ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်း ၂ နှစ်မြောက် မြန်မာနိုင်ငံအနှံ့က တိတ်ဆိတ်သော ဆန့်ကျင်မှု
ပုံမှန်ဆိုရင် လမ်းဖြတ်ကူးဖို့ မလွယ်တဲ့ ရန်ကုန်မြို့က လမ်းမတွေမှာ ဒီကနေ့ နေ့လယ်ပိုင်းမှာထူးထူးခြားခြား ကားအသွားအလာမရှိ ဖြစ်နေပါတယ်။
ရန်ကုန်မြို့လယ်နဲ့ မလှမ်းမကမ်းက သုဝဏ္ဏ သာကေတ သင်္ဃန်းကျွန်းစတဲ့မြို့နယ်တွေက ကားတွေပြည့်ပြီး တန်းစီ ရလေ့ရှိတဲ့ လမ်းမပေါ်တွေမှာ ကားတွေရှင်းနေကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“မနက် အစောကြီးထ စျေးဝယ်ကြ သွားစရာရှိတာ သွားကြတယ်၊မနက် ၈ နာရီ ၉ နာရီ လောက်က အသွားအလာရှိကြပြီးတော့ နောက်ပိုင်း အပြင်မထွက်အောင်လုပ်ကြတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မဖြစ်မနေ အပြင်ထွက်သူတွေဟာ မနက်စောစော ရုံးတွေ ဆိုင်တွေ အရောက်သွားကြတယ်လို့ သူတို့ကပြောပါတယ်။ ရန်ကုန်မြို့ပြင်ကနေ မြို့ထဲကို လာရင် ပုံမှန်ဆိုရင် ကားလမ်းတွေပိတ်လို့ ၂ နာရီလောက်ကြာလေ့ရှိပေမဲ့ ဒီကနေ့ မြို့ထဲကို နာရီဝက်လောက်နဲ့ ရောက်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ခရီးသည်တင်ဘတ်စ်ကား အချို့အခမဲ့ ပြေးဆွဲပေမယ့် နေ့လယ်ပိုင်းမှာ စီးနင်းသူ မရှိသလောက် နည်းပါးနေတယ်လို့လည်း ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ အသံတိတ်သပိတ် ပြုလုပ်လာတာ လေးကြိမ်ခန့်ရှိပြီးတော့ ၂၀၂၁ က နှစ်ကြိမ်၊၂၀၂၂ နှစ်က တစ်ကြိမ်၊ အခု ၂၀၂၃ ခုနှစ် တစ်ကြိမ်၊ လေးကြိမ် ရှိလာပြီလို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
ရန်ကုန် မန္တလေး နဲ့ မုံရွာ ပုသိမ်အပါအဝင် မြန်မာနိုင်ငံ အနှံမြို့ကြီးများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အသံတိတ် လှုပ်ရှားမှုတွေ စတင်ခဲ့ပြီး လူအသွားအလာတွေ ကားအသွားအလာတွေ သိသိသာသာရှင်းသွားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ မြို့ထဲကို နေ့လယ် ၁၀ နာရီ နောက်ပိုင်း အသွားအလာနည်းသွားကြသလို စားသောက်ဆိုင်အချို့မှာ လာရောက်စားသောက်သူ အရေအတွက် သိသိသာသာနည်းသွားတယ်လို့ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ပုသိမ်မြို့ပေါ်က အလယ်တန်း အထက်တန်းကျောင်းနဲ့ ပုသိမ်တက္ကသိုလ်တို့မှာ ကျောင်းတက်သူအရေအတွက် ထက်ဝက်ကျော်ခန့်နည်းသွားတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
နေ့လယ် ၂ နာရီခွဲလောက်မှာ မြို့ပေါ်မှာ အသွားအလာနည်းလာတဲ့အတွက် မြို့ပေါ်ကကျောင်းတွေက စောပြီး လွှတ်ပေးလိုက်တယ်လို့ ပုသိမ်ဒေသခံက ပြောပါတယ်။
အခြားနယ်မြို့တွေမှာ ဆိုင်တွေလည်း သိပ်မထွက်ကြသလို လူတွေ အသံတိတ်သပိတ်မှာ ပူးပေါင်းမပါဝင်အောင် စစ်ကောင်စီဘက်က ဖိအားပေးတာရှိတယ်လို့ သိရပါတယ်။
အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ရက်၊ မနက် ၁၀ နာရီကနေ၊ နေ့ခင်း ၃နာရီအထိ သတ်မှတ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားကြတဲ့မြင်ကွင်းတွေကို ဆိုရှယ်လူမှုကွန်ရက်က ပုံတွေမှာ တွေ့ရပါတယ်။
စစ်ကောင်စီထောက်ခံသူ အချို့ကတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ အလံပြဘုရားလမ်းဘက်ကနေ မဟာဗန္ဓလပန်းခြံ ဘက်ကို စစ်ကောင်စီထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မန္တလေးမြို့မှာလည်း မနက်ပိုင်း ၁၀နာရီ ဝန်းကျင်ကတည်းက အပြင်ထွက်သူ မရှိဘဲ အသံတိတ်သပိတ်မှာ ပါဝင်ကြတာကို ဓာတ်ပုံတွေနဲ့ ဖော်ပြကြပါတယ်။ မနက်ခင်း ဈေးတွေမှာလည်း ဆိုင်တချို့ပိတ်ထားပြီး ဆိုင်အများစုက ၉နာရီမှာ ပိတ်ပြီး ပြန်ကြတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
နေ့စဉ် မနက်အစောပိုင်းကတည်းက လမ်းပေါ်နဲ့ အပြင်ဝိုင်းတွေမှာ တိုးမပေါက်အောင် လူစည်ကားတဲ့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာလည်း ဒီကနေ့မှာ အရောင်းအဝယ်တွေ မရှိသလောက်ဖြစ်ခဲ့ပါတယ်။ မဟာအောင်မြေ ကျောက်ဝိုင်းအတွင်းပိုင်း ဆိုင်ခန်းတွေကို မဖွင့်မနေရ စည်ပင်က ဖွင့်ခိုင်းထားပေမယ့် ၉နာရီနောက်ပိုင်း အရောင်းအဝယ်မရှိတာကြောင့် ဆိုင်တွေ ပိတ်သိမ်းရတယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် မန္တလေးက မြို့နယ်တိုင်းလိုလိုမှာ လှည့်လည်ရောင်းချတဲ့ ရွှေ့လျား ဈေးသည်တွေကအစ ဒီကနေ့မှာ ဈေးမထွက်တာကို သတိထားမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မန္တလေးမြို့ရဲ့ ကျုံးဘေးနဲ့ အောင်မြေသာစံမြို့နယ် အနောက်ခြမ်းမှာ ဆန်ဝေတာတွေ ပြုလုပ်နေသလို ဌာနဆိုင်ရာ ကားတွေပေါ် လူအစုလိုက်တင်ပြီး မြို့ပတ်စီးတာတွေ ပြုလုပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းပေါ်ထွက်သူတွေကို လုံခြုံရေးယူပေးဖို့ မနက်အစောပိုင်းကတည်းက စစ်ကောင်စီအဖွဲ့တွေဟာ လမ်းတချို့မှာ လက်နက်ကိုင် လုံခြုံရေးပေးထားတယ်လို့ တွေ့မြင်ခဲ့သူ မန္တလေးဒေသခံတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် မန္တလေးမြို့က အထက်တန်းကျောင်း ကျောင်းတချို့မှာလည်း ကျောင်းသားတွေကို မနက် ၁၀နာရီခွဲ ကျောင်းတက်ခိုင်းပြီး နေ့လယ် ၂နာရီခွဲမှာ ကျောင်းဆင်းဖို့နဲ့ ကျောင်းမတက်မနေရ လက်မှတ်ထိုးခိုင်းတာပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မန္တလေး အမရပူရ တောင်မြို့ ရက်ကန်းရုံတွေပါ ဒီနေ့မှာ အလုပ်မပိတ်ဖို့ ဈေးချိုတော်က ဈေးဆိုင်တချို့ကို သတိပေးစာမဟုတ်ဘဲ နှုကားနဲ့ ဈေးဆိုင်မပိတ်ဖို့ အရင်နေ့ကတည်းက အကြောင်းကြားထားတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဒီကနေ့မှာ ဈေးချိုတော်က ဈေးဆိုင်ခန်းတွေ အများစုဆိုင်ပိတ်ကြသလို ဈေးအဝယ်တွေ မရှိဘဲ ခြောက်သွေ့နေတယ်လို့ ဈေးဆိုင်ရှင်တွေက ပြောပါတယ်။
ဈေးချိုတော် လူသုံးကုန်ပစ္စည်းဆိုင်ရှင်တစ်ဦးက" ဒီနေ့ ဈေးဦးမပေါက်လို့ နေ့လယ်ကတည်းက ဆိုင်သိမ်းပြန်ကြတယ်။ ကုန်စိမ်းဈေးဆို နယ်ဈေးပတ်ရောင်းမယ့်သူတောင် မနက်ကတည်းက မလာကြဘူး။ ဂိတ်တွေလည်းတိတ်ဆိတ်နေတာပဲ။ ဒီတခါ သိပ်မကျယ်လောင်ပေမယ့် သက်ရောက်မှုရှိတယ်"လို့ အသံတိတ်သပိတ်မှာ ဈေးသည်တွေ ပါဝင်မှုအခြေနေအကြောင်းကို ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာလဲ မိုးကြိုးကွက်သစ်ဈေး မနက်ပိုင်း ၈နာရီလောက်မှာ ဈေးအတွင်း လူအများစုရှိတဲ့ နေရာတွေကို စည်ပင်တွေက ဓာတ်ပုံရိုက်ယူသွားတယ်လို့ ဒေသခံဈေးသည်တွေက ဆိုပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့ရဲ့ လမ်းမကြီးတွေမှာ ဒီနေ့မနက် ၉နာရီကျော်ကတည်း လူအသွားအလာ တိတ်ဆိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကုတ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မော်တော်ယာဉ်တွေကို မနက် ၁၀နာရီကနေ နေ့လယ် ၃နာရီအတွင်း လာရောက်ရွေးယူဖို့ ကြေညာထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မကြာခဏဆိုသလို စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှုရှိတဲ့ မတ္တရာမြို့နယ်မှာလည်း ဒီကနေ့မှာ အသံတိတ်သပိတ်ကို မြို့ခံလူထု အများစုပါဝင်ကြတယ်လို့ ပြောပါတယ်။မတ္တရာ မြို့တွင်း အဓိကလမ်းမကြီးတွေမှာ လူအသွား အလာမရှိသလို ဈေးဆိုင်တချို့လည်း ပိတ်ထားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြင်းခြံခရိုင်အတွင်း နွားထိုးကြီးမြို့နယ် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ရုံးအသွားအလာမလုပ်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းမြို့မှာပါ ဒီနေ့ မြို့မဈေးကြီးအပါဝင် ဘော်ဂါကျောက်ဝိုင်း၊ မနက်ခင်း ပျံကျဈေးတွေကအစ ဈေးဆိုင်တွေ မထွက်သလို လမ်းတွေမှာပါ လူအသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။