အောက်တိုဘာ ၁ ရက် ထိပ်တန်းသတင်းများ - ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး ခိုလှုံလာတယ်ဆိုတဲ့စစ်ကောင်စီပြောဆိုချက် MNDAA ဘယ်လိုတုံ့ပြန်လဲ

ရေးသားခဲ့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) က တပ်ဖွဲ့ဝင် အမျိုးသားအယောက် ၂၀ နဲ့ အမျိုးသမီး ၈ ဦးဟာ လောက်ကိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံ လက်နက်တွေနဲ့ ခိုလှုံလာတဲ့အကြောင်း စစ်ကောင်စီဘက်က စက်တင်ဘာ ၃၀ ရက်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဦးဖုန်ကြားရှင်တည်ထောင်ခဲ့တဲ့ MNDAA ဘက်ကတော့ သတင်းအမှားဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါဟာ နိုင်ငံရေးပြသမှုတစ်ခုသာဖြစ်ပြီး ဒီလို ခိုလှုံတယ်လို့ဆိုသူတွေဟာ ပြီးခဲ့တဲ့နှစ်တွေထဲ MNDAA က ခွဲထွက်သူတွေနဲ အားလပ်ရက်မှာ သူတို့နေရပ်ကိုပြန်သွားပြီးတဲ့နောက် တပ်ကို ပြန်မလာတော့တဲ့သူတွေသာဖြစ်တယ်လို့ MNDAA ရဲ့ အာဘော်သတင်းတွေကို ဖော်ပြနေတဲ့ The Kokang သတင်းစဉ်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ခိုလှုံလာသူ နှစ်ဒါဇင်ကျော်ဟာ သူတို့နဲ့အတူ လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခုအပါအဝင် ခဲယမ်း၊ လက်ပစ်ဗုံးတွေပါ ပေးအပ်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြတာပါ။

ဒီလူတွေကို လောက်ကိုင်မြို့က နယ်မြေခံတပ်နယ်ခန်းမမှာ လက်ခံပွဲအခမ်းအနားပြုလုပ်ကြိုဆိုခဲ့ပြီး စစ်ကောင်စီက ‌ထောက်ပံ့ငွေတွေပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဥပဒေဘောင်အတွင်း ပြန်ဝင်ရောက်မယ့်သူတွေကို ထပ်ဖိတ်ခေါ်ကြောင်းပြောသလို စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း စစ်ကောင်စီ ထံ ခိုလှုံလာကြောင်း သတင်းစာတွေမှာ ဆက်တိုက်ဖော်ပြနေခဲ့ပါတယ်။

ဒီလို ပြောနေချိန် အခု စက်တင်ဘာလတစ်လတွင်းမှာပဲ မြန်မာနိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးနဲ့ ဒေသကာကွယ်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးအထိရှိနေတာကို သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေ ဘက်က ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ရေးမှာ စစ်တပ် တပ်ရေးဗိုလ်ကြီးအပါအဝင် ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျေးရွာကျေးရွာအနီးမှာ အမှတ် ၅၈၃ ခြေမြန်တပ်ရင်း(ခမရ)က တပ်ရေးဗိုလ်ကြီးအပါအဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပြီး တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေးဘီလူးအဖွဲ့က ပြုလုပ်ခဲ့တာြဖစ်ပြီး ခမရ ၅၉၁ က ဒုတပ်ရင်းမှူးလို့ ကနဦး သတင်းထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသူဟာ ခမရ ၅၈၃ က တပ်ရေးဗိုလ်ကြီး ဝင်းထွန်းဦးဆိုပြီး ဒုစစ်ဒေသခွဲမှူးရုံးက ပြန်လည်သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ပစ်ခတ်မှုကိုတော့ မနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ခမရ ၅၉၁ တပ်ဝန်းအနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ရေးဗိုလ်ကြီးဟာ ရေးမြို့နယ်၊ ကံလှကျေးရွာကို သွားချိန်မှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့နေရာဟာ ကျောင်းရွာအခြေစိုက် မခရ ၅၉၁ နဲ့ ခမရ ၅၈၃ ကြားနေရာဖြစ်ပြီး ခမရ ၅၉၁ နဲ့ ကပ်နေတာကြောင့် လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို မသိမ်းနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ နယ်မြေဒေသစိုးမိုးရေးအတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ လုံခြုံရေးယူ စစ်ဆေးတာတွေနေ့စဥ်ပြုလုပ်နေပြီး အဲဒီလမ်းပိုင်းတလျှောက် သွားလာသူတွေအနေနဲ့ စစ်ဆေးတာကို လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူနဲ့ပစ္စည်းတွေ မတင်ဆောင်ဖို့၊ စစ်ကောင်စီယာဥ်မှာ လိုက်ပါစီးနင်းတာမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

တစ်လအတွင်း ဘက်ပြောင်းခိုလှုံတဲ့ စစ်ကောင်စီ တပ်သား ၁၀ ဦးရှိ

မြန်မာနိုင်ငံတဝှန်း ပြည်သူ့ကာကွယ်ရေးနဲ့ ဒေသကာကွယ်ရေးတပ်တွေဆီ စက်တင်ဘာလ တစ်လအတွင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးအထိရှိနေပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်တွေထဲကမှ ကရင်၊ ချင်း၊ တနင်္သာရီစတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာတာဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ကို ၄ ဦး၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲ ချင်းကာကွယ်ရေးတပ်(မတူပီ)ကို ၂ ဦး၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်(ဖလမ်း)ကို ၁ ဦး၊ ကချင်လွတ်မြောက်ရေးတပ်(KIA)၊ တပ်မဟာ ၈၊ အမှတ် ၅ တပ်ရင်း မြို့လှ -K PDF ကို ၂ ဦး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ၁ ဦးစီ လာရောက်ခိုလှုံလာကြတာဖြစ်ပါတယ်။

ဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တုန်းက ကလေး-ဖလမ်းကားလမ်းမပေါ်က ထင်ရှုးစခန်းကနေ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ဆီ ခိုလှုံလာတဲ့ တပ်သား ပြည့်ဖြိုးအောင်လည်းပါဝင်ပါတယ်။

သူဟာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး ကလေးမြို့နယ်ဇာတိဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

‘‘လက်ရှိ လပိုင်းတွေမှာတော့ CDM လုပ်လာတာ၊ ပူးပေါင်းလာမှု ပိုများလာတာ တွေ့ရပါတယ်။ အစုအဖွဲ့လိုက် ချိတ်ဆက်ပူးပေါင်းလာတာရှိသလို၊ ရှေ့တန်းနယ်မြေကနေ လက်နက်နဲ့ ပူးပေါင်းလာတာလည်းရှိတယ်။ ပုံမှန်ဆက်သွယ်ဝင်ရောက်လာတာ။ ၂၀၂၃ နှစ်လယ်ဝန်းကျင်ကစပြီး သိသိသာသာ ပိုများလာတာ တွေ့ရတယ်’’ လို့ CDM နဲ့ဘက်ပြောင်းခိုလှုံသူ စစ်ကောင်စီတပ်သားတွေအရေး အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က စက်တင်ဘာလအတွင်း ဘီဘီစီကို ပြောထားဖူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ အာဏာသိမ်းပြီးချိန်ကစလို့ ဘက်ပြောင်းခိုလှုံလာတဲ့ စိစစ်ပြီး တပ်မတော်သား(၃၂၃၅) ဦးရှိတယ်လို့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒီပဲယင်း၊ လက်တီးရွာသားတစ်ဦး အသတ်ခံရ

ပျံကျရွာတိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းပစ်ကူသုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ မြို့နဲ့ တစ်မိုင်နီးပါးအကွာက လက်တီးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ ပြီးတဲ့နောက် ရွာထဲမှာ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

သေဆုံးသူဟာ ကိုနိုင်လင်းလို့ အမည်သိရပြီး လက်တီးရွာဟာ ပထမဆုံး စစ်ကြောင်းအဝင်ခံရတာကြောင့် မတိမ်းရှောင်ဘဲ ရွာအတွင်းကျန်ရစ်ချိန် အခုလိုသတ်ဖြတ်ခံရတာလို့ သိရပါတယ်။

ဒီပဲယင်းမြို့အနောက်ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆက်ထိုးခဲ့ပြီး ညနေ ၆ နာရီလောက်မှာတော့ မြို့နဲ့ သုံးမိုင်အကွာ ပျံကျရွာအနီးမှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီနောက် Mi 35 လေယာဉ်နဲ့ လေကြောင်းပစ်ကူလာပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

‘’သူတို့ဘက်က ၁၀‌ ယောက်လောက်သေချိန်မှာ လေကြောင်းပစ်ကူလာတာပဲ။ ကျွန်တော်တို့အထိအခိုက်မရှိဘူး။ ဒီနေ့မနက်တော့ ပျံကျရွာမှာ သူတို့လည်း ကင်းပုန်းဝပ်နေတယ်၊ အနီးမှာ ကျွန်တော်တို့လည်း ရှိနေတယ်။ ခုနကပဲ သေနတ်ဖောက်သံ နှစ်ချက်ကြားလိုက်တယ်’’ လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတိယ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ကနေ ဒီပဲယင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာ ဒီကနေ့နဲ့ဆိုရင် ငါးရက်မြောက်ပြီဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။