ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၅ ရက် ထိပ်တန်းသတင်းများ - ရန်ကုန်၊နေပြည်တော် အပါအဝင်မြို့အများစုမှာ စက်သုံးဆီပြတ်လပ်လို့ ဆိုင်အများစုပိတ်ထား
ရန်ကုန်၊ မန္တလေး၊နေပြည်တော်အပါအဝင် မြို့အများစုမှာ စက်သုံးဆီပြတ်တောက်မှုတွေဖြစ်နေပြီး မနေ့ ဒီဇင်ဘာ ၄ ရက်နဲ့ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်မှာ အဆိုးဆုံးဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ စက်သုံးဆီလက်ခွဲရောင်းချသူတွေကပြောပါတယ်။
ဆီဆိုင်အများစုရဲ့ ကြေညာချက်အရ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်နေပြီဖြစ်တာကြောင့် ဆီဘောက်ဆာကားတွေပြန်ရောက်လာတာနဲ့ရောင်းချပေးမယ်ဆိုပြီး ဆိုင်တွေရှေ့မှာဆိုင်းဘုတ်ထောင်ကြေညာထားကြပါတယ်။
'' ဆီဆိုင်တော်တော်များများတော့ ဆီပြတ်နေပါပြီ။ ကမ္ဘာအေး ဘုရားလမ်းပေါ်က ဆီဆိုင်တစ်ချို့မှာတော့ ဆီရသေးတယ်။ တန်းစီနေတဲ့ ကားတွေကတော့ အများကြီးပဲ။ မြောက်ဒဂုံမှာလည်း မနေ့က ညနေအထိတော့ ဆီဆိုင်တွေမှာ ဝယ်လို့ ရနေသေးတယ်။ အဲဒီဆီဆိုင်တွေမှာတော့ တန်းစီနေရတဲ့ ကားတွေ အများကြီးပဲ။ အခုလို ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ ဆီဆိုင်တွေမှာ ဆီလက်ကျန် နည်းနေတာနဲ့ ဆီမရှိတော့တာကြောင့်ပါ'' လို့ ရန်ကုန်မြို့ခံတစ်ဦးက သူစက်သုံးဆီရဖို့ကြိုးစားရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
အရင်က ဆိုင်တစ်ဆိုင်ကို တစ်ပတ်စာ ဆီခွဲတမ်းအတွက်တစ်ပေါင်းတည်းပေါင်းထုတ်ခွင့်ပေးထားပေမဲ့ အခုစနစ်သစ်အရ ၃ ရက်တစ်ခါပေါင်းထုတ်လို့ရတဲ့ ဆီကို တစ်ရက်စာချင်းခွဲထုတ်နေ ရတဲ့အတွက် ကုန်ကျစရိတ်ပိုများလာသလို ဆီအလျဉ်မမီပဲ ဆီပြတ်လပ်မှုတွေဖြစ်လာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
'' သူတို့မှာဆီမရှိတာပေါ့။ အဲဒီတော့ အခုလို တစ်ရက်ချင်းစီကို ဂါလံနည်းနည်းနဲ့ ခွဲပေးနေတော့ ရန်ကုန်ကနေ မန္တလေးကိုသွားရတဲ့ဆီတွေက ကုန်ကျစရိတ်တွေတက်တယ်။အချိန်တွေကုန်တယ်။ မန္တလေးမှာဆို ဆိုင်တော်တော်များများပိတ်ထားလိုက်ကြရပြီ'' လို့ ဆီလက်ခွဲရောင်းချတဲ့လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ စက်သုံးဆီဆိုင်တွေမှာ နိုင်တီတူး - 92၊နိုင်တီဖိုက် - 95 ပရီမီယာဓာတ်ဆီနဲ့ ဒီဇယ်ဆီအားလုံး ဝယ်ယူမရတဲ့အခြေအနေဖြစ်နေတာပါ။
တချိန်တည်းမှာပဲ စက်မှုဇုန်တွေအနေနဲ့ လည်း ကိုယ်တိုင်ဆီတင်သွင်းရမယ့် မူဝါဒကြောင့် ကျသင့်ငွေမှာ ပြင်ပ လက်ကားပေါက်ဈေးထက် တစ်လီတာကို ခန့်မှန်းခြေ ကျပ် ၄၅၀ ကနေ ၅၀၀ ကျပ်ခန့်အထိ ပိုမိုကျသင့်နိုင်လို့ အမှန်တကယ်လိုအပ်တဲ့ ပမာဏကိုသာဝယ်ယူဖို့ ကုန်သည်စက်မှုအသင်းက ဆော်သြနေပြီး မှာပြီးရင်လည်း မယူမနေရဖြစ်တယ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီတွေမပြတ်လပ်ဖို့ အလုံအလောက်ဖြန့်ဖြူးနေတယ်လို့သာ ထုတ်ပြန်နေတာပါ။
ကော့ကရိတ်မှာ တိုက်ပွဲကြား ဒေသခံတွေ ဆက်ပြီးပိတ်မိနေ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်က ပစ်ခတ်မှုတွေဆက်ဖြစ်နေပြီး ဒေသခံတွေလည်းမြို့ထဲမှာ ဆက်ပြီးပိတ်မိနေဆဲလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တချို့ကပြောပါတယ်။ ကော့ကရိတ်မြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီဇင်ဘာလ ၁ ရက်နေ့ ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေကို မြို့တွင်းကယ်ဆယ်ရေးအဖွဲ့ဝင်တွေက လှိုင်ဝတံတားအနီးကို လိုက်ပို့ပေးပြီး အဲဒီကနေမှ မြို့ပြင်ကယ်ဆယ်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး လှိုင်ဝတံတားအနီးမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် မြို့ခံတွေပိတ်မိနေတာလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“တိုက်ပွဲကတော့ ခဏနားလိုက်၊ ဖြစ်လိုက်ပဲ။ အခုလည်း ကော့ကရိတ်နဲ့ ကျုံဒိုးကြားမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ကျွန်တော်တို့ ရသလောက်တော့ မြို့ထဲကနေ သက်ကြီးရွယ်အိုတွေရော လေဖြတ်ထားတဲ့လူနာတွေကိုရော ကယ်ထုတ်နေရတုန်းပဲ”လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောခဲ့တာပါ။
ကော့ကရိတ်မြို့ထဲကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရတာတွေရှိသလို အသက်သေဆုံးသွားတဲ့သူတွေလည်း မြို့ထဲမှာ ကျန်နေသေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ကော့ကရိတ်ကနေ နဘူးတံခွန်တိုင်ရွာဘက်၊ ဘားအံမြို့ပေါ်နဲ့ ပိုင်ကျုံမြို့၊ ဒုံးရင်းမြို့တို့အပြင် သာမညတောင်ပေါ်နဲ့ မြဝတီမြို့ဘက်ကို ထွက်ပြေးခိုလှုံနေကြရပြီး စစ်ရှောင် ၁၅,၀၀၀ ကျော်ရှိနေပြီလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဘားအံမြို့ကို စစ်ရှောင်လာသူအရေအတွက်များလွန်းတာကြောင့် နေရာအခက်အခဲဖြစ်နေတာတွေရှိပြီး စစ်ရှောင်တွေထဲမှာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရတဲ့သူတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးနဲ့ လိုအပ်တဲ့အကူအညီတွေပေးနေတယ်လို့ ဘားအံက လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မြဝတီ-ကော့ကရိတ်ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို ဖြတ်သန်းခွင့်ပိတ်ထားပြီး စစ်ရှောင်တွေကိုလည်း စစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့်ပြုတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ကော့ကရိတ်မြို့ခံတွေကို KNLA ဘက်နဲ့ စစ်ကောင်စီနှစ်ဖက်စလုံးက မြို့ထဲကနေ ပြောင်းရွှေကြဖို့ တိုက်တွန်းခဲ့ပေမယ့် မြို့ခံတွေကတော့ လူမှုကွန်ရက်ပေါ်မှာသာ ပြန့်နှံ့ခဲ့တဲ့ထုတ်ပြန်ချက်တွေဖြစ်တာကြောင့် သတိမထားခဲ့မိဘူးလို့ ဘီဘီစီကိုပြောပါတယ်။
ကော့ကရိတ်တိုက်ပွဲနဲ့ပတ်သက်လို့ KNLA ဘက်ရော စစ်ကောင်စီဘက်ကရော တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
လောက်ကိုင်ဒကစအနီး စစ်တပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်နေ
လောက်ကိုင်မြို့ပြင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) အနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား နှစ်ရက်ကြာ တိုက်ပွဲပြင်းထန်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၃ ရက် မနက် ၁၀ နာရီဝန်းကျင်ကစလို့ ကိုးကန့်တပ်ဘက်ကနေ လောက်ကိုင်မြို့ပြင်မှာရှိတဲ့ လေးမျက်နှာစေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီလောက်အထိ နှစ်ဖက်အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
လောက်ကိုင် ဒကစ ကို စီးမိုးထားတဲ့ အဲဒီနေရာဟာ စစ်ရေးဗျူဟာအရအရေးပါတဲ့အတွက် စစ်ကောင်စီဘက်ကလည်း အင်အားကောင်းကောင်းနဲ့ ခုခံနေလို့ ဒီဇင်ဘာ ၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတုန်းပဲလို့ သိရပါတယ်။
အဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကိုးကန့်ဒေသမှာ လောက်ကိုင် နဲ့ တာရွှေထန်တပ်စခန်းတွေကိုပဲ သိမ်းယူဖို့ကျန်တော့တယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောပါတယ်။
မြန်မာစစ်တပ် အနှစ် ၂၀ ကျော်ကြာ တပ်စွဲထိန်းချုပ်ထားနိုင်ခဲ့တဲ့ ကုန်းကြမ်းမြို့နယ်က အကြီးဆုံးတပ်စခန်းကို ကိုးကန့်တပ်က ငါးရက်ကျော်ကြာတိုက်ခိုက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတစ်ရင်းလုံးအပါအဝင် တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ စုစုပေါင်း အယောက် ၂၇၀ ကျော် လက်နက်ချခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ကုန်းကြမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှာဖွေနေတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
မတ္တရာမှာ စစ်တပ်လက်နက်ကြီးထိလို့ အရပ်သား ဇနီးမောင်နှံ ၂ ဦး ထိခိုက်ဒဏ်ရာရ
မန္တလေးတိုင်း မတ္တရာမြို့အနောက်ပိုင်း က ဝန်စုရွာနဲ့ ရွာသစ်ကို ဒီဇင်ဘာ ၄ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသစ်ကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး ရွာခံဇနီးမောင်နှံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ အသက် ၄၀ အရွယ်အဲဒီ ဇနီးမောင်နှံရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ လက်နက်ကြီးစတွေထိမှန်တာလို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကုန်းရွာနဲ့ ရှမ်းမြောင်းရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ ရက်ညပိုင်းက တိုက်ပွဲဖြစ်တာမရှိဘဲ အနီးဝန်းကျင် ရွာတွေကို အကြောင်းမဲ့ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မတ္တရာမြို့ အနောက်ဘက် သုံးမိုင်အကွာ ဝန်စုရွာနဲ့ ရွာသစ်ရွာတွေထဲ ကျရောက် ပေါက်ကွဲတာလို့ ဆိုပါတယ်။
လက်ရှိမှာ မတ္တရာမြို့ပေါ် အမှတ် ၃ ရက်ကွက်တစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်ဘက်က အင်အားခိုင်ခိုင်မာမာနဲ့ တပ်စွဲထားပြီး အဲဒီမြို့ပေါ်ကလွဲရင် မတ္တရာရဲ့ ကျန်တဲ့နေရာတွေကိုတော့ တအာင်းတပ် (TNLA) နဲ့ မန္တလေးကာကွယ်ရေးတပ်(MDY PDF) ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မတ္တရာနယ် အရှေ့ခြမ်း ဆိပ်သာကျေးရွာက ပြည်သူ လေးဦးနဲ့ ရှားစေးချက် ကျေးရွာက ပြည်သူတစ်ဦး၊ စုစုပေါင်း ငါးဦး ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
နိုဝင်ဘာလတုန်းကလည်း မတ္တရာမြို့အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား ၃ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်ကနေ ကင်းရွာဘက်ခြမ်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ္တရာမြို့နယ်ထဲစစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် လက်ဝဲကြီး၊ လမိုင်း၊ မန်ကျည်းကုန်း၊ အောင်ချမ်းသာ၊ မြောက်ဦး၊ ကင်း၊ စခန်းသာ၊ ကျောက်ဆည်လေး၊ ဇီးဖြူပင်၊ ကြာပင်၊ ကျွန်းပင်၊ သဖန်းကိုင်းနဲ့ အုန်းလွတ် စတဲ့ ကျေးရွာတွေက ဒေသခံ (၈၀၀၀)ကျော် တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။
သု၀ဏ္ဏမြို့မရဲစခန်း ပြင်းအားမြင့်မိုင်းနဲ့ဖောက်ခွဲခံရ
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မရဲစခန်းနားမှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်မနက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီက ရဲစခန်းရှိတဲ့တဝိုက်ကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
အနောက်ပိုင်းခရိုင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ) ကတော့ မဟာမိတ်တွေနဲ့ပေါင်းပြီး စစ်ကောင်စီရဲ့ သု၀ဏ္ဏမြို့မရဲစခန်းကို ပြင်းအားမြင့် မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒီမနက်ပိုင်းမှာထုတ်ပြန်ပါတယ်။
''သုဝဏ္ဏရဲစခန်း နားဗုံးပေါက်တာ အကျယ်ကြီးပဲ၊ ပေါက်ကွဲပြီးတာနဲ့ စစ်တပ်က ကားလမ်းတွေပိတ်လိုက်တယ်။ပိတ်တာက သုဝဏ္ဏ ရဲစခန်းနားကနေ ပေါ်ဆန်းမွှေးမရောက်ခင်ပဲ၊နောက်ပြီး သင်္ဃန်းကျွန်း စံပြစျေးဘက်ကနေတက်လာတဲ့ ကားတွေလည်းပိတ်တယ်။ သံသုမာလမ်းတောက်လျှောက်လည်းကားတွေပိတ်တယ်'' လို့ သုဝဏ္ဏမြို့ခံ တစ်ဦးကပြောပါတယ်။
စစ်တပ်က မနက် ၉ နာရီခွဲ အထိ အဲဒီတဝိုက်ကို လမ်းပိတ်ခဲ့ပြီး ဗုံးထပ်မံရှိ၊ မရှိ စစ်ဆေးတဲ့ပုံစံနဲ့ လမ်းတွေအားလုံးကို စစ်ကားတွေနဲ့ ပိတ်ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့မနက်ပိုင်းက သာကေတနဲ့ ဗဟန်းမြို့နယ်ဦးချစ်မောင်လမ်းတဝိုက်တွေမှာလည်း ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ အဲဒီမြို့နယ်ထဲ နေထိုင်သူတွေကပြောပါတယ်။
ခွင့်မဲ့ စစ်ပြေးစစ်သည်တွေကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီပြော
စစ်တပ်အင်အားချိနဲ့လာတဲ့ အခြေအနေလို့ စစ်တပ် CDM အသိုင်းအဝိုင်းသုံးသပ်
ခွင့်မဲ့၊ စစ်ပြေးဖြစ်နေတဲ့ စစ်သည်တွေ ၊ စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေး အခြေအနေအရ တပ်မတော်က ထွက်ခွင့်ရထားတဲ့ စစ်သည်တော်ဟောင်းတွေက ဒီကနေ့ဖြစ်နေတဲ့အခြေအနေတွေအရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လိုတယ်ဆိုပြီး ဆက်သွယ်လာတယ်လို့ စစ်ကောင်စီကသူတို့ရဲ့ ပုံမှန်သတင်းထုတ်ပြန်ချက်မှာထည့်ပြောပါတယ်။
စစ်ကောင်စီအပြောအရ ဆက်သွယ်လာတယ်ဆိုပြီး ဆန္ဒပြုသူ (၅၀၀)ကျော်လောက်ရှိတယ်ဆိုသလို သာမန်ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကိုတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ မတိုင်ခင်အထိ ခွင့်မဲ့ပျက်ကွက်ကြေညာထားခံရတဲ့သူတွေကိုလည်း ခွင့်မဲ့ပျက်ကွက်နဲ့သာသတ်မှတ်ပြီး ပြန်လက်ခံသွားမယ်လို့ လည်းပြောထားပါတယ်။
'' စစ်ဆင်ရေးတာဝန်၊ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ချင်ပါတယ်ဆိုပြီး စာရေးပြီးဆန္ဒပြုလာတာတွေ၊ တပ်မှူးတွေနဲ့ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုလာတာတွေကို အများအပြားပြုလုပ်ခဲ့ပါတယ်'' လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက် က နိုင်ငံတော်ကာကွယ်ရေးအတွက်ဆိုတဲ့ အကြောင်းအရာနဲ့ စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေးအခြေအနေကြောင့် စစ်တပ်ကထွက်ထားတဲ့စစ်သည်တွေအပြင် ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေထဲက သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့စစ်သည်တွေကို နီးစပ်ရာတပ်တွေမှာ တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အနေနဲ့ အရင်ကာလတွေက ပြစ်မှုရှိပြီးသာ စစ်သည်တွေကို အခုလို ပြန်ပြီး တာဝန်ထမ်းဆောင်ခိုင်းတာမျိုးမရှိခဲ့သလို ၊ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့ သူတွေဟာ စစ်ထဲ ပြန်ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ စစ်တပ် CDM အသိုင်းအဝိုင်းက ထောက်ပြပါတယ်။ အခုလို စစ်တပ်ဘက်က ခွင့်မဲ့၊စစ်ပြေးတွေကို ပြန်ခေါ်တဲ့ အခြေအနေက စစ်တပ်အင်အားချိနဲ့လာတာကို ပြနေတယ်လို့ စစ်တပ် CDM အသိုင်းအဝိုင်းကပြောပါတယ်။
စစ်ကောင်စီဘက်က ပေါက်ကြားလာတဲ့ ကြေးနန်းစာတစ်ချို့အရ စက်တင်ဘာလကနေစပြီး စစ်တပ်ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တစ်လမှာ တပ်သားသစ် တစ်ဦးနှုန်းနဲ့ တစ်နှစ်ကို တပ်သားသစ် ၁၂ ဦးရအောင် စုဆောင်းရရှိဖို့ နဲ့ တပ်သားသစ်မရရှိခဲ့ရင် တပ်ရင်းတပ်ဖွဲ့မှူး၊ ဌာနခွဲမှူးတွေကို အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်ထားတာကို တွေ့ရပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ထုတ်ပြော
နိုင်ငံတဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ပတ်သက်လို့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြောလာပါတယ်။
စစ်ကောင်စီ ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေပါဝင်တဲ့ မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
‘’လက်နက်ကိုင်အဖွဲ့တွေ ဆက်မိုက်တွင်းနက်နေရင် မိုက်တွင်းနက်တဲ့ ဒဏ်ကို ဒေသရှိပြည်သူတွေပဲ ခံစားရမယ်’’ လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
နိုင်ငံရေးနည်းလမ်းအရ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာတွေကို ပြောသွားတာမတွေ့ရဘဲ တိုက်ပွဲတွေကြောင့် လမ်းတံတားနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးရတဲ့အခြေအနေတွေကို ပြောရင်းနဲ့ ထည့်ပြောသွားတာ ဖြစ်ပါတယ်။
‘’ကမ်းလှမ်းချက်အသစ်တွေ ထည့်ပြောသွားတာမတွေ့ရဘူး။ စစ်ကောင်စီသွားနေတဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ တိုင်းရင်သားလက်နက်ကိုင်တွေတောင်းဆိုနေတဲ့ အချက်တွေအားလုံးပါဝင်ပြီးသားလို့ ပြောသွားတယ်။ လက်နက်ကိုင်တွေအနေနဲ့ စိတ်ဝင်စားဖို့ခက်မယ်’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
ဒို့တာဝန်အရေးသုံးပါး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအထိုင်ပေါ်မှာရပ်ပြီး ပြောသွားတာကိုတွေ့ရတယ်လို့ သူက ဆက် ပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တပ်စခန်းရာဂဏန်းကျော် သိမ်းပိုက်ခံရပြီးတဲ့နောက် ခွင့်မဲ့စစ်ပြေးစစ်သည်တွေကိုပါ ပြန်လက်ခံတဲ့အခြေအနေမှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာတာ လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့တိုက်ပွဲတွေအပြင် ကယားပြည်နယ်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNPP နဲ့ တိုက်ပွဲတွေအကြောင်း၊ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် အေအေ နဲ့တိုက်ပွဲတွေအကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
မနှစ်တုန်းက ဧပြီလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပွဲကို ရောက်မလာခဲ့တာ တွေ့ရပါတယ်။