ဝိဂါတွေကို တရုတ်ဖိနှိပ်နေပုံက လူသားအ‌‌မြောက်အမြားအပေါ် ရာဇဝတ်ကျူးလွန်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂကပြော

ရေးသားခဲ့သည်။

မက်တ် မာဖီ

ဘီဘီစီ သတင်းဌာန

ရှင်ကျန်းပြည်နယ်မှာ မတရားဖိနှိပ်တာတွေဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထွက်လာခဲ့ပြီး လူအများ အချိန် ကာလ အတော်ပေးပြီး စောင့်ခဲ့ရတဲ့ အဲဒီ အစီရင်ခံစာထဲမှာ တရုတ်ဟာ “လူ့အခွင့်အရေးချိုးဖောက်တာတွေကို အလွန်အမင်းကျူးလွန်နေတယ်” လို့ စွပ်စွဲထားပါတယ်။

တရုတ်က အဲဒီအစီရင်ခံစာဟာ အနောက် ပါဝါနိုင်ငံတွေက စီစဥ်တဲ့ “အပြောင်အပြက် ဟာသ” တခုပဲလို့ သမုတ်လိုက်ပြီး အဲဒီအစီရင်ခံစာကို မထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားပါတယ်။

ဝိဂါမွတ်ဆလင်တွေနဲ့ တခြား လူနည်းစု လူမျိုးစုတွေကို မတရားဖိနှိပ်‌နေတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် ဒီအစီရင်ခံစာက ဆန်းစစ်ထားတာပါ။ တရုတ်ကတော့ ဒီ လူတွေ အ‌ပေါ် မတရားဖိနှိပ်နေတယ်လို့ စွပ်စွဲမှုတွေ ထွက်လာတိုင်း အဲဒီသတင်းတွေက မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးရေးမှူးတွေက “လူအမြောက်အမြားကို ရာဇဝတ်ကျူးလွန်မှု (Crime against humanity)” မြောက်နိုင်တဲ့အထိ ဖြစ်နိုင်တဲ့ နှိပ်စက်မှုတွေကို “သေချာခိုင်မာတဲ့ အထောက်အထားတွေနဲ့ အတူ” သူတို့ တွေ့ထားတယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာဟာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး မီချဲလ် ဘက်ချလတ်က သူ့ ၄ နှစ်တာ တာဝန် သက်တမ်း ပြီးဆုံးခါနီး အချိန်မှာ ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာပါ။ ဝိဂါတွေအပေါ်  နှိပ်စက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် တွေက သူ့တာဝန် သက်တမ်းအတွင်း အလွှမ်းမိုးဆုံး အရေးကိစ္စ ဖြစ်ခဲ့ပါတယ်။

မစ္စ ဘက်ချလတ် အဖွဲ့ရဲ့ အစီရင်ခံစာက တရုတ်ဟာ တိကျရှင်းလင်းမှု မရှိတဲ့ အမျိုးသားလုံခြုံရေး ဥပဒေတွေကို သုံးပြီး လူနည်းစု လူမျိုးစုတွေရဲ့ အခွင့်အရေး တွေကို နှိပ်ကွပ်ထားတယ်၊ “ထင်သလို ထိန်းသိမ်း ဖမ်းဆီးထားနိုင်တဲ့ စနစ်”တွေကို ချမှတ်ထားတယ်လို့ စွပ်စွဲပါတယ်။

 “လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်တာတွေ၊ လိင်ခွဲခြားပြီး ဖိနှိပ်တာတွေ” အပါအဝင် “အစီအစဥ်တကျ ဖိနှိပ်မှုတွေ” ကို အကျဉ်းသားတွေက ခံနေကြရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တချို့ဆိုရင် ဆေးတွေကို မသောက်မနေရ သောက်ခိုင်းတာခံရတယ်၊ “မိသားစု တစုမှာ ကလေးဘယ်လောက်ပဲ ယူရမယ်ဆိုပြီး ခွဲခြားသတ်မှတ်တဲ့ အစီ အစဉ်တွေ”ကို လိုက်နာရတယ်လို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။

“လွတ်လပ်မှုပစ်ပယ်ခံရပြီး ထင်သလိုဖမ်းဆီးခံနေရတဲ့ သူအားလုံးကို” လွှတ်ပေးဖို့ အတွက် အလျင်အမြန် စလုပ်ပါလို့ ကုလသမဂ္ဂက တရုတ်ကို အကြံပြုထားသလို၊ တရုတ်အစိုးရက လုပ်ဆောင်ထားချက် တချို့ဟာ “Crimes against humanity အပါအဝင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ”ကို ကျူးလွန်တဲ့ အထိ ဖြစ်နေပြီလို့ ပြောထားပါတယ်။  

တရုတ်အစိုးရက ထိန်းသိမ်းထားတဲ့ လူပေါင်း ဘယ်လောက် များသလဲ ဆိုတာကို ကုလသမဂ္ဂအနေနဲ့ အသေအချာမသိပေမယ့် တရုတ်နိုင်ငံ အနောက် မြောက်ပိုင်းမှာ ရှိတဲ့ ရှင်ကျန်းဒေသအတွင်းက စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ လူပေါင်း တသန်း ကျော်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဝိဂါ ကွန်ဂရက် (World Uyghur Congress) က ဒီအစီရင်ခံစာကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေး ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 “တရုတ်အစိုးရက အမြဲတမ်း ငြင်းဆိုနေပေမယ့်လည်း ကြောက်စရာ လန့်စရာ ရာဇဝတ်မှုတွေ ဖြစ်နေတာကို ကုလသမဂ္ဂက အခု တရားဝင် အသိအမှတ်ပြုလိုက်ပြီ” လို့ ဝိဂါ လူ့အခွင့်အရေး စီမံချက် အလုပ်အမှုဆောင် ဒါရိုက်တာ အိုမာ ကနက်က ပြောပါတယ်။

ရှင်ကျန်းမှာ နေထိုင်ကြတဲ့ ဝိဂါပေါင်း ၁၂ သန်းလောက်ရှိပြီး သူတို့အများစုက မွတ်ဆလင်တွေပါ။ အစီရင်ခံစာမှာပါတဲ့ ဖိနှိပ်ခံရမှုတွေကို မွတ်ဆလင်မဟုတ်တဲ့ တခြားဝိဂါတွေလည်း ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်အစိုးရ နဲ့ နိုင်ငံတကာက လွှတ်တော်အမတ်တွေက ရှင်ကျန်းမှာ တရုတ်က ကျူးလွန်နေတာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) မြောက်တယ်လို့ ရှုတ်ချထားဖူးပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အစီရင်ခံစာက အဲဒီလိုမျိုး မစွပ်စွဲပါဘူး။

ဒီအစီရင်ခံစာကို ကြိုဖတ်ခွင့်ရထားတဲ့ တရုတ်အစိုးရက ဖိနှိပ်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို ငြင်းပယ်ထားပြီး ဒီစခန်းတွေဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဥ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဝိဂါ စစ်သွေးကြွတွေက လွတ်လပ်တဲ့နိုင်ငံထူထောင်ဖို့အတွက် အကြမ်းဖက် လှုပ်ရှားမှုတွေလုပ်ကြဖို့ လှုံ့ဆော်နေတာလို့ တရုတ်က အစဥ်တစိုက် ပြောနေပါတယ်။ ဒါပေမယ့် ဝိဂါတွေကို ဖိနှိပ်ထားတာဟာ မှန်ကန်သင့်တင့်တယ်လို့ အများက ထင်မြင်အောင် တရုတ်တို့က အဲဒီခြိမ်း‌ခြောက်မှုတွေကို ပုံကြီးချဲ့ပြောနေတာလို့ ပြန်တုံ့ပြန်ကြပါတယ်။

ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဆီကို စေလွှတ်ထားတဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့က ဒီအစီရင်ခံစာ တွေ့ရှိချက်တွေကို ပယ်ချထားပြီး ဒီအစီရင်ခံစာဟာ “တရုတ်ကို သားပုပ်လေလွင့် စွပ်စွဲတာ၊ အသရေဖျက်တာ”၊ နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာလို့ ဆိုပါတယ်။

“ဒီ ‘ဆန်းစစ်ချက်’ ဆိုပြီး နာမည်တပ်ထားတဲ့ဟာက တကယ့်အချက်အလက်တွေကို ပစ်ပယ်ပြီး နိုင်ငံရေးအရ လုပ်ကြံထားတဲ့ စာရွက်စာတမ်းတခုသာ ဖြစ်တယ်၊ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ တရုတ်ကိုဆန့်ကျင်တဲ့ အင်အားစုတွေက လူ့အခွင့်အရေးဆိုတာကို နိုင်ငံရေးလက်နက်လိုသုံးပြီး တိုက်ခိုက်လိုတဲ့ စိတ်ထားကို အပြည့်အဝ ပုံဖော်ပြလိုက်တာပဲ” လို့ သူတို့ ရှည်ရှည်လျားလျား တုံ့ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ထည့်ရေးထားပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာက အပြောင်းအလဲဖြစ်ဖို့ တွန်းနိုင်မှာလား

တက်ဆာ ဝေါန်း

အာရှ ဒစ်ဂျစ်တယ် သတင်းထောက်

အခုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အဆင့်ပါ။ ဝိဂါအရေးလှုပ်ရှားဆောင်ရွက်နေကြသူတွေက စုံစမ်းစစ်ဆေး‌ရေး ကော်မရှင် တရပ်ဖွဲ့ဖို့ တောင်းဆိုလိုက်ပြီး တရုတ်အစိုးရရဲ့ ဝိဂါတွေ အပေါ်ပြုမူ နေတာတွေ အ‌ပေါ် အားပေးနေတဲ့ လူတိုင်းကို နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အဆက်အသွယ် ဖြတ်တောက်ကြဖို့ ပန်ကြားနေပါတယ်။

နိုင်ငံတကာ ဖိအားတိုးပေးလာမှာတွေက တကယ့်ခိုင်ခိုင်မာမာ အပြောင်းအလဲ ဖြစ်လာမလား ဆိုတာကတော့ ငြင်းခုန်နေကြရဦးမှာပါ။ ဘေဂျင်းကတော့ ဖိနှိပ်မှုတွေ ရှိတယ်ဆိုတာကို ပယ်ချထားပြီး ဒါဟာ အနောက်ကလုပ်နေတဲ့ အသရေဖျက် လှုံ့ဆော်မှုသာဖြစ်တယ်လို့ ဆိုကာ သူ့ရပ်တည်ချက်ကို မပြောင်းပါဘူး။ ရှင်ကျန်းဟာ အခုဆိုရင် လူမှုရေးအရ တည်ငြိမ်လာပြီး စီးပွားရေးအရ တိုးတက်လာတယ်။ ဒါတွေ ဟာ “အကြီးမြတ်ဆုံးသော လူ့အခွင့်အရေးအတွက် အောင်မြင်မှုတွေပဲ” လို့ သူတို့က ဆိုပါတယ်။  

နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း တာဝန်ကျေတဲ့ နိုင်ငံတခုပါလို့ တရုတ်က အစဉ် တစိုက်ဆိုလာပေမယ့် ဒီ ကုလသမဂ္ဂ အစီရင်ခံစာက တရုတ်အဖို့ အရှက်ရစရာ ထပ်ဖြစ်လာရတာတော့ အမှန်ပါ။

ဒါပေမယ့် ဒီအစီရင်ခံစာ မထွက်ခင်တုန်းက အဲဒီလိုပဲ ရှုတ်ချထားတဲ့ အစီရင်ခံစာတွေကို တရုတ်က အကျဥ်းရုံးပြီး ပယ်ချထားခဲ့တာပါ။

ပြည်တွင်းမှာ ဖိအားဖြစ်လာတာမျိုးကလည်း သိပ်မဖြစ်နိုင်ပါဘူး။ ဝိဂါတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ အရေးကို တရုတ်နိုင်ငံသား အများ အပြားက အရေးကြီးကိစ္စတခုရယ်လို့ မမြင်ကြပါဘူး။ ဒီအရေးတွေက ပြောမရတဲ့ အရေးတွေ ဖြစ်တာရယ်၊ ဝိဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို အသည်းအသန် အမှောင်ချထားတာတွေရယ်ကြောင့် လူတွေက အဲဒီလို သဘောထားကြတာ ဖြစ်နိုင်ပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီရင်ခံစာထွက်တဲ့ ကြာသပတေးနေ့ နေ့လယ်ချိန်ရောက်လာတာတောင် တရုတ်ရဲ့ ပင်မရေစီး မီဒီယာတွေမှာပဲဖြစ်ဖြစ်၊ လူမှု မီဒီယာမှာပဲဖြစ်ဖြစ် ဒီအစီရင်ခံစာအကြောင်း ရေးတာမျိုး၊ ပြောတာမျိုး မတွေ့ရပါဘူး။

ဝိဂါတို့ရဲ့ ကံကြမ္မာဟာ တရုတ်အစိုးရက အကြမ်းဖက်မှုအန္တရာယ်နဲ့ အစွန်းရောက် အန္တရာယ်ကို သူ့လူမှုအသိုင်းအဝိုင်းထဲမှာ အပြည့်အဝ ဖယ်ရှားနိုင်ပြီလို့ သတ်မှတ်လိုက်တဲ့အချိန်နဲ့ပဲ မူတည်နေတယ်။

အဲဒီအချိန် ဘယ်တော့ရောက်မလဲဆိုတာ ဘယ်သူကများ သိနိုင်မှာပါလဲ။

ရှင်ကျန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးတာတွေ စခဲ့တာက လွန်ခဲ့တဲ့ တနှစ်ကျော် ကတည်းကလို့ မစ္စ ဘက်ချလတ်ရဲ့ ရုံးက ပြောပါတယ်။

ဒါပေမယ့် အစီရင်ခံစာ ထုတ်ပြန်ဖို့  အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့ရတဲ့အတွက် အစီရင်ခံစာထဲက ဆိုးနေတဲ့ အချက်တွေကို ဖယ်ထုတ်ပစ်ဖို့ မစ္စ ဘက်ချလတ်ကို ဘေကျင်းက တိုက်တွန်းနေတယ်လို့တောင် အနောက်နိုင်ငံ အခြေစိုက် လူ့အခွင့် အရေးအဖွဲ့တွေက စွပ်စွဲကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သူ့အနေနဲ့ “ဒီအစီရင်ခံစာကို ထုတ်သင့် မထုတ်သင့် သိပ်ကို ကြီးမားတဲ့ ဖိအား အောက်ကို ရောက်ခဲ့တယ်” လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မစ္စ ဘက်ချလတ်က ဝန်ခံထားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘေဂျင်းနဲ့ ဆွေးနွေးညှိနှိုင်းတာဟာ ဒီအစီရင်ခံစာပါ အဖြစ်အပျက်တွေကို “မျက်စိမှိတ် လျစ်လျူရှုလိုက်”တဲ့ သဘော မဆောင်ကြောင်း သူက ငြင်းဆိုရင်း အစီရင်ခံစာ နောက်ကျပြီး ထွက်ရတာကို ခုခံသွားပါတယ်။

တွေ့ရှိမှုတွေကို ထုတ်ပြန်ဖို့ နောက်ကျတာဟာ “ခွင့်လွှတ်နိုင်စရာမရှိဘူး” လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (Amnesty International) က ဆိုကာ ရှုတ်ချပါတယ်။

ဗြိတိန် နိုင်ငံခြားရေးရာ ကော်မီတီရဲ့ ဥက္ကဌ တွမ် တူးဂန့်ဟတ်ထ်က ဒီအစီရင်ခံစာ တွေ့ရှိချက်တွေဟာ “သိပ်ကို ဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေ” ကို ဖော်ပြနိုင်တာလို့ ပြောပြီး တရုတ်ဆန့်ကျင်ရေးအတွက် လုပ်တာဆိုတဲ့ ဘေဂျင်းရဲ့ တုံ့ပြန်ချက်ကို ပယ်ချလိုက်ပါတယ်။

စခန်းတွေထဲမှာ ဝိဂါမွတ်ဆလင်တွေ လူအစုလိုက် အဓမ္မပြုကျင့်ခံရတာ၊ လိင်ပိုင်း စော်ကားကျူးလွန်ခံရတာ၊ နှိပ်စက်ခံရတာတွေကို ဖော်ပြထားတဲ့ အထောက်အထား တွေကို ဒီနှစ် အစောပိုင်းမှာ တယောက်ယောက်က ဖောက်ချ ပေးခဲ့တဲ့အတွက် ဘီဘီစီက ရခဲ့ပါတယ်။

ဘီဘီစီက ရခဲ့တဲ့ အဲဒီ ရှင်ကျန်း ရဲတွေအကြောင်း ဖိုင်တွေကို ကြည့်ရင် ဝိဂါ အသိုင်းအဝိုင်းတခုလုံးကို ပစ်မှတ်ထားတဲ့ အမိန့်တွေဟာ တရုတ်ခေါင်းဆောင် ရှီ ကျင့်ဖျင် ဆီကနေ အဆင့်ဆင့်ရောက်လာတာ ဆိုတာကိုလည်း ဖော်ညွှန်းပြနေ ပါတယ်။