မေ ၁၂ ရက်ထိပ်တန်းသတင်းများ-မိုခါမုန်တိုင်း နောက် ၆ နာရီအတွင်းအားအလွန်ကောင်းတဲ့ မုန်တိုင်းဖြစ်လာနိုင်
ဆင်းကတ်တွေ မေလ ၂၇ ရက် နောက်ဆုံးထားမှတ်ပုံတင်ဖို့ ဆက်သွယ်ရေးထုတ်ပြန်

ပုဂ္ဂိုလ်ရေးအချက်အလက်တွေ လိုတာထက် ပိုတောင်းနေလို့ ဝေဖန်မှုတွေရှိ
ဖုန်းဆင်းကတ်တွေမှတ်ပုံတင်တဲ့အခါ ဖြည့်ခဲ့တဲ့အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက National Database နဲ့ တိုက်ဆိုင်စစ်ဆေးနေပြီး အချက်အလက်မမှန်တဲ့သူတွေဆီ အသိပေးစာပို့မယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
လက်ရှိအချိန်မှာလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သုံးစွဲသူတွေဆီ အသိပေးစာတွေပို့နေပြီး မေလ ၂၇ ရက် နောက်ဆုံးထားမှတ်ပုံတင်ဖို့ တိုက်တွန်းထားပါတယ်။
ဆင်းကတ်တွေကိုမှတ်ပုံတင်ခိုင်းတဲ့အခါ မှတ်ပုံတင်အမှတ်နဲ့ မိသားစုအချက်အလက်တွေသာမက လူမှုကွန်ရက်အကောင့်တွေ၊ အီးမေးလိပ်စာနဲ့ ဝင်ငွေ ပါ ဖြည့်သွင်းခိုင်းနေလို့ ကိုယ်ရေးအချက်အလက်တွေကို လိုအပ်တာထက် ပိုတောင်းနေတယ်ဆိုပြီး သုံးစွဲသူတွေက ဝေဖန်နေကြပါတယ်။
မြန်မာ့ဆက်သွယ်ရေးကတော့ ဒီအချက်အလက်တွေကို မသက်ဆိုင်သူတွေကိုမပေးဘူးလို့ ဆိုပါတယ်။
အသိပေးစာရလို့ တစ်လအတွင်း မှတ်ပုံတင်အချက်အလက်အမှန်မပြင်ရင် ဖုန်းအထွက်ခေါ်ဆိုမှု၊ မက်ဆေ့ချ် စာတိုပေးပို့မှုနဲ့ ဒေတာ အသုံးပြုမှုကို ရပ်ဆိုင်းသွားမယ်လို့ ဆက်သွယ်ရေးက ထုတ်ပြန်ပါတယ်။
အဲဒီလိုရပ်ဆိုင်းထားတဲ့ ရက် ၉၀ အတွင်း မှတ်ပုံတင်အချက်အလက် အမှန်ထပ်မပြင်ရင် ဖုန်းဆင်းကတ်ကို အပြီးပိတ်သိမ်းသွားမယ်လို့ ဆက်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာလည်း မှတ်ပုံပြန်တင်ခိုင်းချိန်မှာကို ဆင်းကတ်ပိတ်သိမ်းမှုတချို့ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မိုခါကြောင့် တခြားဒေသတွေ ဘယ်လိုသက်ရောက်မလဲ

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း မိုခါ ကနေ ပြတ်ထွက်လာမယ့် တိမ်တိုက်တွေကြောင့် တစ်ပြည်လုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေပြီး အဲဒီကနေ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို မေလ ၁၂ ရက် မွန်းလွဲ ၂ နာရီမှာ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေး နဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ကို လုံးဝမထွက်ဖို့နဲ့ ပြည်သူလူထုအနေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အချိန် နှင့် တပြေးညီထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုတွေဆောင်ရွက်သွားဖို့ သတိပေးထားပါတယ်။
မိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလ က အကြံပြုထားပါတယ်။
မိုခါ ရဲ့ အရှိန်ကြောင့် ဒီနေ့ကနေ နောက် သုံးရက်အတွင်း တိုင်းနဲ့ပြည်နယ် နေရာအနှံ့အပြား မှာ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မွန်းလွဲပိုင်းကနေ မေလ ၁၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများကျရောက်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် ၉၀ မှ မိုင် ၁၁၀ ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။
မိုခါ ရဲ့ အရှိန်ကြောင့် နောက်(၂၄)နာရီအတွင်း မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီ မိုင် ၄၀ ကနေ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်မယ်လို့ မိုးဇလ က ခန့်မှန်းပါတယ်။
မေ ၁၃ ရက်ကနေ မေ ၁၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီ မိုင် ၁၀၀ ကနေ မိုင် ၁၁၀ ခန့်အထိရှိပြီး သက်ရောက်မှုအများဆုံးခံရမှာ ဖြစ်ပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း နဲ့ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကနေ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
မိုခါမုန်တိုင်း တစ်နာရီ မိုင် ၁၁၀ အထိတိုက်မယ်လို့ စစ်ကောင်စီထုတ်ပြန်
သင်္ဘောနဲ့ ငါးဖမ်းလှေတွေ လုံးဝမထွက်ဖို့ သတိပေး
ဒီကနေ့မနက် ၉ နာရီ ခွဲအချိန်တိုင်းထွာချက်တွေအရ မိုခါဟာ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်နေပြီး တစ်နာရီလေတိုက်နှုန်း ၁၁၀ အထိ ရောက်နိုင်လို့ ပင်လယ်ပြင်ကို သင်္ဘောနဲ့ငါးဖမ်းလှေတွေ လုံးဝမထွက်ဖို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
လှိုင်းအမြင့်ပေဟာ ၁၃ ပေ ကနေ ၁၆ ပေ အထိရှိနိုင်လို့ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်ကို သင်္ဘောနဲ့ငါးဖမ်းလှေတွေ လုံးဝမထွက်ဖို့ သတိပေးထားတာပါ။
ဒီကနေ့မနက် တိုင်းထွာချက်တွေအရ မိုခါ ဟာ မြောက်လတ္တီကျု (၁၃.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၇၅)မိုင်မှ (၈၅)မိုင်နှုန်းခန့် ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုကိုးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင် (၄၀၀)မိုင်ခန့်၊ စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ် လို့ မိုးဇလ ကထုတ်ပြန်ပါတယ်။
နန်းမားမြို့အနီး စစ်ကောင်စီတပ်တွေနဲ့ KIA/PDF တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေသခံတချို့ ရွာထဲပိတ်မိနေတာတွေရှိ
ကချင်ပြည်နယ်၊ နန်းမားမြို့ က နန့်ဆလှော်ရွာ နဲ့ တောင်အင်းရွာတွေဘက်မှာ မေလ ၁၂ ရက်နေ့ မနက် ၆ နာရီလောက်က စပြီး လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA/PDF တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲကြောင့် တောင်အင်းဒေသခံတချို့ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားသလို ရွာထဲမှာ ပိတ်မိနေဆဲ ဒေသခံတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ပစ်နေခတ်နေကြတယ်။ အခုထိပဲ။ ကျွန်မက မနက်ကနေ ဖြစ်ပြီဆိုတာနဲ့ သမီးအိမ်ကို ပြေးခဲ့တာ မနက် ၆ နာရီကျော် ၇ နာရီလောက်ကနေ ပစ်နေတာ။ တောင်အင်းမှာက အခုထိ(မေလ ၁၂ ရက်နေ့ နေ့လယ်) အထိ လက်နက်ကြီးသံ လက်နက်ငယ်သံကြားနေရတုန်းပဲ။ လက်နက်ကြီးတွေလည်း တောင်အင်းဘက်ကျတယ်လို့ပြောတယ်။ အခုထိတော့ ဘာမှမသိရသေးဘူး။ တချို့ကတော့ နမ္မားကြီး(နန်းမားမြို့အတွင်းကိုဆိုလို) ထဲကိုပြေးကုန်ကြပြီ။ ဖုန်းတွေခေါ်တာလည်းမကိုင်ကြဘူး “ လို့ တောင်အင်းကနေ တိမ်ရှောင်လာတဲ့ ဒေသခံ တစ်ယောက်ကပြောပါတယ်။
မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့ပြီး ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Thet Aung
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ဟာ ဒီနေ့ မေလ ၁၂ ရက်နေ့မှာ လွတ်ရက်စေ့လို့ မန္တလေးအိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ် လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။
"ဒေါ်ဒေါ်က လွတ်လပ်ရေးနေ့ကတည်းက တစ်နိူင်ငံလုံး ၅၀၅-က ကို ခြောက်လလျော့ ပြစ်ဒဏ်လျှော့ပေါ့ပေးသည် စာရင်းမှာ ပါလို့။ သုံးနှစ်မှာ နှစ်နှစ်ခွဲကျန်တယ်။ အဲဒီ နှစ်နှစ်ခွဲက ဒီနေ့ပြည့်တာ"လို့ ဒေါ်ဝင်းမြမြ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ၂၈ လမ်း ဈေးချိုနားက သပြေညိုသပိတ်မှာ ကားအမိုးပေါ်တက်ပြီး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတဲ့ လူဦးရေ သုံးထောင်ကျော်ကို ဦးဆောင် ဟောပြောလို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒေါ်ဝင်းမြမြကို ဖမ်းဆီးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးတရားစွဲဆိုမှုနဲ့ပတ်သက်လို့ ငြင်းဆိုထားပြီး ဒေါ်ဝင်းမြမြအနေနဲ့ စစ်ကောင်စီက အဓိကအမှုတပ်စွဲဆိုခဲ့တဲ့ သပြေညိုသပိတ်ပြုလုပ်တဲ့နေ့မှာ ကျန်းမာရေးကြောင့်မပါဝင်ဖြစ်ခဲ့ဘဲ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ တောက်လျှောက်ပါ၀င်ခဲ့တယ်လို့ တရားခွင်မှာ ခုခံချေပခဲ့ပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီကတော့ ဒီလိုငြင်းချက်ထုတ်တာတွေရှိတဲ့ကြားက မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က နဲ့ ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်နေ့က အိုးဘိုအထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။
အခုမေလထဲမှာ NLD တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုကိုလည်း ထောင်ကနေလွတ်မြောက်ဖို့ ရက်ပိုင်းအလိုသာ ကျန်တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။
မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်ဟောင်းထဲ စစ်ကောင်စီက တရားစွဲထောင်ချခံရတဲ့ထဲမှာ မနှစ်က တိုင်းဝန်ကြီးတွေဖြစ်တဲ့ ဝန်ကြီး ဦးမျိုးသစ်နဲ့ ဒေါက်တာစိုးသန်းက ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒေါ်ဝင်းမြမြဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြုပြီး စဥ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
အရပ်သား ၁၈ ယောက် အသတ်ခံရမှု ပဲခူး၊ ညောင်ပင်သာရွာမှာ ဖြစ်ပွား
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ်မှာရှိတဲ့ ညောင်ပင်သာရွာကို အင်အားရာနဲ့ချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းသုံးကြောင်းခွဲကာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဝင်ရောက်လာတာကြောင့် ဒေသခံတွေရုတ်တရက်ထွက်ပြေးခဲ့ကြရပြီး ရွာထဲပိတ်မိဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
အဲဒီနောက် ရွာထဲပိတ်မိနေခဲ့သူတွေထဲက အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၁၀ ယောက်အပါအဝင် ၁၈ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရွာထဲ ဘယ်သူမှမပြန်ရဲသေးတော့ ဘယ်သူဘယ်ဝါတွေဆိုတာနဲ့ ဘာကြောင့်အသတ်ခံရလဲ အသေးစိတ်မသိရသေးပါဘူး။ ဓာတ်ပုံတွေမြင်ရတာအရတော့ မီးရှို့ပြီးတစ်နေရာတည်းမှာ အစုလိုက် အသတ်ခံထားရပုံပါ။ အခုကညောင်ပင်သာရွာသားဆို အကုန်သတ်ဆိုတဲ့ သတင်းတွေလည်း ဒေသတဝိုက်မှာအတော်ကို ထွက်နေတယ်။ သူတို့ပြောနေကြသလို တဖက်ဖက်ကိုအားပေးတဲ့ရွာမျိုးမဟုတ်ဘူးဗျ၊ သာမန် တောင်သူလယ်သမားတွေပါ" လို့ ညောင်ပင်သာရွာခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လခွဲကျော်တုန်းကလည်း ညောင်ပင်သာရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ဖူးပေမဲ့ အခုလို ဒေသခံတွေ အစုလိုက်အသတ်ခံရတာမျိုးလည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခုလက်ရှိ လူ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ညောင်ပင်သာရွာဟာ ထန်းတပင်မြို့နယ်အပိုင်ထဲမှာရှိပြီး တောင်ငူ - မုပ္ပလင်လမ်းမပေါ်မှာရှိတဲ့ ရွာကြီးဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာမက ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းအဖွဲ့တွေပါ ဖြတ်သန်းသွားလာတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဒီသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး KNU ရော စစ်ကောင်စီဘက်ကပါ ဒီကနေ့ မေလ ၁၂ ရက် နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
သံတမန်ယာဥ်တန်း ပစ်ခတ်ခံရမှု PNLO ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, TN
အင်ဒိုနီးရှား၊စင်ကာပူနဲ့ အာဆီယံသံတမန်တွေပါတဲ့ ယာဥ်တန်း ပစ်ခတ်ခံရမှုဟာ ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ်တာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ထုတ်ပြောလာပါတယ်။
ဒီခရီးစဉ်ဖြစ်ပေါ်လာတဲ့နောက်ခံအကြောင်းတွေကို PNLO ဘက်က ထုတ်ပြောလာပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး( AHA စင်တာ)၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး တို့ နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ PPST တို့ ဆွေးနွေး ညှိနှိုင်းချက်အရ ပေါ်ပေါက်လာတာလို့ ပြောပါတယ်။
မေလ ၇ ရက်မှာ ပအိုဝ်းနယ်မြေထဲက စစ်ဘေးရှောင်တွေကို PNLO ရုံးမှာ ထောက်ပံ့ဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ PNLO က ထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရ တို့ပူးပေါင်းပါဝင်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အကောင်အထည်ဖော်ဖို့ သံတမန်ယာဉ်တန်းသွားရောက်ချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ထုတ်ပြန်ပါတယ်။
ဒီလိုနှောက်ယှက်ပစ်ခတ်မှုကို အပြင်းအထန်ရှုတ်ချပြီး ဒီဖြစ်ရပ်ကြုံရပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ရပ်တန့်မှာမဟုတ်ဘူး လို့ PNLO က ထုတ်ပြန်ထားပါတယ်။
သေဒဏ်အထိချမှတ်နိုင်တဲ့ လက်နက်ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း
အရပ်သားတွေကို လိုင်စင်နဲ့လက်နက်ကိုင်ခွင့်ပြုဖို့လုပ်ထုပ်ထုံးလုပ်နည်းတွေအပါအဝင် လက်နက်နဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေပါတဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေလ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေမှာ အရပ်သားတွေလက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီးကြီးကြပ်ဖို့ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ရဲချုပ်က အတွင်းရေးမှူးဖြစ်ပါတယ်။
လိုင်စင် နဲ့ ကိုင်ခွင့်ရတဲ့ လက်နက်အမျိုးအစားတွေနဲ့ နိုင်ငံပိုင်လက်နက်အမျိုးအစားတွေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
နိုင်ငံပိုင်လက်နက်တွေနဲ့ ဥပဒေအရကိုင်ခွင့်ရှိသူပိုင်တဲ့သေနတ်တွေကို ခိုးယူတာ၊ရောင်းချတာ၊လုယူတာ၊ကိုင်ဆောင်ခွင့်မရှိသူကို လွှဲပြောင်းပေးတာတွေ ကျူးလွန်ရင် အနည်းဆုံး ထောင် ၁၀ နှစ်ကနေ အများဆုံး သေဒဏ်အထိချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လိုင်စင်နဲ့လက်နက်ကိုင်တဲ့သူတွေ လက်နက်ပြန်အပ်ဖို့ ညွှန်ကြားလို့ မလိုက်နာရင် ထောင်တစ်နှစ်အထိ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မိုခါမုန်တိုင်း နောက် ၆ နာရီအတွင်းအားအလွန်ကောင်းတဲ့ မုန်တိုင်းဖြစ်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, MMD
စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၂၀ ခန့်အကွာကို ဗဟိုပြုနေ
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်မုန်းတိုင်းမိုခါဟာ နောက် ၆ နာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းဖြစ်လာနိုင်ပြီး မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar) နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ တို့ကြား စစ်တွေ မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မေလ ၁၂ ရက်မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မိုခါမုန်တိုင်းဟာ စစ်တွေမြို့ ရဲ့ တောင်- အနောက်တောင်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်အကွာ၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားကျွန်းရဲ့ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအထိတော့ မုန်တိုင်းအဆင့်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင်(၆၀)မှ မိုင်(၇၀) ခန့်ရှိမယ်လို့မိုးဇလက ခန့်မှန်းပါတယ်။
အိန္ဒိယနိုင်ငံမိုးလေဝသဌာနကတော့ မိုခါမုန်တိုင်းဟာ ဒီနေ့ သောကြာမနက်အစောပိုင်းမှာ အင်အားပိုကောင်းလာနိုင်သလို လေတိုက်နှုန်းတစ်နာရီကို ၁၃၅ မိုင်နှုန်းနဲ့ အားအလွန်ကောင်းတဲ့ မုန်တိုင်းအဖြစ်ကိုရောက်ရှိမယ်လို့ မနေ့ မေ ၁၁ ရက် ညပိုင်းမှာ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။
မုန်းတိုင်းဒဏ်ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးနဲ့စစ်ကိုင်းတိုင်းတို့ ခံစားရမှာဖြစ်ပြီးမေ ၁၆ ရက် မနက်ပိုင်းမှာတော့ ကချင်ပြည်နယ်ကတစ်ဆင့် လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ အားပျော့ပျက်ပြယ်သွားမယ်လို့ အရပ်ဖက်မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဘီဘီစီကို ပြောကြားထားပါတယ်။








