ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာလ ၂၄ ရက် ထိပ်တန်းသတင်းများ - ခြံအမှတ် ၅၄ အမွေမှု နောက်ဆုံးသိရသမျှ
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ တရားနိုင် ဦးအောင်ဆန်းဦးရှေ့နေဘက်က ဇာရီမှုဖွင့်လိုက်တဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးမှုရှိခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။
ဇာရီမှုဖွင့်တယ်ဆိုတာ တရားနိုင်က တရား ရုံးတော်အမိန့်ချပေးခဲ့တဲ့ တရားနိုင်ကြောင်းအမိန့် ဒီကရီကို အတည်ပြုပေးဖို့ လျှောက်ထားမှုကိုခေါ်တာဖြစ်ပါတယ်။
လက်ရှိမှာ ကြားနာစစ်ဆေးမှုရုံးချိန်း ၃ ကြိမ်အထိရှိလာပြီး ပထမဆုံးရုံးချိန်းမှာ တရားနိုင်ဘက်က ဇာရီဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယရုံးချိန်းမှာ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဇာရီမှုဖွင့်တဲ့အကြောင်းအချက်တွေပါ တချို့ကိုကန့်ကွက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့ တတိယရုံးချိန်းမှာတော့ တရားပြိုင်ရှေ့နေဘက်က ကန့်ကွက်ချက်တွေကို တရားနိုင်ရှေ့နေတွေဘက် က ပြင်ဆင်ဖို့ ကြားနာစစ်ဆေးအမိန့်ချခဲ့တာလို့ ဆိုပါတယ်။
ဦးအောင်ဆန်းဦးက ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၀၀ ပြည့်နှစ်ခန့်မှာ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကိုမောင်နှမနှစ်ဦး ခွဲ၀ေကြဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။
ဒီလို အမိန့်ချရာမှာ အဲဒီခြံနံပါတ် ၅၄ ထဲမှာ နောက်ထပ်အိမ်တစ်လုံးနဲ့ မြေကွက်တစ်ကွက်ကို ဒေါ်ခင်ကြည် မကွယ်လွန်မီက သူ့ရဲ့ တူဖြစ်သူလည်းဖြစ် မွေးစားသားလည်းဖြစ်သူ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးကို စာချုပ်စာတမ်းနဲ့ တရား၀င်ပေးအပ်ခဲ့တာဖြစ်ပြီး ဦးခင်မောင်အေးကို ပေးအပ်ထားတဲ့မြေကွက်နဲ့ အိမ်ကို ဖယ်ပြီး ကျန် အိမ်မကြီးနဲ့ခြံတို့ကို တစ်ယောက်တစ်၀က်စီ ယူကြဖို့ တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ခဲ့တာပါ။
ဒါကို လက်မခံတဲ့ ဦးအောင်ဆန်းဦးက ဦးခင်မောင်အေးရဲ့မြေကွက်ကိုပါ အမွေပုံထဲ ထည့်ပြီးခွဲ၀ေဖို့ နဲ့ ဒီလို ခြံနဲ့ အိမ်ကို တစ်ယောက်တစ်၀က်ယူဖို့ အမိန့်ချတဲ့အခါ သူရတဲ့အပိုင်းက အဆောက်အဦးကပြိုပျက်နေတာကြောင့် ပစ္စည်းမယူဘဲ အိမ်ကိုလေလံပစ်ပြီး တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပါသေးတယ်။
အဲဒီ အထူးအယူခံကို နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၂ ခုနှစ်မှာ အထူးအယူခံကိုပဲဦးအောင်ဆန်းဦးက ထပ်တင်ခဲ့တဲ့နောက် ၂၀၂၂ခုနှစ် သြဂုတ် ၂၂ ရက်မှာတော့ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမွေပုံထဲမှာ ဒေါ်ခင်ကြည် မွေးစားသားဖြစ်သူထံ ပေးအပ်ခဲ့တဲ့ အိမ်နဲ့မြေကွက်ကိုပါအမွေပုံထဲထည့်သွင်းခွဲ၀ေဖို့တောင်းဆိုချက်ကို တရားရုံးက ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း အနိုင်ပေးလိုက်တာဖြစ်ပါတယ်။
ဇာရီအမှုဖွင့်တဲ့နောက်မှာ တရားရုံးရဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေ ကြားနာစစ်ဆေးမှုတွေပြီးပြတ်ခဲ့မယ်ဆိုရင်တော့ တရားရုံးကနေ နေအိမ် နဲ့ ခြံကွက်မြေနေရာကို သတင်းစာကတဆင့် ကြမ်းခင်းစျေးသတ်မှတ် လေလံတင်ပြီး ထုခွဲရောင်းချတာမျိုးပြုလုပ်မှာဖြစ်ပါတယ်။
‘‘လေလံတင်တယ်ဆိုတာကတော့ အမှုသွားအမှုလာအရပေါ့။ ဒါပေမဲ့ ဒီကြားထဲမှာ နှစ်ဖက်လုံးမှာ ကန့်ကွက်တာတွေ၊ နောက်ငြင်းခုံတာတွေ အဆင့်တွေရှိနိုင်တယ်။ ဇာရီဖွင့်တာကတော့ တရားနိုင်က သူအနိုင်ရထားတာကို အတည်ဖြစ်ဖို့ အဲဒီလုပ်ငန်းစဥ်စဖို့ တရားရုံးကိုထပ်ပြီးလျှောက်တာပါ '' လို့ အမှုနဲ့ မပတ်သက်တဲ့ ရှေ့နေတစ်ဦးက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဧည့်ထောင်ဝင်စာရဖို့ရှေ့နေအဖွဲ့ ထပ်တောင်းဆိုမယ်
ကိုဗစ် နဲ့ အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ပိတ်ထားခဲ့တဲ့ ဧည့်တွေ့ထောင်ဝင်စာကို ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ နိုင်ငံတဝန်းက အကျဥ်းထောင်အများစုမှာပြန်ဖွင့်ပေးလိုက်ပြီဖြစ်လို့ အကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ မနေ့ တနင်္လာနေ့မှာ ပုံမှန်ရိက္ခာထောင်ဝင်စာသာပေးပို့ခွင့်ရပြီး လာမယ့်အပတ်မှာ လူတွေ့ထောင်ဝင်စာရဖို့ လုပ်နေတယ်လို့ ရှေ့နေအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဧည့်ထောင်ဝင်စာမှာ မိသားစုသာတွေ့ခွင့်ရမယ်ဆိုတာကြောင့် မြန်မာနိုင်ငံမှာ မိသားစုဝင် တစ်ဦးမှမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေတွေကသာတွေ့ဆုံနိုင်မယ်လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
'' လူတွေ့ထောင်ဝင်စာရဖို့ သူ့ရှေ့နေတွေ စာတင်ထားတာ ၅ ကြိမ်ရှိပြီ။ စစ်ကောင်စီက တွေ့ခွင့်မပေးသေးဘူး။ အခုက လူတိုင်းတွေ့ခွင့်ရပြီဆိုရင် အန်တီ့( ဒေါ်အောင်ဆန်းစုကြည်) ကိုတွေ့ခွင့်ရမှာဆိုတော့ သူ့ရှေ့နေတွေ စာထပ်တင်တာ။ခွင့်တောင်းတာလုပ်နိုင်မယ် '' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ရိက္ခာပို့ဆောင်ရေးကို သိရှိထားသူတစ်ဦးကပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေအဖွဲ့တို့ လူချင်းတွေ့ဆုံခွင့်မရတာ ၁၀လတာရှိပြီဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတွေအပြောအရ ဧည့်ထောင်ဝင်စာကို ထောင်တစ်ခုမှာ တစ်နေ့ လူဦးရေ ၁၀၀ နဲ့ ၂၅ ဦးစီကို လေးသုတ်ခွဲ ပေးတွေ့မှာဖြစ်ပြီး တစ်လမှာ အကျဥ်းသား/အချုပ်သားတစ်ဦးက မိသားစုဝင်တစ်ဦးသာတွေ့ခွင့်ရှိတယ်လို့ ဆိုပါတယ်။
'' တစ်လမှာ တစ်ကြိမ်ပေးတွေ့မယ်သိထားတယ်။ သန်းခေါင်စာရင်းပါ မိသားစုဝင်တစ်ဦးပဲရမယ်။ တစ်ခါတွေ့ရင်မိနစ် ၂၀ ပဲတွေ့ရမယ်'' လို့ ဧည့်ထောင်ဝင်စာတွေ့ဖို့ရှိတဲ့ အကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
ဧည့်ထောင်ဝင်စာတွေ့ချိန်ကို မနက် ၈ နာရီ ကနေ နေ့လယ် ၂ နာရီအတွင်းသတ်မှတ်ထားပြီး အယောက်ရေသတ်မှတ်ချက်ရှိတာနဲ့ ပြန်လည်ဖွင့်တဲ့အချိန်ဖြစ်လို့ ဧည့်တွေ့လိုသူတွေများပြီးကသောင်းကနင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဥ်းသားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဧည့်ထောင်ဝင်စာတွေ့လိုသူတွေအနေနဲ့ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း ဒါမှမဟုတ် ထောင်ဝင်စာတွေ့မယ့်သူတွေဟာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု ဇယားမူရင်း၊ တပတ် အတွင်းပြုလုပ် ထားတဲ့ ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ မူရင်းနဲ့ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံ စာမူရင်း၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသား အထောက်အထားတွေ ယူဆောင်လာရမယ်လို့ လည်း အကျဉ်းထောင်ရှေ့မှာ ချိတ်ထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထောင်ဝင်စာတွေ့ဆုံခွင့် ပြန်လည်ခွင့်ပြုလိုက်တာဟာ နိုင်ငံတကာ ဖိအားအတွက် ပြယုဂ်တခုဖြစ်ပြီး တွေ့ဆုံနိုင်ဖို့ ကန့်သတ်ချက်တွေများလွန်းတာဟာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံနိုင်ဖို့ အခက်အခဲ ဖြစ်လာနိုင်မယ်လို့လည်း အကျဉ်းသားအရေးကူညီဆောင်ရွက်နေသူတွေက အစောပိုင်းမှာပြောထားကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့အထိ စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅၃၂၄ ဦးရှိပြီး အဲဒီအထဲမှာ ၁၉၆၀၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအထဲက ၇၈၀၆ ဦး ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၀ ရက် အထိ စစ်ကောင်စီကို ဆန့်ကျင်မှုတွေနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၁၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။
မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ဦး ရှိပြီဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ ၅၇၂၁ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားပါတယ်။
တရားမဝင်ခိုးဝင်မှုနဲ့ မြန်မာ ၉ ဦး ထိုင်းမှာ အဖမ်းခံရ
ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်ထဲမှာ ကလေးသူငယ်တွေအပါအဝင် မြန်မာ ၉ ဦးကို တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံ မြန်မာတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးလည်း ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေကို စကားပြန်နဲ့ မေးမြန်းချက်အရ ဒီလူတွေဟာ မြဝတီမြို့ကနေတဆင့်၊ ထိုင်းနိုင်ငံ တက်ခ်ခရိုင်ထဲကို ဝင်ရောက်ပြီး နောက်မှာ ထိုင်းနိုင်ငံသားတွေမောင်းတဲ့ ကား ၂ စီးနဲ့ လိုက်ပါလာချိန် အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ မြန်မာပွဲစားကို ဘတ် ၁ သောင်းစီပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုတော့ သူတို့ကို ရဲတပ်ဖွဲ့က တရားမဝင်ပြည်ဝင်မှုနဲ့ အမှုဖွင့်ထားသလို လိုက်ပို့ပေးတဲ့ ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း နိုင်ငံခြားသားတွေကို တရားမဝင် ပြည်တွင်းပို့ဆောင်သယ်ယူမှုအနေနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေပြို၊ ရေကြီးနိုင်တယ်လို့ မိုးဇလသတိပေး
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း "ဟမွန်း" ဟာ ပိုပြီးအားကောင်းတဲ့အဆင့်ကို ရောက်ရှိနေပြီး အဲဒီမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီး၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလာပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့ "ဟမွန်း" ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိပေမဲ့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုသတိထားဖို့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်ချောင်းငယ်အနီးနေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို သတိထားဖို့ ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာတာပါ။
ဒီနေ့မနက်ကနေ မနက်ဖြန်အထိ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတရံ မိုးသက်လေပြင်းကြပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျရင် ရေပြင်၊
မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက် - အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက်ထပ် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြို့ (Khepupara) နဲ့ စစ်တကောင်းမြို့ (Chittagong) တို့ကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။