိုင် ၂၇ ရက်နေ့မှာ ကျရောက်မယ့် ကိုရီးယားစစ်ပွဲအဆုံးသတ်မှု နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားကို မြောက်ကိုရီးယား မြို့တော်ပြုံယမ်းမှာ ကျင်းပဖို့ ရှိပါတယ်။

အဲဒီအခမ်းအနားကို တက်ဖို့ ရုရှားကာကွယ်ရေး ၀န်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို ရောက်လာပြီး ဒီနေ့ ဗုဒ္ဓဟူးညနေပိုင်းလောက်မှာ တရုတ်က ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဖို့ ရှိပါတယ်။

ဒါဟာ ကိုဗစ်ဖြစ်ပွားမှုတွေကြောင့် နယ်စပ်တွေ အားလုံးပိတ်ထားခဲ့တဲ့ မြောက်ကိုရီးယားကို ရုရှားနဲ့တရုတ်တို့က အဆင့်မြင့် အရာရှိတွေ ကပ်ဘေးကာလနောက်ပိုင်း ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။

ဒီလို လာရောက်မှုကြောင့် ၂၀၂၀ အစောပိုင်း ကတည်းက ကုန်သွယ်ရေး ၊ သံခင်းတမန်ခင်း စတဲ့ ဆက်ဆံရေး အားလုံးကို စီးပွားရေး နဲ့ နိုင်ငံရေး အဓိက မိတ်ဖက်တွေဖြစ်တဲ့ တရုတ် ၊ ရုရှားတို့နဲ့ သာမက နိုင်ငံတကာနဲ့ပါ အဆက်ဖြတ်ထားတဲ့ မြောက်ကိုရီးယားရဲ့ နယ်စပ်ဆိုင်ရာ မူ၀ါဒ ပြောင်းလဲသွားပြီလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီလို ဖြတ်တောက်ထားခဲ့တဲ့ အချိန်တုန်းကဆိုရင် မြောက်ကိုရီးယားဟာ ရိက္ခာနဲ့ ဆေး၀ါးလို မဖြစ်မနေ သုံးစွဲရတဲ့ အခြေခံ ကုန်ပစ္စည်း တင်သွင်းမှုတွေကိုတောင် ရပ်တန့်ထားခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း နျူကလီးယားလက်နက် အစီအစဥ်တွေ ပြုလုပ်နေတဲ့ မြောက်ကိုရီးယား ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ နယ်စပ်ပိတ်ထားမှုတွေကြောင့် နဂိုမူလ ကြုံနေရတဲ့ စားနပ်ရိက္ခာပြတ်လပ်မှုကို ပိုတိုး ရင်ဆိုင်နေရတာပါ။

အခုလို နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားမှာ တရုတ်နဲ့ ရုရှားက သံတမန်တွေကို ဖိတ်ကြား တက်ရောက်စေတာဟာ မြောက်ကိုရီးယား အနေနဲ့ ကိုဗစ်ကြောင့် ပိတ်ဆို့ထားမှုတွေကို ဖြေလျှော့ပေးလိုက်ပြီ ဆိုတာ အချက်ပြလိုက်တာပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့ကတော့ ပြောပါတယ်။

မြောက်ကိုရီးယားပြည်သူတွေ နှာခေါင်းစည်း မပါဘဲ သွားလာနေတဲ့ပုံတွေ အစိုးရပိုင် မီဒီယာမှာ ဖော်ပြခဲ့ပြီး သီတင်းပတ် အတော်ကြာမှာ အခုလို သုံးသပ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်ကိုယ်စားလှယ်တွေ ဘယ်လို ကြိုဆိုလဲ

မနေ့ ဇူလိုင် ၂၅ရက် ညနေက ပြုံယမ်းကို ရောက်လာတဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယားက ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။

ရုရှားကာကွယ်ရေး၀န်ကြီး က ဂုဏ်ပြုခံတပ်ဖွဲ့ရဲ့ အလေးပြုမှုကို ခံယူပြီးတဲ့ အခါ “ရဲဘော်ရဲဘက်ကြီး ရုရှားကာကွယ်ရေး ဆာဂေးရွှေဂူးကို ကြိုဆိုပါတယ်”လို့ ကိုရီးယား ၊ ရုရှား ၂ ဘာသာနဲ့ ရေးထိုးထားတဲ့ အနီရောင်စာတန်းကို ကိုင်ဆောင် ကြိုဆိုခဲ့ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုမူ၀ါဒရေးရာကော်မတီ၀င် လီဟောင်ကျန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားကို ရောက်လာလိမ့်မယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ပြောခွင့်ရသူက ဆိုပါတယ်။

ရုရှား ၊ တရုတ် မြောက်ကိုရီးယား ဆက်ဆံရေး

တကယ်တော့ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ မြောက်ကိုရီးယား ရဲ့ အရင်ကတည်းက မိတ်ဆွေတွေ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ပွဲ အတွင်း မြောက်ကိုရီးယားကို တရုတ်က ၁၉၅၀ ဆောင်းဦးကာလမှာ တပ်သားတွေ စေလွှတ်ခဲ့သလို အဲဒီအခါက ဆိုဗီယက်ပြည်ထောင်စုလို့ ခေါ်တဲ့ လက်ရှိ ရုရှားကလဲ ကိုရီးယားကျွန်းဆွယ် အရေးမှာ မြောက်ကိုရီးယားဘက်က ထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၁မှာ ဆိုဗီယက် ယူနီယံ ပြိုကွဲသွားပြီးနောက်မှာ ရုရှားဟာ အမေရိကန်ကို မုန်းတဲ့ သူတို့နဲ့ ဘက်တူ မြောက်ကိုရီးယားနဲ့ မိတ်ဖက် ဖြစ်ခဲ့တာပါ။

အခုအခါ ယူကရိန်းကို ကျူးကျော်တဲ့စစ်ကြောင့် ရုရှားနဲ့ အမေရိကန် တင်းမာမှု တိုးလာနေချိန်မှာ မြောက်ကိုရီးယားကို ရုရှားကာကွယ်ရေး၀န်ကြီး ရောက်လာမှုဟာ နိုင်ငံရေးပထ၀ီ အနေအထား ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အလားတူ ထိုင်၀မ်ကျွန်း အရေးကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး မှေးမှိန်လာချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယား ကိုထွက်ပြေးသွားတဲ့ ကန်စစ်သား ကံကြမ္မာ

လက်ရှိတော့ အမေရိကန် စစ်သား ထရဲဗစ် ကင်းန် မြောက်ကိုရီးယားဘက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပြေးသွားခဲ့ပြီးနောက် အမေရိကန်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ကြိုးစားနေရှိပါတယ်။

အမေရိကန် တပ်သားဟာ တောင်ကိုရီးယားမှာ အမှုထမ်းစဥ် စည်းကမ်းချိုးဖောက်မှုတွေကြောင့် သူ့ကို အမေရိကန် ပြန်ပို့ဖို့ စီစဥ်နေတုန်း တောင်မြောက် နှစ်နိုင်ငံ စစ်မဲ့ဇုန် လေ့လာရေးခရီးစဥ် အတွင်း မြောက်ကိုရီးယား ဘက်ကို ထွက်ပြေးသွားခဲ့တာပါ။

တောင်ကိုရီးယား အခြေစိုက် ကုလတပ်ဖွဲ့ အကြီးအကဲကတော့ အမေရိကန် တပ်သား ထရဲဗစ် ကင်းန် ကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးနေပြီလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားခဲ့ပါဘူး။