သြဂုတ်လ ၁၁ ရက်ထိပ်တန်းသတင်းများ - စက်သုံးဆီ တစ်လီတာ တစ်ရာကျော်ခုန်တက်

ဓာတ်ပုံ ရင်းမြစ်, AFP
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းစျေးနှုန်းအရ စက်သုံးဆီစျေးနှုန်းဟာ တစ်ရက်အတွင်းမှာပဲ တစ်လီတာကို တစ်ရာကျော် ခုန်တက်သွားပါတယ်။
နိုင်ငံအတွင်းလူသုံးအများဆုံးဖြစ်တဲ့ နိုင်တီတူး - 92 အောက်တိန်း တစ်လီတာကို မနေ့က ၂၁၉၅ ကျပ် ရှိနေရာကနေ ဒီကနေ့မှာတော့ ၂၃၁၀ ကျပ်အထိ မြင့်တက်သွားပါတယ်။
နိုင်တီဖိုက် - 95 အောက်တိန်းစျေးကတော့ တစ်လီတာကို မနေ့က ၂၃၁၀ ကျပ် ရှိနေရာကနေ ဒီကနေ့မှာတော့ ၂၄၂၀ ကျပ်အထိ မြင့်တက်သွားတာ ဖြစ်ပါတယ်။
ဒါက ရန်ကုန် နဲ့ မန္တလေးအတွက် လက်လီစျေးသာဖြစ်ပြီး နယ်တွေမှာ အမြင့်ဆုံးရည်ညွှန်းစျေးက ကျပ် ၃၁၀၀ ကျော်အထိ ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက နိုင်တီတူး - 92 အောက်တိန်း တစ်လီတာကို ကျပ် ၂၂၀၀ မကျော်ခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း ဓါတ်ဆီစျေးက တစ်လီတာကို ကျပ် ၂၃၀၀ ကျော် ဖြစ်ခဲ့ဖူးပြီး စျေးနှုန်းအတက်အကျရှိနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းက တလိုင်းရွာ လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး
လသားကလေး နဲ့ မိခင် ဖြစ်သူ သေဆုံး
စစ်ကိုင်းနဲ့ ဝက်လက်အစပ်မှာရှိတဲ့တလိုင်းရွာကို ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၈ လသားအရွယ် ကလေးငယ် နဲ့ အသက် ၂၃ နှစ်အရွယ်မိခင် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီဖြစ်စဉ်အတွင်း အဲဒီသားအမိအပြင် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး လည်း သေဆုံးခဲ့ပါတယ်။
ရဟန်းတစ်ပါးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအထိရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"မနေ့ညသန်းခေါင်မှာ ဝက်လက်ရဲ့ စဉ့်ကိုင်မြောက်ရွာကို စစ်ကြောင်းထိုးလာအထိုင်ချတာ။ အဲ့ရွာက တလိုင်းနဲ့ကမဝေးဘူးလေ။ ဒါနဲ့ ဒေသခံတွေက ရွာ့အနောက်ဘက်ကအနေ ထွက်အပြေးလေကြောင်းက ဗုံးတစ်လုံးလာချတာ" လို့ စစ်ကိုင်းရွာသားတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် စစ်ကိုင်းမြို့၊ ပဒူရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေက မြို့နှစ်ခုအစပ်က ကျေးရွာတောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ ပြောကြပါတယ်။
ဒီကနေ့နေ့လယ် ၁ နာရီဝန်းကျင်မှာတော့ ဝက်လက်မြို့အပိုင် ပယ်သကြီးရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်တာကြောင့် ရွာနားက စစ်ရှောင်စခန်းပေါ် ကျရောက်ပြီး စစ်ရှောင်ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ကနဦးသိရပါတယ်။
ဒီရက်ပိုင်းအတွင်း ဝက်လက်နဲ့ စစ်ကိုင်းမြို့အစပ်မှာ တိုက်ပွဲဖြစ်ပွားတာရှိ၊ မရှိနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း အခုလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။
နိုင်ငံခြားသုံးငွေ ကြီးကြပ်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေး

ဓာတ်ပုံ ရင်းမြစ်, MRTV
နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်ကပိတ်ဆို့ပြီးတဲ့နောက် အကျပ်တွေ့နေတဲ့အခြေအနေမှာ စစ်ကောင်စီက နိုင်ငံခြားသုံးငွေကို ကြီးကြပ်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တာဝန်ပေးလိုက်ပြီး အဲဒီကော်မတီထဲ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကိုပါ ထပ်ဖြည့်လိုက်ပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စီးပွားရေးနဲ့ဆိုင်တဲ့ ဝန်ကြီးတွေပါ ပါဝင်တဲ့ ခြောက်ဦးကော်မတီ ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ဥက္ကဋ္ဌ အဖြစ်ဦးဆောင်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေထံ က သိရပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီလို့ အမည်ပေးထားတဲ့ ဒီကော်မတီက မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းကြီးတွေကနေ အခြေခံစားသောက်ကုန် နဲ့ ဇိမ်ခံပစ္စည်းတင်သွင်းမှုတွေအထိ နိုင်ငံခြားငွေကို စိစစ်ခွင့်ပြုဖို့ အခွင့်အာဏာပေးထားတာ ဖြစ်ပါတယ်။
ဒီကော်မတီမှာ မကြာသေးခင်ကမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အကြံပေးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို လည်း ထည့်ထားတယ် လို့ သိရပါတယ်။
‘’စာရင်းစစ်ချုပ်အစား (ဒုတိယ)ဗိုလ်ချုပ်ကြီး ညိုစော ကိုထည့်လိုက်တာ’’ လို့ စစ်ကောင်စီရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထဲကို ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီမံဘဏ္ဍာဝန်ကြီးဦးဝင်းရှိန်၊ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး နဲ့ ရင်းနှီးမြှပ်နှံမှု နဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် တို့ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ဇွန်လမှာ ပိတ်ဆို့အရေးယူပြီးတဲ့နောက်မှာ နိုင်ငံခြားငွေ နဲ့ ပတ်သက်လို့ စစ်ကောင်စီသာမကဘဲ လုပ်ငန်းရှင်တွေ ပါ အကျပ်အတည်းတွေ့နေရတာ ဖြစ်ပါတယ်။
ပဲခူးရေဘေးရှောင်ဦးရေ တစ်သောင်းကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, သုခဒါယီလူမှုကူညီရေးအသင်း
ပဲခူးမြို့မှာ ရေကြီးတာကြောင့် ရေဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁၂၀၀၀ ကျော်လာပြီလို့ ကူညီကယ်ဆယ်သူတွေဆီက သိရပါတယ်။
အထူးသဖြင့် ပဲခူးမြို့ အရှေ့ဘက်နဲ့ အနောက်က မြို့ပေါ်ရော ကျေးရွာဒေသခံတွေပါ ရေဘေးရှောင်နေကြရတာလို့ ပြောပါတယ်။ဩဂုတ်လ ၈ ရက် ကစလို့ တိမ်းရှောင်ကြရတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၁၁ ရက်မှာတော့ ရေဘေးရှောင်စခန်း ၂၀ ကျော်လာပြီလို့ ဆိုပါတယ်။
ပဲခူးမြို့ အရှေ့ဘက်ရပ်ကွက်တွေဖြစ်တဲ့ ရွာသစ်၊ ကျောက်ကြီးစု၊ အနောက်ဘက်ရပ်ကွက်တွေက ဇိုင်း၊ ကျွန်းသာယာ၊ ရွှေနံ့သာ၊ ကလျာနီ ဒီရပ်ကွက်ကြီးတွေ ရေမြုပ်ပြီး ရွာတွေဘက်မှာလည်း ကလိ၊ အဝိုင်း စတဲ့ ၅ ရွာလောက် မြုပ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
‘’ပဲခူးမြစ်ရေကျော်လို့ တချို့နေရာတွေ လူတစ်ရပ် မြုပ်တဲ့အထိ ရေတက်နေတယ်’’ လို့ သူက ပြောပါတယ်။
ဒီကနေ့ မနက်မှာတော့ ရေထပ်တိုးလာတာမရှိသလို ရေပြန်ကျသွားတာမရှိဘဲ တန့်နေတဲ့အခြေအနေလို့ ဒေသခံတွေထံက သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့တုန်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်ကျော်လွန်ခဲ့ပြီး ဒီကနေ့မှာတော့ ပဲခူးမြို့မှာ မြစ်ရေ ၁ ပေခန့်ကျဆင်းနိုင်တယ်လို့ ပြောထားပါတယ်။
လာမယ့် ဩဂုတ်လ ဒုတိယအပတ်အတွက် မိုးရွာသွန်းမှုခန့်မှန်းချက်မှာတော့ ပဲခူးတိုင်းအပါအဝင် ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ကရင်နဲ့ မွန် တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်တယ်လို့ မိုးဇလက ဒီကနေ့မနက်မှာ ထုတ်ပြန်ပါတယ်။နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရှမ်းနဲ့ ကယား တို့မှာတော့ ရွာသွန်းမြဲ မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အသစ်ခန့်

ဓာတ်ပုံ ရင်းမြစ်, cincds
တပ်အရာရှိ ဒါဇင်ကျော် အပြောင်းအရွှေ့ထပ်ဖြစ်
စစ်တပ်မှာ အရေးပါတဲ့ ရာထူးတစ်ခုဖြစ်တဲ့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်လင်း ခန့်အပ်ခံရပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကနေ တိုးမြှင့်ခန့်ထားလိုက်တာ လို့ စစ်ရုံးကလာတဲ့ သတင်းတွေအရ သိရပါတယ်။
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရာထူးကို ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုတော့ အသစ်တစ်ယောက် ထပ်ခန့်လိုက်တာပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကို ခန့်အပ်ခဲ့ပေမဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြောင်းရွှေ့လိုက်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဘီဘီစီက ရရှိထားတဲ့ စာရင်းအရ လစ်လပ်သွားတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာ အပါအဝင် ဗိုလ်မှူးချုပ် ၁၀ ယောက်အထိ အပြောင်းအရွှေ့ လုပ်ခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ်က ဗိုလ်မှူးချုပ် ကြည်သိုက် ဖြစ်လာပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တွေရှိတဲ့ လောက်ကိုင်၊ ကလေး၊ တနိုင်း နဲ့ ပြည် တို့မှာ ဒကစမှူးတွေ အပြောင်းအလဲ ဖြစ်ခဲ့တယ် လို့ စစ်ရုံးက ဘီဘီစီ သတင်းအမြစ်တချို့က အတည်ပြုပါတယ်။
ဒါ့အပြင် တပ်အဆင့်အရာရှိတွေ စစ်မြေပြင်ကွပ်ကဲမှု သင်တန်းတွေပေးနေတဲ့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ရာထူးအပြင်၊ တိုက်ခိုက်ရေးကျောင်းအုပ် တချို့လည်း အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစလို့ စစ်ကောင်စီက အရပ်ဖက်မှာရော စစ်ဖက်မှာပါ အပြောင်းအရွှေ့တွေ လုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာလည်း လစ်လပ်နေပြီး ဘယ်သူရောက်လာမလဲဆိုတာ မသိရသေးပါဘူး။
အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သွား လို့ အဲဒီနေရာက လစ်လပ်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲမှာ တပ်မတော်အရန်အင်အားထဲက ဗိုလ်ချုပ်တွေ အပါအဝင် အရာရှိ ၆၁ ဦး အထိ တပ်က အနားပေးခဲ့ပါသေးတယ်။








