ဂျက်ဖရီအက်ပ်စတင်းန်အမှု - ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းထားတဲ့ စာတွေ ဖွင့်ချ
ဂျက်ဖရီအက်ပ်စတင်းန် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံးကို လူသိရှင်ကြား ထုတ်ပြန်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ကွန်ဂရက်မှာ လာမယ့်အပတ် မဲပေးဆုံးဖြတ်ကြမှာပါ။
လိင်ကျူးလွန်မှုနဲ့ ပြစ်မှုစီရင်ခံထားရတဲ့ မစ္စတာ အက်ပ်စတင်းန် အမှုနဲ့ ပတ်သက်လို့ အီးမေးလ်တွေကို ကော်မတီထဲက ဒီမိုကရက်တွေက ဖွင့်ချခဲ့ပြီး အဲဒီထဲမှာ သမ္မတထရမ့် ရည်ညွှန်းထား ဖော်ပြထားပါတယ်။ အိမ်ဖြူတော်ကတော့ ဒါဟာ မစ္စတာ ထရမ့်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။
ဖွင့်ချလိုက်တဲ့ အထဲမှာ အန်ဒရူးမောင့်ဘက်တန် ဝင်ဆာ နဲ့ အက်စတင်းရဲ့ သားကောင်ဖြစ်ခဲ့သူလို့ သိကြတဲ့ ဗာဂျီးနီးယား ဂျက်ဖရေးတို့ရဲ့ ဓာတ်ပုံတပုံကို ညွှန်းထားတဲ့ အီးမေးလ်လည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မစ္စတာ မောင့်ဘက်တန် ဝင်ဆာကတော့ သူဘာမှ အမှားအယွင်း လုပ်တာ မရှိဘူးလို့ ခါးခါးသီးသီး ပြောကြားထားပါတယ်။ ဘီဘီစီ သတင်းထောက် အဲလက်ဆင် အားလ် က အခုလို သတင်းပေးပို့ထားတာကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။



