တရုတ်နိုင်ငံက သမိုင်းဝင် မင်းနန်းဆက် မျှော်စင်ဗိမာန် အမိုးပြိုကျ

    • ရေးသားသူ, တာရိခ် ဟက်ဘ်တေ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်က ဆယ်စုနှစ်နဲ့ချီ သက်တမ်းရှိတဲ့ မျှော်စင်ဗိမာန်တစ်ခုရဲ့ ခေါင်မိုးကနေ အုတ်ပြားတွေ ရာပေါင်းများစွာ ပြုတ်ကျခဲ့ပြီး အဲဒီနေရာကို လာတဲ့ ဧည့်သည်တွေအနားက မြေပြင်ပေါ် ကျကွဲခဲ့ပါတယ်။

ခေါင်မိုး အတန်းလိုက် ပြိုကျခဲ့ရာမှာ အနားမှာရှိတဲ့ လူအတော်များများ ပွတ်ကာသီကာ လွတ်သွားခဲ့တာကို မျက်မြင်သက်သေတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ဦးမှ မရှိခဲ့ကြောင်း ဖန်းယန်ခရိုင် ယဉ်ကျေးမှုနဲ့ ခရီးသွား ဗြူရိုရဲ့ ကြေညာချက်ကို ဒေသန္တရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အကြီးဆုံးမျှော်စင်ကြီးလို့ ဆိုတဲ့ Drum Tower အိုးစည်မျှော်စင်ဗိမာန်ကို မင်း နန်းဆက် ကာလ ၁၂၇၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမြ့ ၁၉၉၅ ခုနှစ်မှာ အကျယ်တဝင့် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

အဲဒီမျှော်စင်ဗိမာန် ရှိရာ ခရိုင်ဟာ ဘေဂျင်းမြို့တော်ကနေ မိုင် ၂၀၀ အကွာလောက်မှာ ရှိပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီဖြစ်ကြောင်း ခရိုင်တာဝန်ရှိသူတွေက ဝီချက် လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။

ဖန်းယန်ခရိုင်ဟာ မင်း နန်းဆက်ကို တည်ထောင်ခဲ့သူ ဟောင်ဝူး ဧကရာဇ် ဂျူး ယွန်ဂျန်းရဲ့ ဇာတိဒေသအဖြစ် နာမည်ကြီးပါတယ်။

အဲဒီဖြစ်ရပ်အပြီး ဒေသန္တရ အာဏာပိုင်တွေက အခင်းဖြစ်ရာနေရာကနေ ရပ်ကြည့်နေသူတွေကို ဖယ်ရှားရှင်းလင်းခဲ့ပြီး အဲဒီနေရာကို ပတ်ပတ်လည် ကာရံထားလိုက်တယ်လို့ သိရပါတယ်။ ပြန်လည်ပြင်ဆင်မှု စီမံကိန်းရဲ့ ဒီဇိုင်းနဲ့ ပြန်လည်တည်ဆောက်မှုကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနနဲ့ စိစစ်ရေး လုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့အတွက် ကျွမ်းကျင်သူတွေနဲ့အတူ ကြီးကြပ်ရေးအဖွဲ့တွေကို အခင်းဖြစ်ရာနေရာဆီ စေလွှတ်ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ပြန်လည် ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ အဲဒီမျှော်စင်ဗိမာန်ကို ပိတ်ထားမှာ ဖြစ်ပြီး မျှော်စင်ဗိမာန် ပြန်ဖွင့်မယ့်ရက်ကို နောက်ရက်တွေမှာ ကြေညာမှာ ဖြစ်ပါတယ်။